ချယ်လ်ဆီးအသင်းက တိုက်စစ်ကစားသမား ဂျက်ဆင်ကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်ကြောင်း အတည်ပြုကြေညာ
လန်ဒန် စက်တင်ဘာ ၂
ချယ်လ်ဆီးအသင်းက အသင်းတိုက်စစ်ကစားသမား ဂျက်ဆင်ကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ဂျက်ဆင်သည် ၂၀၂၃ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလက ဗီလာရီးယဲလ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ကာ ပြီးခဲ့သည့်ဘောလုံးရာသီက နည်းပြဟောင်း ပိုချက်တီနိုလက်အောက်တွင် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိခဲ့သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း နည်းပြမာရက်စ်ကာ လက်အောက်တွင် အဓိက ကစားသမားအဖြစ် ပွဲထွက်ခွင့်ရရှိနေသူဖြစ်သည်။
ဂျက်ဆင်သည် အစောပိုင်းက အဆုံးသတ်ပိုင်းလိုအပ်ချက်များကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် အသင်းနှင့် အကောင်းဆုံးခြေစွမ်းပြနိုင်ပြီး ပြီးခဲ့သည့်ဘောလုံးရာသီက ပြိုင်ပွဲစုံ ၄၄ ပွဲ ပါဝင်ကစားခွင့် ရရှိခဲ့ကာ ၁၇ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်နိုင်သကဲ့သို့ ယခုဘောလုံးရာသီတွင်လည်း လေးပွဲကစားပြီးချိန်တွင် တစ်ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားနိုင်ခဲ့သည်။
ချယ်လ်ဆီးအသင်းသည် အသင်းမှကစားသမားများကို သက်တမ်းတိုးစာချုပ်ချုပ်ဆိုရာတွင် ကာလရှည် သက်တမ်းတိုးစာချုပ်များ ချုပ်ဆိုခဲ့ပြီး ဂျက်ဆင်မတိုင်မီကလည်း ကိုးလ်ပယ်မာကို ၂၀၃၃ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။
Ref;Bein Sports