လီဗာပူးအသင်းနှင့်နောက်ဆုံးဘောလုံးရာသီဖြစ်လာနိုင်ပြီး သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှု မရှိသေးကြောင်း ဆာလက်ချ်ပြောကြား
လန်ဒန် စက်တင်ဘာ ၂
လီဗာပူးအသင်း အဓိကတိုက်စစ်ကစားသမား ဆာလက်ချ်က ယခုဘောလုံးရာသီသည် လီဗာပူး အသင်းနှင့်အတူ နောက်ဆုံးဘောလုံးရာသီဖြစ်လာနိုင်ပြီး လက်ရှိအချိန်ထိ သက်တမ်းတိုးစာချုပ်အတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာမရှိသေးကြောင်း မန်ယူအသင်းနှင့်ကစားသည့်ပွဲစဉ်အပြီးတွင် ပြောကြားခဲ့သည်။
အသက် ၃၂ နှစ်အရွယ် ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်း ရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံးရာသီတိုင်းတွင် အကောင်းဆုံးခြေစွမ်းပြနိုင်ကာ လီဗာပူး အသင်း ချန်ပီယံဆုဖလားများ ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိကကစားသမားအဖြစ် ပါဝင်ပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု အပါအဝင် တစ်ဦးချင်းဆုတံဆိပ်များစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
ဆာလက်ချ်သည် ပြီးခဲ့သည့်နွေရာသီကစားသမား အပြောင်းအရွှေ့ကာလနှင့် ယခုနွေရာသီကစားသမား အပြောင်းအရွှေ့ ကာလတို့တွင် အသင်းမှထွက်ခွာမည့်သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် ခဲ့သော်လည်း အသင်းမှထွက်ခွာခြင်း မရှိသေးဘဲ ယခုဘောလုံးရာသီတွင် ဆက်လက်ကစားခဲ့ခြင်းဖြစ်သည်။
ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီအကုန်တွင် ကုန်ဆုံးမည် ဖြစ်သော်လည်း လီဗာပူးအသင်းဘက်မှ သက်တမ်း တိုးစာချုပ်အတွက် ကမ်းလှမ်းမှုတစ်စုံတစ်ရာမရှိ သေးကြောင်း ဆာလက်ချ်က အတည်ပြုပြောကြားခဲ့သည်။
ဆာလက်ချ်က "ဒီဘောလုံးရာသီက လီဗာပူးအသင်းမှာ နောက်ဆုံးကစားတဲ့ရာသီ ဖြစ်လာနိုင်ပါတယ်။ အခုချိန်ထိတော့ အသင်းက သက်တမ်းတိုးစာချုပ်အတွက် တစ်စုံတစ်ရာကမ်းလှမ်းထားတာ မရှိသေးပါဘူး။ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် အသင်းပေါ်မှာပဲမူတည်တာပါ။ ဒီရာသီက ကျွန်တော့်ရဲ့ နောက်ဆုံးရာသီ ဖြစ်လာနိုင်ပါတယ်" ဟု ပြောသည်။
ဆာလက်ချ်သည် ယခုဘောလုံးရာသီတွင်လည်း အကောင်းဆုံးခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် သုံးပွဲကစားပြီးချိန်တွင် နှစ်ဂိုးသွင်းယူထားကြောင်း သိရသည်။
Ref;Fabrizio Romano