AYA Pay Futsal Championship 2024 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

AYA Pay Futsal Championship 2024 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

ရန်ကုန်     စက်တင်ဘာ     ၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် AYA Pay Futsal Cham-pionship 2024 ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက် ၉ နာရီခွဲမှစတင်ပြီး ရန်ကုန်မြို့  MFF  Futsal  Stadium ၌   ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲကို လိဂ်(၁)ကလပ်အသင်း ကိုးသင်း၊ လိဂ်(၂)ကလပ်အသင်း ကိုးသင်း၊ မန္တလာလိဂ်မှ ကလပ်အသင်း နှစ်သင်း၊ ၂၀၂၄ အပျော်တမ်းပြိုင်ပွဲမှ ကလပ်အသင်း ၁၂ သင်းဖြင့် ကျင်းပနေခြင်းဖြစ်သည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်များအဖြစ် ယနေ့ နံနက် ၉ နာရီခွဲတွင် Pyae Sone FCအသင်းနှင့် TG United အသင်းတို့ကစားခဲ့ရာ Pyae Sone FC အသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့်အတွက် Pyae Sone FC အသင်းသည် AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးကိုယ်စားပြု ကလပ် အသင်းများတွင် ပထမဆုံးဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်လာခဲ့သည်။

အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် Winner Soccer အသင်းနှင့် MH Dream Team အသင်းကစားခဲ့ရာ Winner Soccer အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် VUC FC အသင်းနှင့် Futsal 19 FC အသင်းတို့ကစားခဲ့ရာ VUC FCအသင်းက ၆ ဂိုး  ၃ ဂိုးဖြင့်လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် Seven FC အသင်းနှင့် MIU FC အသင်းတို့ကစားခဲ့ရာ MIU FC အသင်းက ၇ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်သို့ အသီးသီး တက်ရောက်နိုင်ခဲ့ကြကြောင်း သိရသည်။

AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူးနိုင်သည့် အသင်းအနေဖြင့်   အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် အာဆီယံကလပ် ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက် ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Friday, September 6, 2024 - 09:24