ကိုယ်၀န်ဆောင်နှင့် အာဟာရဆိုင်ရာအကြံပြုချက်များ

ကိုယ်၀န်ဆောင်နှင့် အာဟာရဆိုင်ရာအကြံပြုချက်များ

အာဟာရတည်းဟူသော အကြောင်းကြောင့် လူတို့ နေ့စဉ် အစာစားကြသည်။ သင့်လျော်သည့် အစား အသောက်ကို စားသောက်ပါက ဆေးသောက်သကဲ့သို့ပင် အကျိုးအာနိသင်ရရှိစေမည်။ အစာမှ ရသရည်၊ ရသရည်မှ သွေး၊ သွေးမှ အသား၊ အသားမှ အဆီ၊ အဆီမှ အရိုး၊ အရိုးမှ ခြင်ဆီ (ရိုးတွင်းခြင်ဆီ) စသည့်ဓာတ်တို့ အသီးသီးပွားစီးကာ ခန္ဓာကိုယ်ကြီးအား ကောင်းစွာပံ့ပိုးပေးထားသည်။ အထူးသဖြင့် ကိုယ်၀န်ဆောင်ချိန်တွင် အာဟာရဓာတ် ပို၍လိုအပ်သည်။

ကိုယ်၀န်ဆောင်ချိန် ခုခံအားနည်းခြင်း၊ သွေးအားနည်းခြင်း၊ သွေးတိုးခြင်း၊ သတိလစ်ခြင်း သို့မဟုတ် မူးလဲခြင်း၊ သားလျှောခြင်း၊ လမစေ့မီ မီးဖွားခြင်း၊ ဗိုက်ခွဲမွေးရခြင်း စသည်တို့သည် ကိုယ်၀န်ဆောင် အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်သည်။ ကိုယ်၀န်ဆောင်ချိန် အတွေ့ရများသော အာဟာရချို့တဲ့မှု ပြဿနာများသည် သံဓာတ်ချို့တဲ့ခြင်း၊ ဗီတာမင် B-12 ချို့တဲ့ခြင်း၊ ဖောလစ်အက်စစ်ချို့တဲ့ခြင်း၊ ဗီတာမင်ဒီ ချို့တဲ့ခြင်း၊ အိုင်အိုဒင်းချို့တဲ့ခြင်း၊ ဗီတာမင်စီချို့တဲ့ခြင်းနှင့်  Omega-3  Fatty  acids  ချို့တဲ့ ခြင်းတို့ကြောင့် ဖြစ်သည်။

ထို့ပြင် အစကောင်းမှ အနှောင်းသေချာဆိုသကဲ့သို့ ကိုယ်၀န်ဆောင်ချိန်မတိုင်မီ သားသမီးယူမည့် မိခင် လောင်းများအနေဖြင့် ကိုယ်၀န်ဆောင်အာဟာရ ဓာတ်ကြီးသုံးမျိုးကို အထူးအလေးပေး မှီဝဲစားသုံးသင့် သည်။  ယင်းတို့မှာ ဖောလစ်အက်စစ်၊ ဗီတာမင် B-12 နှင့် Omega-3 Fatty acids တို့ဖြစ်သည်။

-        ဖောလစ်အက်စစ်ကြွယ်၀သော အစားအစာများမှာ    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ ဖြစ် သည့် ဟင်းနုနယ်၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်၊ မုန်ညင်းစိမ်း၊ ဆလတ်ရွက်၊ ပဲတောင့်ရှည်၊ ပဲသီး အမျိုးမျိုးနှင့် ငှက်ပျောသီးမှည့် စသည်တို့ဖြစ်သည်။

-        ဗီတာမင် B-12 ကြွယ်၀သော အစားအစာများမှာ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ငါးအမျိုးမျိုး၊ အနီရောင် နှင့် အဖြူရောင် အသားအမျိုးမျိုး စသည်တို့ဖြစ်သည်။

-        Omega-3 Fatty acids ကြွယ်၀သော အစားအစာများမှာ အဆီများသော ပင်လယ်ငါး၊ ရေချို ရေငန်စပ်ငါး၊ အခွံမာသီး၊ အစေ့အဆန်များနှင့် ဟင်းရွက်ဆီ စသည်တို့ဖြစ်သည်။

ကိုယ်၀န်ဆောင်ချိန် သွေးအားနည်းရောဂါ ကြိုတင်ကာကွယ်နည်း

ကိုယ်၀န်ဆောင်များတွင် အဖြစ်များသည့် သွေးအားနည်းရောဂါကို အောက်ဖော်ပြပါ နည်းလမ်း ကောင်းတို့ဖြင့် ကြိုတင်ကာကွယ်နိုင်သည်။

-        ရက်ချိန်းအတိုင်း ပုံမှန် ကိုယ်၀န်ပြသစစ်ဆေးပါ။

-        အာဟာရမျှတစွာ စားသောက်ပါ။

-        သံဓာတ်ပြည့်၀သော အစားအစာများ စားသုံးပါ။

-        သံဓာတ်စုပ်ယူမှု အားကောင်းစေရန် နံနက်စာ၊ ညစာ၊ သရေစာ စသည်ဖြင့် အစားအစာ စားသုံးသည့်အခါတိုင်း ဗီတာမင်စီပြည့်၀သော အစားအစာများကို တွဲဖက်စားသုံးပါ။ ချဉ်သော သစ်သီးများ၊  လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီးတို့သည် ဗီတာမင်စီပြည့်၀သော အစား အစာများ ဖြစ်သည်။

-        ကိုယ်၀န်ဆောင်ချိန် လိုအပ်သော ဖြည့်စွက်အာဟာရများကို ဆရာ၀န်ညွှန်ကြားချက်အတိုင်း သောက်သုံးပါ။

သွေးတိုးနေသော ကိုယ်၀န်ဆောင်များအတွက် အကြံပြုချက်

ကိုယ်၀န်ဆောင်သွေးတိုးခြင်းကလည်း အာဟာရချို့တဲ့ခြင်း တစ်မျိုးဖြစ်သဖြင့် အာဟာရပြည့်၀စွာ စားသောက်ရန်   လိုအပ်သည်။   အသီးအရွက် များများစားပေးပါ။ အသင့်စား အစားအသောက်များ ရှောင်ကြဉ်ပါ။ အငန်လျှော့စားပါ။ ရေဓာတ်ပြည့်၀နေစေရန်  ရေခဲရေ၊ ရေနွေးပူ မဟုတ်သော ရေများများ သောက်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။ အထိုင်လျှော့၍ လမ်းများများလျှောက်ပါ။ သွေးပေါင်ချိန် ပုံမှန် စစ်ဆေးပါ။ ဆေးပုံမှန်သောက်ပါ။ ဝိုင်၊ ဘီယာ၊ အရက်၊ ဆေးလိပ်နှင့် ကွမ်းရှောင်ပါ။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ မရှူရှိုက်မိအောင် သတိထားပါ။ လေထုညစ်ညမ်းခြင်းကလည်း ကိုယ်၀န်ဆောင် သွေးတိုး စေ၍ သတိထားပါ။

ကိုယ်၀န်ဆောင်နှင့် ကယ်လ်စီယမ်ဓာတ် သန္ဓေသား၏ အရိုးနှင့်သွားများ ကြီးထွားမှုအတွက် လိုအပ်ခြင်း နှင့် ခန္ဓာကိုယ်မှ စွန့်ထုတ်မှုများခြင်းတို့ကြောင့် ကိုယ်၀န်ဆောင်ချိန်တွင် ကယ်လ်စီယမ်ဓာတ် ပိုမိုလိုအပ် သည်။ တစ်ရက်လျှင် အနည်းဆုံး ကယ်လ်စီယမ် ၁၀၀၀ မီလီဂရမ် လိုအပ်သည်။ ကိုယ်၀န်ဆောင် ချိန်တွင် ကယ်လ်စီယမ်  ဖြည့်စွက် စားသုံးပေးခြင်းဖြင့် ကိုယ်၀န်ဆိပ်တက်ခြင်း ဖြစ်နိုင်ခြေကို နည်းပါး စေသည်။

အာဟာရပြည့်၀စေရန် အကြံပြုချက်များ

ကိုယ်၀န်ဆောင်မိခင်များ   အာဟာရပြည့်၀နေစေရန် သင့်လျော်သော စားသောက်ပုံနည်းစနစ်များကို အောက်ပါအတိုင်း အကြံပြုလိုပါသည်။

-        နံနက်စာစားရန် မမေ့ပါနှင့်။

-        အမျှင်ဓာတ်ကြွယ်၀သော အစားအစာများ စားပါ။ (ဥပမာ-စိမ်းရောင်ခြယ် အသီးအရွက်များ၊ ဆန်လုံးညို၊ အစိမ်းရောင်ပဲအမျိုးမျိုး၊ ပဲစေ့အမျိုးမျိုး၊ အုတ်ဂျုံ)

-        ကျန်းမာရေးနှင့် ညီညွတ်သော သရေစာစားပါ။  (ဥပမာ-အဆီနည်းသော ဒိန်ချဉ်၊ အချိုပေါ့သော ဘီစကွတ်၊ ကိတ်မုန့်ခြောက်၊ ခရက်ကာ)

-        သံဓာတ်ပါ၀င်သော ဖြည့်စွက်အားဆေး နေ့စဉ်သောက်ပါ။

-        ငါးကို တစ်ပတ်လျှင် အနည်းဆုံး နှစ်ကြိမ် စားပေးပါ။

-        မာကျူရီပါ၀င်မှုများသော ပင်လယ်ငါးများ ရှောင်ပါ။

-        သားစိမ်း၊ ငါးစိမ်း၊ မကျက်တကျက် ချက်ထားသော သားငါးများနှင့် ချိစ် ရှောင်ပါ။

-        ကဖင်းဓာတ်ပါ၀င်သော အစားအသောက်များ လျှော့ပါ။ (ဥပမာ-လက်ဖက်ရည်၊ ကော်ဖီ၊ အားဖြည့် အချိုရည်)

-        ဝိုင်၊ ဘီယာကဲ့သို့ အယ်လ်ကိုဟောပါ၀င်သော အစားအသောက်များ ရှောင်ပါ။

ကိုယ်၀န်ဆောင်ချိန်တွင် သတိထားသင့်သော ဗီတာမင်အေ

ဗီတာမင်အေ၏ သဘောသဘာ၀သည် ရေတွင်ပျော်၀င်ခြင်းမရှိသည့်အတွက် ခန္ဓာကိုယ်က အလွယ် တကူ  မစွန့်ထုတ်နိုင်ပေ။  ခန္ဓာကိုယ်ထဲတွင်   ဗီတာမင်အေ   အများအပြားစုပုံလာခြင်းကို ဗီတာမင်အေ   အဆိပ်အတောက်ဖြစ်ခြင်းဟု ခေါ်သည်။ ကိုယ်၀န်အစောပိုင်းကာလတွင် ဗီတာမင်အေ အလွန်အကျွံများ ပါက သန္ဓေသား၏ အာရုံကြောစနစ်ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ဖြစ်စေပြီး မွေးရာပါချို့ယွင်းမှုများ ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကိုယ်၀န်အစောပိုင်းကာလတွင် ဗီတာမင်အေ အများအပြား မသောက်သင့် ပေ။ ကြက်အသည်း၊ ၀က်အသည်း စသည့် တိရစ္ဆာန်အသည်းများတွင် ဗီတာမင်အေ များပြားစွာ ပါရှိနေသဖြင့် ဆင်ခြင်စားသုံးသင့်သည်။

ကိုယ်၀န်ဆောင်များ ရင်ပူသက်သာစေရန်

ကိုယ်၀န်ဆောင်အများစုတွင် ရင်ပူရင်ကယ်ခြင်းကို ခံစားရလေ့ရှိသည်။ ထို့ကြောင့် ကိုယ်၀န်ဆောင်ချိန် တွင် ရင်ပူသက်သာစေရန် နည်းလမ်းကောင်းတချို့ကို အကြံပြုလိုပါသည်။

-        အစားအစာကို တစ်ခါတည်း အများကြီးမစားပါနှင့်။ နည်းနည်းနှင့် ခဏခဏစားပေးပါ။

-        အစား တစ်ချိန်နှင့်တစ်ချိန်ကြား ရေသောက်ပါ။ သို့သော် အစာစားနေစဉ် ရေမသောက်ပါနှင့်။

-        အစာစားနေချိန် ခန္ဓာကိုယ်ကို ဖြောင့်ဖြောင့် တန်းတန်းထိုင်ပါ။

-        ဖြည်းဖြည်းစားပါ။

-        အစာစားပြီးပြီးချင်း အိပ်ရာထဲ မလှဲပါနှင့်။

-        ညအိပ်ခါနီး အစာများများမစားပါနှင့်။

-        ကဖင်းဓာတ်ပါသော ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာမသောက်ရပါ။

-        အချဉ်စူးသော သစ်သီးများနှင့် ယင်းသစ်သီး ဖျော်ရည်များရှောင်ပါ။

-        အစပ်နှင့် အဆီများသော အစားအစာများ ရှောင်ပါ။

-        ဆေးလိပ်၊ အရက်ရှောင်ပါ။

-        ခေါင်းအုံးမြင့်မြင့်အုံးပါ။

အထူးသတိပြုရန်မှာ ကိုယ်၀န်ဆောင်ချိန်တွင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ငုံးဥ တို့ကို အစိမ်းမစားပါနှင့်။ ထို့ပြင် Half Boiled/Half Fried ခေါ် မကျက်တကျက် ပြုတ်စားခြင်း၊ အနှစ်ကို မကျက်တကျက် ကြော်စားခြင်းမပြုပါနှင့်။ မကျက်တကျက် ချက်ထားသော အသား၊ ငါးတို့ကိုလည်း မစားပါနှင့်။ ပိုးမသတ်ရသေးသော၊ မကြိုချက်ရသေးသော နွားနို့အပါအ၀င် တိရစ္ဆာန်ထွက် နို့အမျိုးမျိုးတို့ကို ရှောင်ပါ။

အချုပ်ဆိုရသော် မွေးကင်းစကလေးသေဆုံးမှုသည် မိခင်၏ ကျန်းမာရေးအခြေအနေနှင့် တိုက်ရိုက်ဆက် နွှယ်လျက်ရှိသည်။ အထူးသဖြင့် ကိုယ်၀န်ဆောင်စဉ် မိခင်၏ အာဟာရ၊ မွေးဖွားစဉ်နှင့် မီးတွင်းကာလ ကျန်းမာရေး စောင့်ရှောက်မှုများသည် မွေးကင်းစ ကလေးတစ်ဦး၏ ကျန်းမာရေးအတွက် အဓိက အဆုံးအဖြတ်ပေးသည့် အကြောင်းရင်းများ ဖြစ်သည်။ ထို့ကြောင့် မမွေးဖွားမီ ကိုယ်၀န်ရှိချိန်မှစ၍ စနစ်တကျ ကိုယ်၀န်ဆောင် စောင့်ရှောက်မှုခံယူရန်၊ တတ်ကျွမ်းသူနှင့် မွေးဖွားရန်၊ အခြေခံ မွေးဖွားစ ကလေးပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုနှင့် အထောက်အပံ့ပစ္စည်းများ ရရှိရန်တို့မှာလည်း အရေးကြီးသည့် လိုအပ်ချက်များဖြစ်ကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

ပေါက်ပေါက်

Dates: 
Friday, September 6, 2024 - 08:42