ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများနှင့် ဖူဆယ်ကလပ် အသင်းများအတွက် ပေးအပ်မည့် ထောက်ပံ့ငွေကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် ရနိုင်ဖွယ်ရှိကြောင်း မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောသည်။
ယခုနှစ်တွင် COVID-19 ရောဂါကြောင့် နိုင်ငံတကာဘောလုံးပြိုင်ပွဲများ ကျင်းပနိုင်ခြင်းမရှိ၍ စပွန်ဆာနှင့် တခြား ဝင်ငွေများ လျော့ကျနေသည့်အတွက် FIFA က ထောက်ပံ့ငွေပေးအပ်ရန် စီစဉ်ခြင်း ဖြစ် သည်။ FIFA သည် ပြီးခဲ့သည့် AFC ကွန်ဂရက်တွင် အဖွဲ့ဝင်နိုင်ငံများအား ထောက်ပံ့ငွေပေးအပ်မည့် အစီအစဉ်ကို အတည်ပြုပြီး ဖြစ်သည်။
FIFA ကနေ ကလပ်အသင်းတွေကို ထောက်ပံ့ငွေပေးမှာဖြစ်ပြီး ကလပ်အသင်းတွေရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက် ပေးအပ်မှာ ဖြစ်ပါတယ်။ ကလပ်အသင်းတွေအနေနဲ့FIFA က သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ပြည့်မီအောင်ဆောင်ရွက်ပြီး ဘဏ်စာရင်းနဲ့ အချက်အလက်တွေကို ပို့ပေးရမှာဖြစ်ပါတယ်။ ဒါကို ပြန်စိစစ်ပြီး FIFA က သတ်မှတ်ထားတဲ့ ထောက်ပံ့ငွေတွေကို အသင်းတွေဆီ ပေးအပ်မှာပါ။ လိဂ်ကော်မတီက အသင်းတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေကို ကူညီလုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ လာမယ့်နှစ် ဇန်နဝါရီလမှာ ထောက်ပံ့ငွေတွေ ရနိုင်မယ်လို့ မျှော်မှန်းထားပါတယ် ဟု ဦးစိုးမိုးကျော်ကပြောသည်။
ထို့ပြင် မြန်မာနေရှင်နယ်လိဂ်ကော်မတီ အနေဖြင့်လည်း ပြည်တွင်းကလပ်အသင်း များကို နှစ်စဉ် ထောက်ပံ့ငွေ ပေးအပ်ရန် စီစဉ်ထားကြောင်း ဦးစိုးမိုးကျော်ကပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)သည် ၂၀၂၀ ဘောလုံးရာသီတွင် COVID- 19 ရောဂါကြောင့် ပြည်တွင်းလိဂ် ပြိုင်ပွဲများအနက် လိဂ်-၁ ပြိုင်ပွဲတစ်ခုသာ ကျင်းပနိုင်ခဲ့သည်။ ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ် ကလပ် အသင်းသုံးသင်းသည် COVID- 19 ရောဂါကြောင့် ဘဏ္ဍာရေး အကျပ်အတည်းဖြစ်ပေါ်၍ အသင်း ဖျက်သိမ်းခဲ့ရပြီး ကျန်အသင်းတချို့လည်း ဖျက်သိမ်းရန် သတင်းများ ထွက်ပေါ်လျက်ရှိကြောင်း သိရသည်။
ကိုရဲ