မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်သတ်မှတ်

နေပြည်တော်  မေ   ၂၄

မုန်တိုင်းငယ်အခြေအနေ

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေ သော မုန်တိုင်းငယ် (Depression)သည် မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလား ပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ ကိုကိုးကျွန်းမြို့(Coco Island) ၏ အနောက်-အနောက်မြောက်ဘက် ရေမိုင်  ၂၇၅  မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့(Hainggyigyun)၏ အနောက် ဘက် ရေမိုင် ၃၁၀ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့(Khepupara)၏ တောင်-အနောက်တောင်ဘက်  ရေမိုင် ၃၇၀ မိုင်ခန့်၊   အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ် ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၅၀ မိုင်ခန့်နှင့် ကန်နင်းမြို့(Canning)၏ တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေ မရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်(Depression)သည် ညနေ ၅ နာရီခွဲအချိန်တွင် မြောက်လတ္တီကျု ၁၅ ဒသမ ၉ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၈၉ ဒသမ ၀ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တို ပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ နှုန်းခန့်ဖြစ်ပါသည်။

နောက်(၆၀)နာရီအတွင်းခန့်မှန်းချက်

အဆိုပါမုန်တိုင်းငယ်သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်း လာနိုင်ကာ ၂၅-၅-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်း၌ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်ပါသည်။ ထိုမှတစ်ဆင့် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး  ၂၆-၅-၂၀၂၄  ရက်နေ့ နံနက်အစောပိုင်းတွင် အားကောင်း သောဆိုင်ကလုန်း မုန်တိုင်း (Severe Cyclonic Storm)အဖြစ်သို့ အားကောင်းလာနိုင်ကာ ၂၇-၅-၂၀၂၄ ရက်နေ့ နံနက် အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော်နိုင်သည် ဟု ခန့်မှန်းရပါ သည်။

သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၄-၅-၂၀၂၄ ရက်နေ့မှ ၂၅-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ   တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေ ခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် ၂၄-၅-၂၀၂၄ ရက်နေ့တွင် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ    ၉ ပေမှ ၁၃ ပေခန့်၊ ၂၅-၅-၂၀၂၄ ရက်နေ့မှ ၂၆-၅-၂၀၂၄ ရက်နေ့အတွင်း တစ်နာရီလျှင် မိုင် ၅၀ မှ မိုင် ၆၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ  ၁၃ ပေမှ ၁၆ ပေခန့်ရှိနိုင်ပါသည်။ 

အကြံပြုချက် 

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင်  နေထိုင်ကြသူများအနေဖြင့်  မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင်     နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော် အပ်ပါသည်။                                                   

(မိုး/ဇလ)

Dates: 
Thursday, September 5, 2024 - 05:00