စာကြည့်တိုက်ယဉ်ကျေးမှုနှင့် ယနေ့လူငယ်

စာကြည့်တိုက်ယဉ်ကျေးမှုနှင့် ယနေ့လူငယ်

ယနေ့ခေတ်သည် အိုင်တီနည်းပညာခေတ်၊ အေအိုင်နည်းပညာခေတ် ဖြစ်သည်နှင့်အညီ လူငယ် အများစုမှာ စမတ်ဖုန်း၊ လက်တော့ကွန်ပျူတာ၊ တက်ဘလက်စသည်တို့မှ ဗဟုသုတ ရှာမှီးနေကြ သည်မှာ အများသိပင်ဖြစ်၏။ အချို့မှာ စာပေဖတ်ရှုခြင်းကိုပြုလုပ်၍ အချို့မှာအခြား စိတ်ဝင်စားရာ နယ်ပယ်အသီးသီးကို လေ့လာအသုံးပြု လျက်ရှိကြပေသည်။ ဤသည်တွင် စာအုပ်စာစောင်ကို ဖတ်ရှုရန်အတွက် အချိန်ပေးကာ  စာကြည့်တိုက်၊ စာအုပ်ဆိုင်များသို့ သွားရောက်လိုသူ နည်းပါးလာခဲ့၏။ သို့ပေသော်ငြား အမှန်တကယ်လိုအပ်လာသော စာအုပ်များ၊ ရှေးစာဆိုတို့၏ စာများကို မှီငြမ်း ကိုးကားရန် လိုအပ်လာသောအခါ မဖြစ်မနေ စာကြည့်တိုက်သို့သွားရောက်ရှာဖွေ ဖတ်ရှု စုဆောင်းကာ စာပေမှတ်စုများကို စု၊ တု၊ ပြုလုပ်ကြရပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် စာကြည့်တိုက် ယဉ်ကျေးမှုတစ်ရပ် ဟိုယခင်ကာလများကတည်းက ပေါ်ထွန်းခဲ့သည်ဖြစ်ပေ၏။ ယနေ့အချိန်ကာလ အထိ ရှင်သန်လှုပ်ရှား လျက်ရှိကြပေရာ ထိုယဉ်ကျေးမှု ပိုမို၍ဖွံ့ဖြိုးတိုးတက်စေရန် ယနေ့ နည်းပညာ ခေတ်၌ မွေးဖွားကြီးပြင်းလာကြသည့် လူငယ်အများစုမှ ဆက်လက် စောင့်ထိန်းသွားသင့်ကြသည် ဖြစ်ပေ၏။

ယခု ၂၀၂၄ ခုနှစ် ဧပြီလ ၃ ရက်က နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးမိသားစုမှ လူထုသိပ္ပံ ကျမ်းစာအုပ်  အတွဲ ၁၊ ၂၊ ၃  စာအုပ်များလှူဒါန်းခြင်း ကို နိုင်ငံပိုင်သတင်းစာများ၌ ဖတ်ရှုခဲ့ရ၏။ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းနာယက၊ ဥက္ကဋ္ဌတို့မှ လက်ခံရယူခဲ့၏။ အလားတူ  မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော် ဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့ စာကြည့်တိုက်များသို့လည်း စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်ကို သိရှိခဲ့ရပေသည်။  “စာပဒေသာ ဝေဆာစေမည်”  ဗီဒီယိုကလစ်ကိုလည်း ပြသခဲ့သည်ဖြစ်၏။ ထိုလှူဒါန်းပွဲမှ လူထုသိပ္ပံ ကျမ်းစာအုပ်အတွဲများသည် လွတ်လပ်ရေးရပြီးကာလ ၁၉၅၅-၁၉၅၈ နှစ်များဆီက မြန်မာနိုင်ငံ ဘာသာပြန် စာပေအသင်းကြီး(စာပေဗိမာန်)မှ ပထမဆုံးအကြိမ် ထုတ်ဝေခဲ့သည်ဟု သိရပေသည်။     စကြဝဠာ၊ ကမ္ဘာမြေ၊ အပင်၊ တိရစ္ဆာန်၊ ဒြပ်နှင့်စွမ်းအင်၊  စက်မှုလက်မှု၊  လူ့အဖွဲ့အစည်း သုတေသန လုပ်ငန်းများ ပြုလုပ်ပြီး လူငယ်များ အသိဉာဏ်ပညာ တိုးတက်စေရန်ရည်ရွယ်၍ ပြန်လည်ရိုက်နှိပ် လှူဒါန်းသည်ဟု သိရပေရာ သက်ဆိုင်ရာ စာကြည့်တိုက်များ၌ဖတ်ရှု လေ့လာနိုင်ကြတော့မည် ဖြစ်ပေသည်။

နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် အလှူငွေ၊ စာအုပ်စာစောင်များ လှူဒါန်းခြင်းကို မကြာမီ အချိန်ကာလ ဧပြီလ ၁၀ ရက် နံနက် ပိုင်းက နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးမှာ စာအုပ်စာစောင်များနှင့် အလှူငွေလှူဒါန်းခြင်း အခမ်းအနားများကို ကျင်းပ ပြုလုပ်ခဲ့ သည်ဟု သိရပေရာ လွန်စွာပင် ဝမ်းမြောက်ဖွယ်ဖြစ်ပေသည်။ ပြည်သူလူထုမှလည်း ပါဝင်လှူဒါန်း၍ ပညာဒါန ကုသိုလ်ယူနိုင်ခဲ့ကြပေမည် ဖြစ်သည်။ မေလ ၉ ရက်တွင် နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု အခမ်းအနား တွင်လည်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက် အဆောက်အအုံများ လှူဒါန်းမှု စုစုပေါင်းအနေဖြင့် စာကြည့်တိုက် ၁၄၇ တိုက်အတွက် ငွေကျပ်သိန်းပေါင်း ၂၂၀၅၀ နှင့် စာအုပ်စာစောင်စုစုပေါင်း ၇၀၇၈၀ ဖြစ်ကြောင်း သိရသည်။

စာရေးသူတို့ စစ်ကိုင်းတိုင်းဒေသကြီး စာအုပ်စာစောင်များနှင့် အလှူငွေပေးအပ်လှူဒါန်းပွဲကို မုံရွာ မြို့နယ် စာရေးဆရာအသင်းကိုယ်စား အသင်းဝင် ၅ ဦးတက်ရောက်၍ ပေးအပ်လှူဒါန်းခဲ့ကြပေသည်။   စာပေဖြင့်အလင်းရောင်ပေးခြင်းမှ ရရှိနိုင်မည့် ပီတိရသကို မျှဝေခံစားစရာ တစ်ခုဖြစ်ခဲ့ကြရ၏။

ယနေ့ခေတ် လူငယ်အများစုသည် ပညာရွှေခေတ်မှာ မွေးဖွားရှင်သန်လာကြကာ မိမိနိုင်ငံအတွင်း၌ စာကြည့်တိုက်ပညာ ဒီပလိုမာရရှိကာ ပြန်လည်အသုံးချ ဆောင်ရွက်နေကြသူများလည်း   ရှိနေပေသည်။

ထို့အတူ အချို့လူငယ်များသည် နိုင်ငံရပ်ခြား၌ မိမိ၀ါသနာပါရာ ဘာသာရပ် အသီးသီးတွင် တက်ရောက် ပညာသင်ယူလျက်ရှိကြ၏။ အချို့မှာ ဘွဲ့၊ ဘွဲ့လွန်၊ ပါရဂူဘွဲ့အစရှိသော ထိုထိုသောပညာများကို သင်ယူခွင့်ရရန် ကြိုးစားနေကြဆဲဖြစ်ပေရာ တစ်ချိန်သော ကာလ၌ အမိမြန်မာနိုင်ငံအတွက် ပညာ အားကောင်းသော လူ့စွမ်းအားအရင်းအမြစ်များ ရရှိခံစားကြရမှာ အသေအချာပင် ဖြစ်ပေတော့သည်။

စာကြည့်တိုက်ယဉ်ကျေးမှုဆိုရာတွင် အပြောလွယ်သော်ငြား လုပ်ငန်းစဉ်များ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရာတွင် အလွန်ခက်ခဲ နက်နဲလှပေ၏။ စာအုပ်စာစောင်များ လှူဒါန်းရရှိရန် ကြိုးစား ဆောင်ရွက်ကြရပြီးလျှင် ရရှိချိန်ထားသိုရန်ဗီရို၊ စာအုပ်စင်ရှိရန်အဓိကဖြစ်၏။ စာအုပ်စာစောင် ထိန်းသိမ်းမှု လုပ်ငန်းစဉ် အမြဲဆောင်ရွက်မည့် စာကြည့်တိုက်မှူး၊   ရေရှည်တည်တံ့ရန် ဆောင်ရွက်ရေး လိုအပ်သည့် ဘတ်ဂျက်ငွေကြေးရရှိမှုတို့သည်လည်း အရေးပါပေ၏။ အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး မှာ စာဖတ်ပရိသတ်များစွာ ရှိရေးပင် ဖြစ်ပေသည်။

စာအုပ်စာစောင်များ၊ စာအုပ်ဗီရိုများ မည်သို့ပင်များပြားစွာရှိစေကာမူ   စာဖတ်သူအများ မရှိဘူး ဆိုပါက စာအုပ်သိုလှောင်ရာ ဂိုဒေါင်ပမာရှိပေလိမ့်မည်။ ထိုထိုသောအရာများ ဟန်ချက်ညီသော အနေအထား ဖြစ်စေရန်အလို့ငှာ  5B  ဆိုသော စံနှုန်းဖြင့် ဆောင်ရွက်ကြရန် လမ်းညွှန်ပြပေးထားသည် ဖြစ်ပေသည်။ ယင်းတို့မှာမူကား-

၁.      B-Brain or Book Keeper  စာကြည့်တိုက်မှူး

၂.       B-Books စာအုပ်စာစောင်များ

၃.      B-Building အဆောက်အအုံ၊ ဗီရို၊ စာအုပ်စင် စသည်....

၄.       B-Budget ငွေကြေးစီမံမှု၊ ရန်ပုံငွေ၊အလှူငွေ

၅.      B-Borrowers စာအုပ်စာစောင်များ ငှားရမ်း

ဖတ်ရှုသူ စာဖတ်သမားများစသည်တို့၏ အရေးပါခြင်းကို အလေးထား၍ ဟန်ချက်ညီညီ ဆောင်ရွက်ကြ ရပေမည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ယူ၍ ခရိုင်နှင့်မြို့နယ်အဆင့် စာကြည့်တိုက်ပေါင်း ၄၁၀ ကို ဖွင့်လှစ်ပေးထားသည်ဟု သိရ၏။

ရပ်ရွာပြည်သူလုထုကမကထပြုဖွင့်လှစ်သော စာကြည့်တိုက်ပေါင်း  ၃၅၀၀  ကျော်ရှိနေပြီဟုသိရပေရာ အားရဖွယ်ပင်ဖြစ်ပေ၏။ အခြားကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ကိုယ်ထူကိုယ်ထစာကြည့်တိုက် များလည်း ဖွင့်လှစ်ထားရှိကာ ပြည်သူလူထု၊ လူငယ်အများစု စာမတတ်သူစာတတ်ရေး၊ စာတတ်သူ စာဖတ်ရေး၊ စာဖတ်သူ စာဖတ်ရှိန်တိုးမြှင့်ရေး ကိုလုပ်ဆောင်နေကြပေသည်။ မြန်မာနိုင်ငံ စာကြည့်တိုက် ဖောင်ဒေးရှင်းမှလည်း ကူညီပံ့ပိုးခြင်း ဆောင်ရွက်ပေးလျက်ရှိပေ၏။ ကျေးလက်တောရွာများမှာ စာတတ်ခြင်း၊ စာဖတ်ခြင်းနှင့်ပတ်သက်၍ ပြောစကားတစ်ရပ်ရှိခဲ့ပေ၏။ ရွာဓလေ့စရိုက်အရ စားဝတ် နေရေးစီးပွားရေး လုပ်ကြသူများသည် “စာမတတ်၊ စာမဖတ်၊ စာရင်းမမှတ်နိုင်ပါမူ ရှာသမျှငွေသည် ကျပျောက်သလို ဖြစ်တတ်သည်” ဟု ဆိုစမှတ်ပြုကြပေသည်ဖြစ်၏။ ထို့ကြောင့် စာတတ်ရန် ကျောင်းနေ ပညာသင်ကြား စာတတ်လျှင် စာပေများကို ရှာဖွေဖတ်ရှုနိုင်လျှင် ပို၍အကျိုး ကျေးဇူးရှိ သည်ကို သတိချပ်သင့်လှကြပေသည်။

ယနေ့လူငယ်အများစုသည် နိုင်ငံရပ်ခြားဘာသာစကားများကို လေ့လာသင်ယူလိုစိတ်ရှိကြပေရာ လွန်စွာအားရ ကျေနပ်ဖွယ်ဖြစ်၏။ ထိုသို့သော ပြည်ပနိုင်ငံများ၏ စာပေ၊ စာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုနိုင်သော အဆင့်တစ်ခုထိရောက်အောင် လူငယ်အများ ကြိုးစား အားထုတ်ကြရပေမည် ဖြစ်သည်။

ထိုအခါမှသာ ကမ္ဘာ့နိုင်ငံများနှင့် တန်းတူစာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများ၊ တက္ကသိုလ်အချင်းချင်း ချိတ်ဆက်ကာ သင်ကြားရေး၊ သင်ယူရေးတို့တွင် ဆောင်ရွက်နိုင်ကြပေမည်။

နိုင်ငံတကာမျက်နှာစာမှာ အမိမြန်မာနိုင်ငံအတွက် ဂုဏ်ယူဝင့်ကြွားစွာ ရပ်ပြနိုင်ခဲ့မည် ဖြစ်ပေသည်။ စာကြည့်တိုက် ယဉ်ကျေးမှုစတင်ခဲ့ရာ ဘုန်းတော်ကြီးကျောင်းများတွင် ပိဋကတ်စာပေဆိုင်ရာ ရှေးပေစာ ထုပ်များ၊ ဇာတ်နိပါတ်တော်လာ စာအုပ်စာတမ်းများ ထိန်းသိမ်းမှုကိုအလေးထား၍ လေ့လာကြရပေ မည်။ သို့မှသာ ခေတ်စနစ်နှင့်အညီ  စာအုပ်စာတမ်းများကို ကုတ်စနစ်ဖြင့် စာရင်းသွင်းခြင်း၊ http://Link ပေးဖတ်၍ ရစေခြင်းစနစ်ကိုလည်း အကောင်အထည်ဖော်ရာရောက်၊ ရှေးထုံးဖြစ်သော စာအုပ်ဗီရိုကြီး များဖြင့် စာအုပ်ထားသိုခြင်းစနစ်ကိုလည်း ထိန်းသိမ်းရာရောက်ပေမည် ဖြစ်သည်။ သို့မှသာလျှင် စာဖတ်သူ လူငယ်မောင်မယ်များသည် မိမိနှစ်သက်ရာအစီအစဉ်ဖြင့် လက်လှမ်းမီရာ စာကြည့်တိုက် များသို့ သွားရောက်ကာ စာဖတ်သော အလေ့အကျင့်ကောင်းများကို အစဉ်ဂရုတစိုက် ပြုလုပ်၍ စာဖတ်ရှိန်မြင့်မားရေး ဆောင်ရွက်နိုင်ကြပေမည်ဖြစ်သည်။ အဓိကကျသော အလုပ်မှာ လူငယ်ထု အတွင်း မဖြစ်မနေစာဖတ်သော အလေ့အကျင့်ကို ပြုစုပျိုးထောင်ပေးနိုင်ရေးပင် ဖြစ်၏။

အချို့နိုင်ငံကြီးများ၌ ခရီးတာတိုအတွင်းမှာပင် ဘတ်စကားပေါ်၊ မြို့ပတ်ရထားပေါ်၌ပင် စာဖတ်သွားကြ သည်ကို သိရှိရပေ၏။ မိမိတို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့သည်လည်း ရှေ့အနာဂတ်ခရီး ပိုမို၍ ဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားနေကြသူ လူငယ်အများစုမှာ စာဖတ်ခြင်းကို ခုံမင်နှစ်ခြိုက်စွာ ပြုလုပ်နေကြ သည်ကိုတွေ့မြင်သိရှိနေရပေ၏။ ယင်းမှာ အနာဂတ်မြန်မာနိုင်ငံတော်အတွက်  အားရကျေနပ်ဖွယ်ပင်။ ပညာအခြေခံသော လူ့စွမ်းအားအရင်းအမြစ်များစွာရှိလေ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လေ ဖြစ်မည်ကား အမှန်ပင်မို့ စာကြည့်တိုက်များကို စဉ်ဆက်မပြတ် သွားရောက်ပညာဆည်းပူး စာပေဖတ်ရှုသင့်ကြပါ ကြောင်းထပ်၍ ထပ်ကာ ညွှန်းဆိုရေးသား လိုက်ရပါတော့သည်။   ။

ကိုဝင်းမော်ထွန်း