ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကမ္ဘာကြီးပူနွေးမှုလျှော့ချရေးအတွက် လက်ရှိတွင် လျှပ်စစ်ကား ၁၉ဝဝ ခန့်သာ သုံးစွဲလျက်ရှိသော်လည်း ၂ဝ၃ဝ ပြည့်နှစ်တွင် အစီးရေ ၄ဝဝဝဝ အထိ တိုးချဲ့ရန်စီမံထားသည်။ ဤသည်မှာ ဓာတ်ငွေ့နှင့်ရေနံချမ်းသာသော UAE နိုင်ငံ၏ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ် များကို ပိုမိုအသုံးချပြီး ကာဗွန်လျှော့ချရေး ဦးတည်နေမှုကို ဖော်ပြခြင်းဖြစ်သည်။

UAE နိုင်ငံတွင် ရေချိုအရင်းအမြစ်အလွန်ရှားပါးသည်။ ရေချိုရရန် ပင်လယ်ရေကို ချက်လုပ်၍ သုံးစွဲခြင်း (Desalination) နည်းနှင့် မြေ အောက်ရေကိုထုတ်ယူသုံးစွဲခြင်းဟူသော နည်းနှစ်မျိုးကို အဓိကသုံးနေရ သည်။

ပင်လယ်ရေငန်ကို ပြုပြင်ချက်လုပ်သော စက်ရုံကိုးရုံရှိသည်။ ဖက်စပ် စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေသည်။ ရှယ်ယာ ၄ဝ ရာခိုင်နှုန်း အထိ ပုဂ္ဂလိကကို ပိုင်ဆိုင်ခွင့်ပေးထားသည်။ UAE နိုင်ငံ၏ ပင်လယ်ရေ ချက်လုပ်သုံးစွဲနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ကုဗမီတာ သန်း ၁၇၅ဝ အထိရှိရာ မှ ၂၀၂၅ ခုနှစ်တွင် ကုဗမီတာ သန်း ၅၀၀၀ အထိရှိလာမည်ဟု ခန့်မှန်း ထားသည်။ ၉၀ ရာခိုင်နှုန်းသော Abu Dhabi ၏ မြေအောက်ရေမှာ ဆားငန်ရည်သာဖြစ်နေသည်။ နိုင်ငံသည် နှစ်စဉ် ရေကုဗမီတာ သန်း ၂ဝဝဝ ခန့် မြေအောက်မှ ထုတ်ယူသုံးစွဲနေရသည့်အတွက် မြေအောက် ရေချိုလည်း ရှားပါးလျော့နည်းလာသည်ဟု ဆိုသည်။

Abu Dhabi ၏ ရေသုံးစွဲမှုမှထွက်ရှိလာသောရေဆိုးမှာ နေ့စဉ် ကုဗမီတာ ၅၅၀၀၀၀(ဂါလန် သန်း ၁၂၀)ခန့်အထိ ရှိနေသည်။ ဤရေအား လုံးကို ရေသန့်စက်ရုံ ၂ဝ ဖြင့် သန့်စင်ပြီး စိုက်ပျိုးရေအဖြစ် အဓိက သုံးနေသည်။ UAE နိုင်ငံ၏ နှစ်စဉ်ရရှိသောရေချို၏ ထက်ဝက်ခန့်မှာ နိုင်ငံစိမ်းလန်းစိုပြည်ရေးနှင့် စိုက်ပျိုးရေးအတွက် သုံးနေရသည်။ ကျန် ထက်ဝက်မှာ လူသောက်သုံးရန်ဖြစ်သည်။

သောက်သုံးရေ၊ စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေး သုံးမျိုးပေါင်း လူတစ်ဦး တစ်ရက် ရေသုံးစွဲနှုန်းမှာ လီတာ ၆၅၀ ရှိသည်။ ဤရေကို ဖြည့်ဆည်းနိုင်မည့် ပြန်လည်ပြည့်ဖြိုးမြဲစီးဆင်းနေသည့်မြစ်တစ်စင်းမျှ UAE နိုင်ငံတွင်မရှိပါ။ ပါရှန်ပင်လယ်ကွေ့ (Persian Gulf)၊ အိုမန် ပင်လယ်ကွေ့ (Oman Gulf) စသည့်ပင်လယ်များသည်သာ UAE နိုင်ငံအတွက် အဓိကရေဖြစ်သည်။ ကာဗွန်လျှော့ချရေးတွင် ပြန်လည်ပြည့်ဖြိုးမြဲရေကိုသုံး၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ခြင်းသည် ကမ္ဘာတွင် အခြေခံ လုပ်ငန်းတစ်ခု အဖြစ် ခံယူထားကြသည်။

ပြန်လည်ပြည့်ဖြိုးမြဲစီးဆင်းနေသည့် မြစ်ချောင်းမရှိသည့် နိုင်ငံတစ်နိုင်ငံ မှ ရေအားလျှပ်စစ် ထုတ်လုပ် သုံးစွဲမှုမှာ စိတ်ဝင်စားစရာအလွန်ကောင်းသည်။ ပင်လယ်ထဲမှရေကို Pump သုံး၍ အပေါ်တင်၊ အပေါ်ရောက်ပါက လျှပ်စစ်အသုံးအများဆုံးအချိန်တွင် အောက်သို့ဖွင့်ချပြီး Turbine ကိုလည်ပတ်စေ သည့် Pump Storage Type Hydropower Plant တည်ဆောက်သည်။ မဂ္ဂါဝပ် ၂၅၀ ရှိသည်။ ပြန်လည်ပြည့်ဖြိုးမြဲရေအရင်း အမြစ်မရှိ၍ နိုင်ငံစိမ်းလန်းစိုပြည်ရေးနှင့် ပြည်သူသောက်သုံးရေရရှိရေး အတွက် ပင်လယ်ရေကိုပြုပြင်ပြီး ရေချိုလုပ်ကာ သုံးစွဲနေရသည့်နိုင်ငံ အတွက် ရေချိုတစ်စက်သည် အလွန်တန်ဖိုးရှိနေမည်မှာ သေချာပါသည်။

အခန်း(၄)

အီဂျစ်နိုင်ငံ၏ရေအသုံးချမှု

အီဂျစ်နိုင်ငံသည် အနောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသကို ဆက်စပ်ပေးထားသော နိုင်ငံဖြစ် သည်။ လူဦးရေမှာ ၂၀၁၉ ခုနှစ်စာရင်း အရ ၁ဝဝ ဒသမ ၄ သန်းရှိသည်။ နိုင်ငံ၏ ၉၇ ရာခိုင်နှုန်းခန့်ကို သဲကန္တာရက ဖုံးလွှမ်းထားသည်။ ၃ ရာခိုင်နှုန်းခန့်သာရှိသော မြေဧရိယာ တွင်သာ စိုက်ပျိုးရေး လုပ်နိုင်သည်။ လူဦးရေနှင့်အချိုးချကြည့်ပါက လူရှစ်ဦးအတွက် စိုက်ပျိုးမြေ တစ်ဧကခန့်သာ ရရှိနေသည့် သဘောဖြစ်သည်။ မြန်မာနိုင်ငံတွင် စပါးတစ်မျိုးတည်းပင်လျှင် လူသုံးဦးကို တစ်ဧက နှုန်းစိုက်ပျိုးနိုင် သည့်အတွက် မိမိတို့ကံကောင်းသည်ဟု ဆိုနိုင်သည်။

အီဂျစ်နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်အပေါ် အခြေခံ ရပ်တည်သည်ဟုဆိုလျှင် ယုံရန် အတော်ခက်ခဲသည်။ အီဂျစ်နိုင်ငံ၏စီးပွား ရေးမှာ ချည်မျှင်ရှည်ဝါ၊ ပြောင်း၊ ဆန်၊ ဂျုံ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ ခရမ်း ချဉ်နှင့် ကြံအထူးစိုက်ပျိုးပြီး အများစုမှာ ပြည်ပပို့ကုန်ဖြစ်သည်။ ရှေးဟောင်း ပိရမစ်နှင့် ရုပ်တုကြီးများကြောင့်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး သည်။

အီဂျစ်နိုင်ငံတွင် လက်ညှိုးထိုးပြစရာ ပြန်လည်ပြည့်ဖြိုးမြဲစီးဆင်းနေ သောမြစ်မှာ နိုင်းမြစ် (Nile River) တစ်စင်းသာရှိသည်။ နိုင်းမြစ်သည် အာဖရိက၏အကြီးဆုံး မိခင်မြစ်ကြီးဖြစ်သလို ကမ္ဘာ့နံပါတ်(၂) အရှည် ဆုံးမြစ်လည်းဖြစ်သည်။ အီသီယိုးပီးယား၊ ယူဂန်ဒါ၊ ဘရွန်ဒီ၊ အီဂျစ်၊ ကွန်ဂို၊ တောင်ဆူဒန်၊ ဆူဒန်၊ တန်ဇန်နီးယား၊ ရဝမ်ဒါ၊ ကင်ညာ၊ အီရီတြီးယားစသည့် ၁၁ နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် အပြည်ပြည် ဆိုင်ရာမြစ်လည်းဖြစ်သည်။ နိုင်းမြစ်သည် အီသီယိုးပီးယားနိုင်ငံမှ စတင်မြစ်ဖျားခံခဲ့သော ဘလူး နိုင်း (Blue Nile) မြစ်နှင့် ယူဂန်ဒါနိုင်ငံ Lake Victoria မှစ၍ မြစ်ဖျား ခံခဲ့သော ဝှိုက်နိုင်း (White Nile) မြစ်နှစ်စင်းမှ စတင်ခဲ့ပြီး ဆူဒန်နိုင်ငံထဲတွင် ပေါင်းသွားပြီး နိုင်းမြစ် (Nile River) အဖြစ် ဆက်လက် စီးဆင်းသည်။

Blue Nile သည် အလျားကီလိုမီတာ ၁၄၅၀ (မိုင် ၉၀၀)နှင့် White Nile သည် အလျားကီလိုမီတာ ၃၇၀၀ (၂၂၉၈ မိုင်) ရှည်လျားသည်။ ဤလက်တက်မြစ်နှစ်စင်း၏ ပျမ်းမျှအလျားသည်ပင်လျှင် ဧရာဝတီမြစ် အလျားထက် ရှည်နေသေးသည်။

Nile မြစ်၏အလျားသည် ကီလိုမီတာ ၆၈၅၃ (၄၂၈၅ မိုင်) ရှည် လျားသည်။ ရေဝေရေလဲ ဧရိယာ (ရေဖမ်းဧရိယာ) (Catchment Area)သည် စတုရန်းကီလိုမီတာ ၃၃၄၉၀၀၀(၁၂၉၃၀၀၀ စတုရန်းမိုင်)ရှိ သည်။ မြန်မာနိုင်ငံ၏ ငါးဆခန့်ကျယ်သည်။ အာဖရိက တိုက်တစ်တိုက်လုံး၏ ၁ဝ ရာခိုင်နှုန်းခန့် ကျယ်သည်။ တောင်မှမြောက်သို့ စီးဆင်းသည့်မြစ် ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။