ကမ္ဘာ့အကောင်းဆုံးဆုများပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည် အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများထုတ်ပြန်

ကမ္ဘာ့အကောင်းဆုံးဆုများပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၈ ရက်တွင် ပြင်သစ်နိုင်ငံ၌ ကျင်းပမည် အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများထုတ်ပြန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ပြင်သစ်နိုင်ငံ အခြေစိုက် France Football တို့  ပူးပေါင်းရွေးချယ် ပေးအပ်မည့် ၂၀၂၄ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဆုများ ပေးအပ်ပွဲအခမ်းအနားတွင် ပေးအပ်မည့် အကောင်းဆုံးဆုများအတွက် ဆန်ခါတင်စာရင်းများကို ထုတ်ပြန်ရာတွင် ကမ္ဘာ့အကောင်းဆုံး အမျိုးသား ကစားသမားဆု (Ballon d'Or) အတွက် ဆန်ခါတင် ကစားသမားဦးရေ  ၃၀ စာရင်း၌ လက်ရှိဘောလုံး လောကတွင်  အအောင်မြင်ဆုံးနှင့်  အကောင်းဆုံး ကစားသမားနှစ်ဦးဟု ကမ္ဘာတစ်ဝန်းက သတ်မှတ် ထားသည့် အင်တာမိုင်ယာမီအသင်းမှ မက်ဆီနှင့် အယ်နာဆာအသင်းမှ  စီရော်နယ်ဒိုတို့  ပထမဆုံး အကြိမ်အဖြစ် လွဲချော်ခဲ့ကြကြောင်း သိရသည်။

လက်ရှိ ဘောလုံးလောကတွင် နောက်ဆုံးဆယ်စု နှစ်နှစ်ခုအတွင်း ကမ္ဘာ့အကောင်းဆုံး အမျိုးသား ကစားသမားဆု(Ballon d'Or) ကို မက်ဆီနှင့် စီရော် နယ်ဒိုတို့က အပြန်အလှန်ဆွတ်ခူးနိုင်ခဲ့ကြပြီး ၎င်း တို့နှစ်ဦးအပြင် လက်ရှိရီးယဲလ်မက်ဒရစ်အသင်းမှ လူကာမိုဒရစ်နှင့် လက်ရှိ အယ်အီတီဟတ်အသင်း မှ ဘင်ဇီမာတို့က တစ်ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသားကစားသမားဆု (Ballon d'Or) ကို နောက်ဆုံးဆယ်စုနှစ်နှစ်ခုတွင် မက်ဆီနှင့် စီရော်နယ်ဒိုတို့က ဆုမရလျှင်လည်း ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်ခဲ့သည်အထိ လွှမ်းမိုးမှုရှိခဲ့သော်လည်း ယခုနှစ်တွင် ၎င်းတို့နှစ်ဦးမပါဝင်သည့် ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။

ကမ္ဘာ့အကောင်းဆုံးအမျိုးသားကစားသမားဆု (Ballon d'Or)အတွက် ဆန်ခါတင်ကစားသမားဦးရေ ၃၀ စာရင်းထုတ်ပြန်ရာတွင် ပြီးခဲ့သည့်ဘောလုံးရာသီ က  ချန်ပီယံလိဂ်ပြိုင်ပွဲတွင်  ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်စီးတီးအသင်း တို့မှ ကစားသမားအများစု ပါဝင်လာခဲ့ကြသည်။

ဆန်ခါတင်ကစားသမားဦးရေ ၃၀ စာရင်းတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘယ်လင်ဟမ်၊ ဗယ်ဗာဒီ၊  ဗင်နီစီးယက်စ်၊  တိုနီခရူးစ်၊  ကာဗာဂျယ်၊ အမ်ဘတ်ပီ၊  ရူဒီဂါ၊  မန်စီးတီးအသင်းမှ  ဒီယက်၊ ဖိုဒန်၊  ဟာလန်း၊ ရိုဒရီ၊ အက်စ်တွန်ဗီလာအသင်းမှ  အီမီလီနိုမာတီ နက်ဇ်၊  ဘီလ်ဘာအိုအသင်းမှ  ဝီလီယံ၊ လေဗာကူဆင် အသင်းမှ ရှာကာ၊ ဖလိုရီယန်ဝက်ဇ်၊  ဂါမယ်ဒို၊ ဂီရိုနာ အသင်းမှ  ဒေါ့ဗိုက်၊  ဘာစီလိုနာ အသင်းမှ   အိုလ်မို၊ ယာမယ်၊ အာဆင်နယ်အသင်းမှ အိုဒီဂတ်၊ ဒီကလန် ရိုဒ်၊  ဆာကာ၊  ဆလီဘာ၊  ရိုးမား အသင်းမှ  မက်ဟမ် မဲလ်၊   ဘိုင်ယန်မြူးနစ်အသင်းမှ   ဟယ်ရီကိန်း၊ ပီအက်စ်ဂျီအသင်းမှ ဗီတင်ဟာ၊ ချယ်လ်ဆီးအသင်း မှ ကိုးလ်ပယ်မာ၊  အင်တာမီလန်အသင်းမှ  ကယ်ဟာ နိုဂလူ၊  လူတာရိုမာတီနက်ဇ်၊  အတ္တလန္တာအသင်းမှ လွတ်မန်းတို့ ပါဝင်ခဲ့ကြသည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသားကစားသမားဆု (Ballon d'Or)ကို ၁၉၅၆ ခုနှစ်ကစတင်ပြီး စိစစ် ရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကာ ပထမဆုံးအကြိမ် ပေးအပ်သည့်နှစ်တွင် အင်္ဂလန်အသင်းနှင့် ဘလက်ပူး အသင်းတို့ မှ စတန်လေမက်သရူးစ်က ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့အကောင်းဆုံးအမျိုးသားကစားသမားဆု (Ballon d'Or)ကို အကြိမ်ရေအများဆုံး ရရှိထားသည့် ကစားသမားအဖြစ် မက်ဆီကရပ်တည်နေပြီး မက်ဆီ က ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်တို့တွင် လေးနှစ်ဆက် ဆွတ်ခူးနိုင်ခဲ့သည့်အပြင်  ၂၀၁၅ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် တို့တွင်လည်း  ထပ်မံဆွတ်ခူးနိုင်ခဲ့ပြီး  စုစုပေါင်း ရှစ်ကြိမ်  ဆွတ်ခူးနိုင်ခဲ့ကာ  အကြိမ်ရေအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

စီရော်နယ်ဒိုကလည်း ၂၀၀၈ ခုနှစ်၊ ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ငါးကြိမ်ဆွတ်ခူးထားပြီး ဒုတိယအကြိမ်ရေအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့်အပြင် ဆန်ခါ တင် ကစားသမားစာရင်းတွင်လည်း ၁၈ ကြိမ်အထိ ပါ၀င်နိုင်ခဲ့ကာ ဆန်ခါတင်ကစားသမားစာရင်းတွင် ပါဝင်မှု အကြိမ်ရေ အများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။

ကမ္ဘာ့တစ်နှစ်တာ လူငယ်အကောင်းဆုံး ကစားသမားဆု(Kopa Trophy)အတွက် ဆန်ခါတင်ကစား သမား ၁၀ ဦးစာရင်းတွင် ပြီးခဲ့သည့်ဘောလုံးရာသီက သက်ဆိုင်ရာ ကလပ်အသင်းများနှင့်  အကောင်း ဆုံးခြေစွမ်းပြနိုင်ခဲ့သည့် ကစားသမားအများစု ပါ၀င် လာခဲ့ကြသည်။

ကမ္ဘာ့တစ်နှစ်တာလူငယ်အကောင်းဆုံးကစား သမားဆု(Kopa Trophy)ကို ကမ္ဘာတစ်ဝန်းမှ အသက် ၂၁  နှစ်အောက်ကစားသမားများမှ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး အဆိုပါဆုကို ၂၀၁၈ ခုနှစ်က စတင် ရွေးချယ် ပေးအပ်ခဲ့ကာ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ တစ်နှစ်တာ  လူငယ်အကောင်းဆုံးကစားသမားဆု

(Kopa Trophy) ဆန်ခါတင်ကစားသမား ၁၀ ဦး စာရင်းတွင်  ဘာစီလိုနာအသင်းမှ  ကူဘာစီနှင့် ယာမယ်၊ မန်ယူအသင်းမှ ဂါနာချိုနှင့် ကိုဘီမိုင်နူး၊ ရီးယဲလ်မက်ဒရစ်အသင်းမှ အာဒါဂူလာ၊  ဆဲလ်ဘော့ အသင်းမှ ကိုနာတေး၊  ပြီးခဲ့သည့်အပြောင်းအရွှေ့ ကာလက  ဘင်ဖီကာအသင်းမှ  ပီအက်စ်ဂျီအသင်းသို့  ပြောင်းရွှေ့ လာခဲ့သည့် ဂျာအိုနီဗက်၊ ဂျီနိုအာအသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် ဆာဗင်ဟို၊ ဘိုင်ယန်မြူးနစ်အသင်းမှ မက်သရူးတဲလ်၊ ပီအက်စ်ဂျီအသင်းမှ ဇိုင်ယာအမ်မရီတို့ ပါဝင်လာခဲ့ကြပြီး   အဆိုပါဆုအတွက် ဘာစီလိုနာအသင်းတွင် သာမက စပိန်အသင်းနှင့်ပါ အကောင်းဆုံးခြေစွမ်းပြ နိုင်ခဲ့ပြီး  ယူရို ၂၀၂၄ ပြိုင်ပွဲတွင် စပိန်အသင်းနှင့်အတူ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ကာ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆု ဆွတ်ခူးနိုင်ခဲ့သည့် ယာမယ်က တခြားကစားသမားများထက်  ဆုရရှိရန် ရေပန်းစားလျက်ရှိသည်။

ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဆု(Yashin Trophy) အတွက် ဆန်ခါတင်ဂိုးသမားစာရင်းတွင် ပေါ်တို အသင်းမှ  ဒီယေဂိုကော်စတာ၊  ပီအက်စ်ဂျီအသင်းမှ ဒွန်နာရမ်မာ၊ ‌ ဒေါ့မွန်အသင်းမှ ကိုဘယ်၊  ရီးယဲလ် မက်ဒရစ်အသင်းမှ  လူနင်၊  အေစီမီလန်အသင်းမှ မိုက်မိုင်နန်၊ ဗလင်စီယာအသင်းမှ မာမာဒက်ရှ်ဗီလီ၊ အက်စ်တွန်ဗီလာအသင်းမှ မာတီနက်ဇ်၊ ဘီလ်ဘာ အိုအသင်းမှ အူနိုင်းဆိုင်မွန်၊ အင်တာမီလန်အသင်းမှ ဆွန်မာ၊ ဆန်းဒေါင်းအသင်းမှ ရိုဝန်ဝီလီယံတို့ ပါဝင် လာခဲ့ကြသည်။

ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံး အမျိုးသမီး ကစားသမားဆုအတွက် ဆန်ခါတင်ကစားသမား စာရင်း တွင် ဘန်ဒါ၊ ဘွမ်မာတီ၊ ဘရွန်ဇီ၊ ကယ်ဒန်တီ၊  ဂျီယိုရို၊  ဂူဂယ်လီနို၊  ဂရေဟမ်ဟမ်ဆန်၊ ဂူဂျီယာရို၊ ဂျီဝင်၊ ဟာဆီဂါဝါ၊ ဟီဂါဘတ်ချ်၊ လူရန်ဟန့်၊ လင်ဆီ ဟိုရမ်၊ လူရမ်ဂျိမ်း၊ ကာတိုတို၊ နာဟီရာ၊ နူကန်၊ ပါဂျို၊ ပါရယ်လူလို၊  ပူတဲလက်စ်၊  ရာမီးယက်စ်၊  ရို့မန်း၊ ရှက်အူလာ၊  ချော၊  စမစ်၊  ဆွမ်ဆန်၊  တာကိုင်နီနှင့် ဗီဂိုဒိတယ်ရီတို့ ပါဝင်ခဲ့ကြသည်။

ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးအမျိုးသား အသင်းဆုအတွက် ဆန်ခါတင်စာရင်းတွင် ချန်ပီယံလိဂ် ဖလား၊ စပိန်လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်း၊ ဂျာမန်ဘွန်ဒက်စ်လီဂါ ဖလားကို ရှုံးပွဲမရှိဘဲ ဆွတ်ခူးနိုင်ခဲ့သည့် လေဗာကူ ဆင်အသင်း၊ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီး အသင်း၊  ပြီးခဲ့သည့်ဘောလုံးရာသီက  အံ့အားသင့် ဖွယ်ရလဒ်များ စွမ်းဆောင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရရှိ ခဲ့သည့် ဂီရိုနာအသင်း၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့သည့် ဒေါ့မွန်အသင်းတို့ ပါ၀င်ခဲ့ ကြသည်။

ကမ္ဘာ့အကောင်းဆုံး နည်းပြဆုအတွက် ဆန်ခါတင်စာရင်းတွင် လေဗာကူဆင်အသင်းနည်းပြ ဇာဗီ အလွန်ဆို၊   ရီးယဲလ်မက်ဒရစ် အသင်းနည်းပြ အန်ဆယ်လော့တီ၊  မန်စီးတီးအသင်းနည်းပြ  ဂွါဒီ ယိုလာ၊    ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သည့် အတ္တလန္တာအသင်းနည်းပြ ဂက်စ်ပါရီနီ၊ ၂၀၂၃ ခုနှစ် က ကမ္ဘာ့ အကောင်းဆုံး နည်းပြဆုရရှိခဲ့သည့် အာဂျင် တီးနားအသင်းနည်းပြ စကာလိုနီနှင့် ယူရို  ၂၀၂၄  ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်  စပိန်အသင်းနည်းပြ ဒီလာဖွန်တီတို့ ပါဝင်ခဲ့ကြသည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးအသင်း နည်းပြဆုအတွက် ဆန်ခါတင်နည်းပြစာရင်းတွင် လိုင်ယွန် အမျိုးသမီးအသင်းနည်းပြဟောင်း လက်ရှိ ချယ်လ်ဆီးအမျိုးသမီး အသင်းနည်းပြ ဘွန်ပါစထရီ၊      ကိုယန်သီရင် အမျိုးသမီးအသင်းနည်းပြ အီလစ်စ်၊ ဘာစီလိုနာအမျိုးသမီး အသင်းနည်းပြ ဂျီရယ်ဒက်ဇ်၊ ချယ်လ်ဆီး အမျိုးသမီးအသင်းနည်းပြဟောင်း လက်ရှိ အမေရိကန်အမျိုးသမီးအသင်းနည်းပြ အမ်မီ ဟေးလ်၊ ဘင်ဖီကာအမျိုးသမီးအသင်းနည်းပြ ပါတာအိုနှင့် အင်္ဂလန် အမျိုးသမီးအသင်းကို အမျိုးသမီး ယူရိုဖလား ဆွတ်ခူးပေးနိုင်ခဲ့သည့် နည်းပြ ဝှစ်မန်းတို့ ပါဝင်လာခဲ့သည်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးအသင်းဆုအတွက်ဆန်ခါတင် အသင်းစာရင်းတွင် ဘာစီလိုနာအမျိုးသမီး အသင်း၊ ချယ်လ်ဆီးအမျိုးသမီး အသင်း၊ အမေရိကန်ကလပ် NJ/NY Gotham အသင်း၊ လိုင်ယွန် အမျိုးသမီး အသင်းနှင့် ပီအက်စ်ဂျီ အမျိုးသမီးအသင်းတို့ ပါ၀င်လာခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့အကောင်းဆုံးဆုများ ပေးအပ်ပွဲ အခမ်းအနားကို  အောက်တိုဘာလ  ၂၈   ရက်တွင် ပြင်သစ် နိုင်ငံ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

စည်သူအောင်

Dates: 
Friday, September 6, 2024 - 09:59