Airbus ကုမ္ပဏီက လနှင့်အင်္ဂါဂြိုဟ်လေ့လာရေး ယာဉ်အသစ်ကိုစမ်းသပ်နေ

Airbus ကုမ္ပဏီက လနှင့်အင်္ဂါဂြိုဟ်လေ့လာရေး ယာဉ်အသစ်ကိုစမ်းသပ်နေ

ဥရောပလေကြောင်းအာကာသကုမ္ပဏီ တစ်ခုဖြစ်သော Airbus ကုမ္ပဏီက လနှင့် အင်္ဂါဂြိုဟ် လေ့လာရေးအတွက် မျိုးဆက် သစ်ယာဉ်အသစ်ကို ဗြိတိန်နိုင်ငံ ဘတ်ဖို့ ရှိုင်းယားရှိ ကျောက်မိုင်းတစ်ခု၌ လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်လျက်ရှိသည်။

စမ်းသပ်နေသည့် ယာဉ်အသစ်များမှာ လေးဘီးတပ်နှင့် ခြောက်ဘီးတပ်ယာဉ်များ ဖြစ်ပြီး ၎င်းတို့ကို ကိုဒီနှင့်ချာလီဟုအမည် ပေးထားကာ ယခုစမ်းသပ်မှုတွင် ၎င်းတို့၏ အခြေအနေအမျိုးမျိုးတွင် စွမ်းဆောင် ရည်ကို သုံးသပ်မှုများ လုပ်ခြင်းဖြစ်သည်။

ကိုဒီတွင် လမ်းကြောင်းပြကင်မရာများ နှင့် စက်ရုပ်လက်တံတစ်ခုတို့ကိုတပ်ဆင် ထားသောကြောင့် ကျောက်သားများကို အလိုအလျောက်ကောက်ယူကာ လေလုံ ဘူးထဲတွင်ထည့်သိမ်းနိုင်မည်ဖြစ်သည်။

ချာလီကို အထူးဖန်တီးထားသည့် ဆိုင်းထိန်းစနစ် တပ်ဆင်ထားသောကြောင့် ၎င်း၏ဘီးထက်  နှစ်ဆမြင့်သော အတားအဆီးများကိုပင်  လွယ်လင့်တကူ ကျော်ဖြတ်နိုင်မည် ဖြစ်သည်။

လ၏ မျက်နှာပြင်တွင် ချိုင့်ဝှမ်းများ၊ ကျောက်တုံးကျောက်ခဲများနှင့် ဖုန်မှုန့်များ များစွာ တည်ရှိ သောကြောင့် ဂြိုဟ်ပေါ်သွား ယာဉ်များ၏ သွားလာနိုင်စွမ်းနှင့်ရှင်သန် နိုင်စွမ်းတို့အပေါ် အမြဲတစေ စိန်ခေါ်မှုဖြစ် နေသည်။

ထို့ကြောင့် ယခုကဲ့သို့သဏ္ဌာန်တူမြေပြင်၌ စမ်းသပ်မှုများ လုပ်ဆောင်ခြင်းသည် ထိုစနစ်များ၏   ဖြစ်လာ နိုင်ဖွယ်ရှိသော အားနည်းချက်များကို ဖော်ထုတ်နိုင်စေမည် ဖြစ်သည်။                          

Ref: IE K.H

Dates: 
Friday, September 6, 2024 - 09:44