ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ သဘောထား ထုတ်ပြန်ချက်

၁။ ''သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ညွှန်ကြားပေးပါရန်ကိစ္စနှင့်စပ်လျဉ်း၍ အသိပေးကြေညာချက် ထုတ်ပြန် ချက်'' တစ်ရပ်ကို ၂ဝ၂ဝပြည့်နှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့ရက်စွဲဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်က ထုတ်ပြန်ခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်၏ အပိုဒ်(၁)တွင် နိုဝင်ဘာလ ၃ဝ ရက်နေ့ကထုတ်ပြန်ခဲ့သည့် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်ကို ပြန်လည်ကိုးကား ဖော်ပြထားပါသည်။

၂။ အပိုဒ်(၂)ပါ ''တပ်ရင်းတပ်ဖွဲ့ မဲဆန္ဒရှင်များက ကန့်ကွက်လွှာအတွက်ဟုဆိုကာ သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့ကို ကိုးကားရည်ညွှန်းလျက် စာရွက်စာတမ်းများကို မိတ္တူကူးယူခွင့်ပြုရန်'' ဆိုသည့် အချက်နှင့် စပ်လျဉ်း၍ သက်သေခံ ဥပဒေသည် တရားရုံးတစ်ခုခု၌ စစ်ဆေးစီရင်သော မှုခင်းအားလုံးနှင့် သက်ဆိုင်သည်မှာ ထင်ရှား ပါသည်။ သို့ရာတွင် ရွေးကောက်ပွဲခုံအဖွဲ့သည် တရားရုံးဟုတ်/ မဟုတ် အငြင်း ထွက်နိုင်သဖြင့် သက်ဆိုင် ရာ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ၏ ပုဒ်မ ၇၈ တွင် ''ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲ ကန့်ကွက်မှု များကို စစ်ဆေးရာတွင် သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်''ဟု ထည့်သွင်းပြ ဋ္ဌာန်းကာ ရွေးကောက်ပွဲခုံအဖွဲ့က သက်သေခံဥပဒေကို ကျင့်သုံးနိုင်ရန် အခွင့်အာဏာ ပေးထားခြင်းဖြစ်ပါသည်။ သို့ပါ၍ ရွေးကောက်ပွဲခုံအဖွဲ့က ရွေးကောက်ပွဲ ကန့်ကွက်လွှာများကို စစ်ဆေးသည့်အမှုကိစ္စတွင် သက်သေခံ ဥပဒေပါ ပြဋ္ဌာန်းချက်များ သက်ဆိုင် လာခြင်းဖြစ်ပါသည်။

၃။ ထို့အပြင် ရွေးကောက်ပွဲခုံအဖွဲ့က ရွေးကောက်ပွဲကန့်ကွက်လွှာများကို စစ်ဆေးခြင်းသည်  တရားစီရင်ရေး သဘော  သက်ဝင်ကြောင်းကို  သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေများ၏ ပုဒ်မ ၇၇ အရ တွေ့ရှိနိုင်ပါ သည်။ ပုဒ်မ ၇၇ တွင် ''ရွေးကောက်ပွဲခုံအဖွဲ့သည် အမှုစစ်ဆေး ခြင်းကိစ္စနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံး ဥပဒေ အရ တရားရုံးသို့ အပ်နှင်းထားသော အာဏာများကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်။ ထို့ပြင် အရေးပါသော သက်သေခံ ချက်များကို ထွက်ဆိုနိုင်မည်ဟု ယူဆသော မည်သည့်ပုဂ္ဂိုလ်ကို မဆို မိမိတို့၏ သဘောအတိုင်း ဆင့်ဆို၍ စစ်ဆေး နိုင်သည်''ဟု ပြဋ္ဌာန်း ထားပါသည်။

၄။ ထို့အပြင် သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေများ၏ နည်းဥပဒေ ၈၈(ခ)တွင် ''ကန့်ကွက် သူသည် ကန့်ကွက်လွှာတွင် မိမိ၏ အထောက်အထားအဖြစ် တင်ပြလိုသော အရေးကြီးသည့်အချက်များကို အကျဉ်းချုပ် ဖော်ပြရမည်။ လိုအပ်လျှင် ကန့်ကွက်ချက်များကို စာပိုဒ်များခွဲ၍ အမှတ်စဉ်ရေးထိုးရမည်။ ကန့်ကွက် လွှာတွင် တရားမကျင့်ထုံးဥပဒေအရ  အဆိုအချေများ  ဟုတ်မှန်ကြောင်း ဝန်ခံရန်ပြဋ္ဌာန်းထားသော နည်းလမ်း အတိုင်း  ကန့်ကွက်ချက်များ ဟုတ်မှန်ကြောင်း ကန့်ကွက်သူက ဝန်ခံ လက်မှတ်ရေးထိုးရမည်''ဟုလည်းကောင်း၊ နည်းဥ ပဒေ ၉၄ တွင် ''ရွေးကောက်ပွဲခုံအဖွဲ့သည်   ဤနည်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ တရား မကျင့်ထုံး ဥပဒေအရ တရားမမှုများကို စစ်ဆေးရာတွင် လိုက်နာရသည့်ကျင့်ထုံး နှင့်အညီ ကန့်ကွက်လွှာကို စစ်ဆေး ရမည်''ဟုလည်းကောင်း ပြဋ္ဌာန်းထားချက်များအရလည်း တရားစီရင်သည့် သဘောကို တွေ့ရှိရမည်ဖြစ် ပါသည်။

၅။ သက်သေခံ ဥပဒေတွင် သက်သေခံချက်ကို  အဓိပ္ပာယ်ဖွင့်ဆိုရာ၌''တရားရုံးက ကြည့်ရှုစစ်ဆေးရန် အလို့ငှာ တရားရုံးသို့ တင်ပြထားသည့် စာတမ်းအမှတ်အသား အားလုံးကိုဆိုသည်။ ယင်းစာတမ်းအမှတ်အသားများကို စာတမ်းအမှတ်အသား သက်သေခံချက်ဟုခေါ်သည်''ဟု ထည့်သွင်း ဖွင့်ဆိုထားပါသည်။ တရားစီရင်ရေး သဘော ဆောင်ပြီး သက်သေခံဥပဒေနှင့်  တရားမကျင့်ထုံးဥပဒေတို့ကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည့် ရွေးကောက်ပွဲ ခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာ အမှုအတွက် တင်သွင်းမည့် စာတမ်း အမှတ်အသားများကို ကူးယူခွင့် တောင်းခံခြင်းသည် ဥပဒေကြောင်းအရ ကျိုးကြောင်းဆီလျော်မှုရှိပါသည်။

၆။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက် အပိုဒ်(၃)နှင့် စပ်လျဉ်း၍  မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ စာရွက်စာတမ်းများ ကူးယူခွင့်တောင်းခံခြင်းသည်   သက်ဆိုင်ရာ မဲဆန္ဒရှင်များ၏ အခွင့်အရေးအရ တောင်း ခံခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့်လည်း ကူးယူခွင့်ပေး နိုင်သည် များကို ကူးယူခွင့်ပြု၍ ကူးယူခွင့်မပြုနိုင်သည်များကို ခိုင်လုံသည့် အကြောင်းပြချက်ဖြင့် ခွင့်မပြုနိုင်သည့် အခွင့် အရေးလည်းရှိမည်ဖြစ်ပါသည်။      

၇။      အပိုဒ်(၄)ပါ ''တောင်းခံလာသော အခြားရွေးကောက်ပွဲ စာရွက်စာတမ်းများကိုလည်း မိတ္တူကူးယူခွင့် ပြုရမည် ဆို သည်ကို သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေများနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်း ထားခြင်းမရှိပါ''ဟူသည့်ဖော်ပြချက်သည် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေတစ်ရပ်လုံးအပေါ်တွင် လွှမ်းခြုံမှု မရှိနိုင်ကြောင်းကို ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် ရွေးကောက်ပွဲကန့်ကွက် လွှာတင် သွင်းမှုဆိုင်ရာ ပြဋ္ဌာန်းချက်များအရ တွေ့ရှိရမည်ဖြစ်ပါသည်။ ကန့်ကွက်လွှာ အမှုများအား တရားမကျင့် ထုံး ဥပဒေအရ တရားမမှုများ ကို စစ်ဆေးရာတွင် လိုက်နာရသည့် ကျင့်ထုံးနှင့်အညီ ကန့်ကွက် လွှာကို စစ်ဆေးရခြင်း၊ ရွေးကောက်ပွဲခုံအဖွဲ့က သက်သေခံဥပဒေကို ကျင့်သုံး နိုင်ရန် အခွင့်အာဏာပေးအပ်ထားခြင်းတို့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများနှင့် စပ်လျဉ်း၍ ရွေး ကောက်ပွဲ ကန့်ကွက်လွှာ အမှုများ ပေါ်ပေါက် လာသည့်အခါ သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ပုဒ်မ ၇၆ တို့သည် သက်ဆိုင် အကျုံးဝင်လာခြင်းဖြစ်ပါသည်။

၈။      အပိုဒ်(၅)တွင် ''သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေများ၏ပုဒ်မ ၇၈ တွင် ရွေးကောက်ပွဲခုံ အဖွဲ့သည် ရွေးကောက်ပွဲကန့်ကွက်မှုများကို စစ်ဆေးသည့်အခါတွင်သာ သက်သေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါသည်''ဟုဖော်ပြချက်သည် မူရင်းဥပဒေပြဋ္ဌာန်းချက်ဖြစ်သည့် ''ရွေးကောက်ပွဲခုံအဖွဲ့သည် ရွေးကောက်ပွဲ ကန့်ကွက်မှုများကို စစ်ဆေးရာတွင် သက်သေခံဥပဒေပါ ပြဋ္ဌာန်း ချက်များကို ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်''ဟူသည် ပြဋ္ဌာန်းချက်ပါ ''စစ်ဆေးရာတွင်''ဆိုသည့်စကားရပ်အစား ''စစ်ဆေးသည့် အခါတွင်သာ'' ဆိုသည့်စကားရပ်ဖြင့် ပြင်ဆင်ဖြည့်စွက်ဖော်ပြထားခြင်းသည် မူရင်း ဥပဒေပြဋ္ဌာန်း ချက်၏ အနှစ်သာရကို ပျက်စီးစေကြောင်း တွေ့ရှိရပါသည်။ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်ကို ကိုးကားရေး သားရာတွင် သစ္စာရှိမှု (faithfulness) သည် အရေးကြီးပါသည်။ ''အခါတွင်သာ''ဟူသော  စကားရပ်ပြင်ဆင် ဖြည့်စွက်ခြင်းဖြင့် ဥပဒေပြဋ္ဌာန်းချက်၏အနှစ်သာရနှင့် အနက်အဓိပ္ပာယ်ကို များစွာပြောင်းလဲစေကြောင်း သတိချပ် သင့်ပါသည်။

၉။      ထို့အပြင် ယင်းအပိုဒ်(၅)တွင်ပင် ''ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရွေးကောက်ပွဲခုံအဖွဲ့က ရွေးကောက် ပွဲ ကန့်ကွက်လွှာ အမှုများကို စစ်ဆေးရာတွင်သာ သက်သေခံဥပဒေပါပြဋ္ဌာန်းချက်များကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိပါသည်။ ကျင့်သုံးရမည်ဟု ပြဋ္ဌာန်းထားခြင်းမရှိပါ''ဟု ဖော်ပြချက်နှင့်စပ်လျဉ်း၍ ပုဒ်မ ၇၈ သည် ရွေးကောက်ပွဲခုံ အဖွဲ့က ရွေးကောက်ပွဲကန့်ကွက်လွှာအမှုများကို စစ်ဆေးရာတွင် သက်သေခံ ဥပဒေကို ကျင့်သုံး လိုက ကျင့်သုံးနိုင်သော သဘောမျိုးသက်ရောက်သည့် ပြဋ္ဌာန်းချက်မဟုတ်ဘဲ ရွေးကောက်ပွဲခုံအဖွဲ့က  သက်သေခံ ဥပဒေကို ကျင့်သုံးနိုင်ခွင့် အခွင့်အာဏာအပ်နှင်းထားခြင်းဖြစ်ပါသည်။ ''ကျင့်သုံးရ မည်ဟုပြဋ္ဌာန်းထားခြင်းမရှိပါ'' ဆိုသည့်စကားရပ်သည် ''ကျင့်သုံးဆောင် ရွက်ခွင့်ရှိသည်'' ဆိုသည့်စကားရပ်ကို လွဲမှားစွာအဓိပ္ပာယ်ဖွင့်ဆိုသကဲ့သို့ သဘောသက်ရောက်ပြီး ယင်းအဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ဥပဒေသဘောအရ မှန်ကန်မှုမရှိကြောင်း သုံးသပ်ရရှိ ပါသည်။

၁ဝ။    အပိုဒ်(၆)ပါ ''တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့က မေတ္တာရပ်ခံသည့်အတိုင်း ဆောင်ရွက်မည်ဆို ပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲ အသီးသီးအား ဥပဒေနှင့်မညီသော ဆောင်ရွက်မှုကို ပြုလုပ်စေရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် ဖြစ်သဖြင့် ညွှန်ကြား ပေးနိုင်မည် မဟုတ်ပါကြောင်း'' ဆိုသည့် ဖော်ပြချက်နှင့်စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၏ သဘောထားက မည်သို့ပင်ဖြစ်စေကာမူ တရားစီရင်ရေး သဘောဆောင်ပြီး သက်သေခံဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကို ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည့် ရွေးကောက်ပွဲ ခုံအဖွဲ့က စစ်ဆေးမည့် ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုအတွက် တင်သွင်းမည့် စာတမ်းအမှတ်အသားများကို ကူးယူခွင့် တောင်းခံခြင်းသည် နိုင်ငံသား တစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲ ပေးပိုင်ခွင့်အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေးတို့အရ  တောင်းခံခြင်း ဖြစ်၍ ဥပဒေနှင့်မညီသော ညွှန်ကြားမှုကို ပြုရာရောက်မည် မဟုတ်ကြောင်း သုံးသပ်ရရှိပါသည်။

၁၁။    သဘာဝတရားမျှတမှု (Natural Justice) တစ်နည်းအားဖြင့် တရားမျှတစွာဆောင်ရွက်ရန် တာဝန် (duty  to  act  fairly) အရ အခြေခံစည်းမျဉ်း နှစ်ရပ်ရှိပါသည်။ ပထမ စည်းမျဉ်းမှာ ဘက်လိုက်မှု ကို ဆန့်ကျင်ခြင်း (against  bias) ဖြစ်ပြီး လက်တင်ဥပဒေဆိုရိုးအရ '' Nemo  judex  in  causa  sua'' ဖြစ်ပါသည်။ ဒုတိယ စည်းမျဉ်းမှာ မျှတစွာ ကြားနာခွင့် (right  to fair  hearing) ဖြစ်ပြီး လက်တင် ဥပဒေ ဆိုရိုးအရ "Audi  alteram  partem" ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် သဘာဝတရားမျှတမှု မူသဘောကို အခြေခံ၍ ပွင့်လင်း မြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင် ပပျောက်မှုကို ဆောင်ကြဉ်း ပေးသင့် ပါကြောင်း သဘောထားထုတ်ပြန် အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့