အကြိမ် (၃၀)မြောက် AFC ကွန်ဂရက် အစည်းအဝေး ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ

အာရှဘောလုံးအဖွဲ့ချုပ် (AFC) ၏ အကြိမ် (၃၀)မြောက် ကွန်ဂရက်အစည်းအဝေးကို   ဗီဒီယိုကွန်ဖရင့်ဖြင့်   ဒီဇင်ဘာ ၉ ရက်က ကျင်းပရာ AFC ဒုတိယဥက္ကဋ္ဌအဖြစ်    တာဝန်ယူထားသည့်    မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်၊ MFF ဒုတိယဥက္ကဋ္ဌ  ဦးပြည့်ဖြိုးတေဇနှင့်  အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းတို့ တက်ရောက်ဆွေးနွေးကြသည်။

အဆိုပါ အစည်းအဝေးသို့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ အင်ဖာတီနိုလည်း တက် ရောက်ခဲ့ပြီး အာရှဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ အဖွဲ့ဝင်နိုင်ငံအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးမစတင်မီ ဂန္ထဝင်ကစားသမားတစ်ဦး ဖြစ်သည့် ဒီယေဂိုမာရာဒိုနာ ကွယ်လွန်ခြင်းအတွက် တစ်မိနစ်ငြိမ်သက်ကြပြီးနောက် ကွန်ဂရက်ဆုံးဖြတ်ချက်များကို  Online Voting စနစ်ဖြင့် မဲခွဲဆုံးဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။

ထို့ပြင်   အာရှဘောလုံးအဖွဲ့ချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ တင်ပြရှင်းလင်းမှုများ၊ လူငယ်ဘောလုံးဖွံ့ဖြိုးရေးအတွက် စီမံကိန်း များ၊  အမျိုးသမီးဘောလုံးဖွံ့ဖြိုးရေးအပါအဝင် အာရှဘောလုံးလောက အထွေထွေ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ၊ မြောက်မာရီယားနားကျွန်းစုအား  အာရှဘောလုံးအဖွဲ့ချုပ်၏   တင်းပြည့်အဖွဲ့ဝင်အဖြစ် လက်ခံရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။                 

ကိုရဲ