မြန်မာ့လက်ရွေးစင်အသင်း Mitsubishi Electric Cup 2024 ပြိုင်ပွဲမတိုင်မီ စင်ကာပူအသင်း၊ လက်ဘနွန်အသင်းတို့နှင့် ခြေစမ်းပွဲကစားမည်
ရန်ကုန် စက်တင်ဘာ ၂
မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် Mitsubishi Electric Cup 2024 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် လာမည့်နိုဝင်ဘာလအတွင်း စင်ကာပူအသင်း၊ လက်ဘနွန်အသင်းတို့နှင့် ခြေစမ်းပွဲစဉ်များ အသီးသီး ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့လက်ရွေးစင်အသင်းတွင် ဂျာမနီလူမျိုးနည်းပြ ဖိုက်တန်ဘိုင်နာနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိတွင် နည်းပြလစ်လပ်နေပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က လစ်လပ်နေသည့် နည်းပြရာထူးအတွက် မကြာမီခန့်အပ်နိုင်ရန် ကြိုးပမ်းလျက်ရှိနေသည်။
မြန်မာ့လက်ရွေးစင်အသင်းသည် နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် နိုဝင်ဘာလ ၁၇ ရက်တွင် စင်ကာပူအသင်းနှင့်လည်းကောင်း၊ နိုဝင်ဘာလ ၁၉ ရက်တွင် လက်ဘနွန်အသင်းနှင့်လည်းကောင်း အသီးသီးကစားသွားမည်ဖြစ်သည်။
Mitsubishi Electric Cup 2024ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို လာမည့် ဒီဇင်ဘာလ ၈ ရက်မှစတင်ကာ ဒီဇင်ဘာလ ၂၁ရက်ထိကျင်းပသွားမည်ဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှားအသင်း၊ ဖိလစ်ပိုင် အသင်း၊ လာအိုအသင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိနေသည်။
မြန်မာ့လက်ရွေးစင် အသင်းသည် အုပ်စုပွဲစဉ်များအဖြစ် အိမ်ကွင်းတွင် နှစ်ပွဲနှင့် အဝေးကွင်းတွင် နှစ်ပွဲ ကစားသွားရမည်ဖြစ်ပြီး ဒီဇင်ဘာလ ၉ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် အိမ်ကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် အဝေးကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၁၈ ရက်တွင် လာအိုအသင်းနှင့် အိမ်ကွင်းတွင်လည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်တွင် ဗီယက်နမ်အသင်းနှင့် အဝေးကွင်းတွင် လည်းကောင်း အသီးသီး ကစားသွားရမည် ဖြစ်ကြောင်း သိရသည်။
စည်သူအောင်