ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

မြစ်၏အကျယ်ဆုံးနေရာသည် ကီလိုမီတာ ၂ ဒသမ ၈(၁ ဒသမ ၇ မိုင်) ခန့်ရှိပြီး ပျမ်းမျှရေစူးမှာ ၈ မီတာမှ ၁၁ မီတာ(၂၆ ပေမှ ၃၆ ပေ) အထိရှိသည့်အတွက် လမ်းပန်းဆက်သွယ်ရေးပါ အထူးအသုံးဝင်သည့် မြစ်ဖြစ်ကြောင်း ပေါ်လွင်နေသည်။ အီဂျစ်သည် နိုင်းမြစ်၏ မြစ်ဝကျွန်း ပေါ်ကိုပါ ပိုင်ဆိုင်ထားသည်။ ကိုင်ရိုမြို့သည် မြစ်ဝကျွန်းပေါ်မြို့ဖြစ်သည်။ အီဂျစ်နိုင်ငံ အစွမ်(Aswan) မြို့တွင် တိုင်းတာချက်အရ နှစ်စဉ် ပျမ်းမျှစီးဝင်ရေမှာ ကုဗမီတာ ၂၈၃၀/စက္ကန့်(၁၀၀၀၀၀ ကုဗပေ/စက္ကန့်) ရှိသည်။ အစွမ်(Aswan) မြို့အနီးတွင် ၁၉၇ဝ ပြည့်နှစ်က တမံတစ်ခု တည်ဆောက်ပြီးစီးခဲ့သည်။ ဗာမံမှာ ဖို့မြေ(Fill-dan) အမျိုးအစားဖြစ်ပြီး တမံအမြင့် ၃၆၄ ပေ( ၁၁၀ ဒသမ ၁ မီတာ)ရှိကာ အလျား ၁၂၅၆၂ ပေ (၃၈၂၈ ဒသမ ၇ မီတာ) ရှိသည်။ ဤတမံကြီးထဲတွင် ရေပမာဏ ဧက သိန်းပေါင်း ၁၇ဝဝ(ကုဗမီတာသိန်း ၂၀၉၆၁၀၀) သိုလှောင်နိုင်သည်။ ဤပမာဏသည် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သော သဖန်းဆိပ်ဆည် သိုလှောင် နိုင်စွမ်း ဧကပေ ၂၈ ဒသမ ၈ သိန်း(ကုဗမီတာသိန်း ၃၅ဝဝဝ) ထက် အဆပေါင်း ၆ဝ ကျော် ပိုမိုကြီး မားသည်။

ကန်ရေပြည့်ရေလှောင်ထားစဉ် နိုင်းမြစ်တစ်လျှောက် အလျားမိုင် ၃၁၀ (ကီလိုမီတာ ၄၆၀)ခန့်အထိ ရေဖုံးလွှမ်းလျက်ရှိသည်။ ရေပြင်ကျယ် ၏ ဧရိယာမှာ စတုရန်းမိုင် ၂၇၈ ကျယ်ဝန်းသော စင်ကာပူနိုင်ငံ ထက် ၇ ဆခန့်ပိုမိုကျယ်ဝန်းသည်။

ဤမျှကြီးမားသောဆည်ကြီးကို တည်ဆောက်ခဲ့ရခြင်းမှာ-

(က) မကြာခဏ နိုင်းမြစ်ရေလွှမ်းမိုးမှုကြောင့် အီဂျစ်နိုင်ငံ နိုင်းမြစ် ကမ်းမြို့ကြီးများနှင့် မြစ်ဝကျွန်း ပေါ်တွင် ရေဘေးကြုံနေရမှုမှ ကာကွယ်ရန်

(ခ) အီဂျစ်နိုင်ငံတွင် ရေရှားပါးသောနေရာများသို့ စိုက်ပျိုးရေနှင့် သောက်သုံးရေပေးဝေရန်

(ဂ) ရေအားလျှပ်စစ်ထုတ်လုပ်ရန်

စသည့်ရည်ရွယ်ချက်များဖြင့် တည်ဆောက်ခြင်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁၀၀ တပ်ဆင် ထားသည့်အတွက် နှစ်စဉ်ထုတ်လုပ်ပေးနိုင်သော ဓာတ်အားမှာ ကီလိုဝပ်နာရီသန်းပေါင်း ၁၀၀၄၂ ရှိ သည်။ ဤပမာဏသည် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးထုတ်လုပ်ခဲ့သည့် ဓာတ်အား၏ ထက်ဝက်မျှကြီးမားသော ဓာတ်အားပမာဏဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဤအစွမ် (Aswan) တမံကြီးတည်ဆောက် လိုက်သည့်အတွက် ၁၉၇၅ ခုနှစ်မှစ၍ စုစုပေါင်း လယ်၊ ယာ၊ ဥယျာဉ်ခြံ မြေ ဧရိယာ ဧက ၁ဝဝဝဝဝဝ (ဟက်တာ ၄၀၀၀၀၀) စိုက်ပျိုးရေရရှိသွား

ကြသည်။

ယင်းပမာဏထဲတွင် ဧက ၇ဝဝဝဝဝ (ဟတ်တာ ၂၈၄ဝဝဝ) ကို တစ်နှစ် ပတ်လုံးစိုက်ပျိုးနိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တောင်ကြားသစ် (New Valley Project) ကို ပြီးစီးအောင်ဆောင်ရွက်ခဲ့သည်။ ဤဆည်မှရရှိသော ဓာတ်အားဖြင့် တောင်ပေါ်သို့ ရေစုပ်တင်ပြီး ဧက ၅ဝဝဝဝ (ဟတ်တာ ၂ဝဝဝဝဝ) ခန့်ကို စိမ်းလန်းစေခဲ့ကာ လယ်ယာထွက်ကုန်တိုးစေခဲ့သည်။ တစ်နိုင်ငံလုံး စိုက်ပျိုး၍ ရသည့် မြေဧရိယာမှာ ၃ ရာခိုင်နှုန်းသာရှိသည့် နိုင်ငံ၊ ဤမျှ စိုက်ပျိုးမြေများတိုးချဲ့ပြီး စိုက်ပျိုးနိုင်ခဲ့မှုမှာ လွန်စွာသိသာ ထိရောက်သော ပမာဏဖြစ်သည်။

ဤဆည်ကြီး၏အမည်ကို သမ္မတဟောင်းနာဆာအား ဂုဏ်ပြုသည့် အနေဖြင့် Nasser Lake ဟူ၍ လည်းကောင်း၊ အဆိုပါ New Valley တောင်ကြား ရေရရှိရေးစီမံကိန်းကြီးသို့ ရေသယ်ယူထားသည့် တူးမြောင်း ထဲသို့ ရေတင်ပေးသော ရေတင်စက်ရုံကို သမ္မတဟော့စနီမူဘာရက် (Hosni Mubarak) ကို ဂုဏ်ပြုသည့်အနေဖြင့် Mubarak Pumping Station ဟူ၍လည်းကောင်း ဂုဏ်ပြုခေါ်ဝေါ်ကြသည်။

ဤစီမံကိန်းကြီးကြောင့် ဆိုင်းနိုင်းကျွန်းဆွယ်(Sinai Peninsula)ရှိ မြေဧရိယာ ဧက ၁၅ဝဝဝဝဝ ကျော် (ဟတ်တာ ၆၃၀၀၀ဝ ခန့်) ကို ၂ဝ၁၅ ခုနှစ်မှစ၍ စိုက်ပျိုးရေ ထပ်မံပေးဝေနိုင်ခဲ့ပြီ ဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံတစ်နိုင်ငံကို ဦးဆောင်သူနှင့် နောက်လိုက်ပြည်သူတို့ လက်တွဲညီကြ ၍သာ နိုင်ငံပေါင်း ၁၁ နိုင်ငံကို ဖြတ်သန်းစီးဆင်း နေသော အာဖရိကမိခင် နိုင်းမြစ်ကြီးပေါ်တွင် တမံကြီး တစ်ခုပေါ်ပေါက်လာပြီး လယ်ယာမြေ တစ်ခေတ်ဆန်းခဲ့ခြင်း ဖြစ်သည်။ ဆည်အတွင်းမှရရှိသော ငါးသည်လည်း အီဂျစ်၏ ရေချိုငါးစားသုံးမှုကို မြင့်တက်စေခဲ့သည်။

ဤဆည်ကြီးမှ လျှပ်စစ်ဓာတ်အားထုတ်၍ လွှတ်ချလိုက်သောရေကို အစွမ်(Aswan)တမံ၏ အောက် ဘက် မလှမ်းမကမ်းတွင် ရေထိန်းတမံ တစ်ခုထပ်မံဆောက်လုပ်၍ မဂ္ဂါဝပ် ၂၇ဝ အင်အားရှိသော ရေအား လျှပ်စစ်စက်များဖြင့် ထပ်ဆင့်ဓာတ်အားထုတ်ပြန်သည်။ နှစ်စဉ်ကီလိုဝပ်နာရီ သန်း ၂ဝဝဝ ထပ်မံ ထွက်ရှိလာပြန်သည်။ ဤပမာဏသည်ပင်လျှင် မိမိတို့နိုင်ငံ ဘီလူးချောင်းစက်ရုံသုံးဆင့်မှ နှစ်စဉ်ထုတ် လုပ်ပေးနေသော ဓာတ်အားပမာဏထက် များနေသေးသည်။ ရေထိန်းတမံအမြင့်မှာ ၆၅ ပေ (မီတာ ၂၀) ရှိသည့်အတွက် ပိုသောရေပမာဏမှာ တမံရေပိုလွှဲ (Spillway) ပေါ်မှ ပုံမှန်ကျော်ဆင်းသွားသည်။ စက်ရုံမှ ထွက်လာသည့် ရေသည်လည်း နိုင်းမြစ်ထဲသို့ ပုံမှန်စီးဆင်းသွားသည်။

၂၀၁၅ ခုနှစ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သော အီဂျစ်နိုင်ငံသား တစ်ဦးချင်းစီ၏ ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၃၈၂၈ ဒေါ်လာရှိခဲ့ပြီဖြစ် သည်။ ရေရရှိခြင်း၊ စိုက်ပျိုးရေးကောင်းလာခြင်း၊ လျှပ်စစ်ဓာတ်အားရရှိ လာခြင်းတို့ကြောင့် မွေးမြူရေးလုပ်ငန်းများလည်း ပိုမိုဖြစ်ထွန်းလာ၍ ပြည်ပမှ အမဲသား တင်သွင်းနေရမှု ကို လျှော့ချနိုင်ပြီဖြစ်သည်။

၂၀၁၈ ခုနှစ် အီဂျစ်နိုင်ငံသားတစ်ဦး၏ ပျမ်းမျှအသက်သည် ၇၁ ဒသမ ၈၂ ဖြစ်သည့်အတွက် အာဆီယံ ဒေသရှိ အလယ်အလတ်နိုင်ငံများ နှင့် တန်းတူခန့်အထိ သက်တမ်းမြင့်လာခဲ့သည်။

ဆက်လက်ဖော်ပြပါမည်။