ညအိပ်မပျော်ရောဂါနှင့် အိပ်ပျော်စေနိုင်သော နည်းလမ်းကောင်းများ

ညအိပ်မပျော်ရောဂါနှင့် အိပ်ပျော်စေနိုင်သော နည်းလမ်းကောင်းများ

ရောဂါမှန်သမျှတွင် ညအိပ်မပျော်သော ရောဂါသည် ကုရခက်သောရောဂါအမျိုး အစားတွင်ပါဝင်သည်။ အိပ်မပျော်ခြင်း၏ အကြောင်းရင်းကို မရှာဖွေဘဲ အိပ်ဆေး အမျိုးမျိုးသုံးစွဲခြင်းဖြင့် ရောဂါပိုဆိုးစေ နိုင်သည်။ ဆေးအမျိုးမျိုးသုံးစွဲရင်း နောက်ဆုံးတွင် ဆေးမတိုးတော့သော အိပ်မပျော်ရောဂါဖြစ်နိုင်သည်။

စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အိပ်မပျော်သောရောဂါ ၁၀ နှစ်ကြာမျှ ခံစားခဲ့ရဖူးသည်။   ဆရာဝန်နှင့် ပြသရင်း  အိပ်ဆေးအမျိုးမျိုးသုံးစွဲရာမှ  အိပ်ဆေး အပြင်းစားသောက်ရသည့် အ‌‌ခြေအနေသို့ ရောက်ရှိခဲ့ သည်။ နောက်ဆုံးတွင်  စိတ် ရောဂါကုဆရာဝန်နှင့်ပြသပြီး အကြံပေးချက်များကို လိုက်နာခဲ့ရသည်။ နောက်ဆုံးတော့ ထိုင်းနိုင်ငံရှိ ဘန်ကောက်ဆေးရုံကြီးသို့ သွားရောက်ကုသရတော့သည်။

စာရေးသူ၏ ဒုတိယမိတ်ဆွေ ညအိပ် မပျော်သူတစ်ဦးလည်း ရှိသေးသည်။ သူသည် သတင်းစာတိုက် တစ်ခု၏ တာဝန်ရှိသူတစ်ဦးဖြစ်သည်။ နောက်တစ်နေ့ နံနက်တွင် သတင်းစာတစ်စောင် အမှား အယွင်းမရှိ ထွက်ရှိနိုင်ရန်    စာလုံးပေါင်း သတ်ပုံမှအစ စစ်ဆေးရသည်။  သတင်း စာဖောင်ပိတ်ချိန်မှာ ညဉ့်သန်းခေါင်ကျော် အချိန်ဖြစ်သည်။

တတိယမိတ်ဆွေတစ်ဦးမှာ အငြိမ်းစား အရာရှိတစ်ဦးဖြစ်သည်။ မန္တလေးမြို့သစ် တွင် နေထိုင်သည်။  သူ့အိမ်ရှေ့တွင် အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်ရှိပြီး ကုန် တင်၊ ကုန်ချကားကြီးများ အဝင်အထွက် ပြုလုပ်ကြသည်။

ထို့ပြင် သူ့အိမ်နံဘေးကပ်လျက်မှ နှစ်ထပ်တိုက်တွင် စည်ဘီယာဆိုင်နှင့် တွဲလျက် အကင်ဆိုင် ဖွင့်လှစ် ထားသည်။ ထိုအချိန်မှစ၍ သူ၏ အိပ်မပျော်သော ရောဂါမှာ စတင်လာတော့သည်။ ညဆိုလျှင် အကင်ဆိုင်မှ ညှော်နံ့၊ ဆူညံသံ၊ တီဗွီ၊ ဆောင်းဘောက်မှ စပီကာသံ၊ သန်းခေါင် ကျော်အိပ်ကောင်းချိန်တွင်     ဖြတ်မောင်း သွားသောကားကြီးများ၏ မြည်သံတို့ကို နေ့စဉ်တွေ့ကြုံနေရသည်။ ညပေါင်းများ စွာ ဤဒုက္ခကို ခံစားရင်း အိပ်မပျော်သော ဝေဒနာရှင် ဖြစ်မှန်းမသိ ဖြစ်ခဲ့ရသည်။

စတုတ္ထအိပ်မပျော်ရောဂါ စွဲသူတစ်ဦးမှာ စာရေးသူမိတ်ဆွေတစ်ဦး၏ သား ဖြစ်သည်။

ထိုလူငယ်သည် ပညာတတ်ပြီး ဉာဏ်ကောင်းသလောက် ဂိမ်းကစားမက်သည်။ အင်တာနက်ဆိုင်၊ ဂိမ်းဆိုင်များကို အချိန် ရတိုင်း ထိုင်လေ့ရှိသည်။ ဖုန်းဖြင့်ညဉ့်နက် ထိအောင် အင်တာနက်ကြည့်သည်။ ဂိမ်း ကစားသည်။ ထိုလူငယ်သည်  အိပ်မပျော် သော  ရောဂါစွဲလာခဲ့သည်။ အစားလည်း ပျက်လာသည်။ မမျှော်လင့်သောတစ်နေ့တွင် ဘယ်ဘက်ရင်ဘတ်အောင့်ပြီး အန်ရာ မှ Heart Attack နှင့် ရုတ်တရက် လဲကျ သေဆုံးသွားခဲ့ရသည်။ ဖုန်းဖြင့်အိပ်ရေး ပျက်ခံပြီး အင်တာနက်ကြည့်သည့်လူငယ် များ သတိထား စေရန်ဖြစ်သည်။

စာရေးသူဖော်ပြခဲ့သည့် မိတ်ဆွေလေး ဦးအနက် ပထမဆုံးမိတ်ဆွေမှာ ထိုင်းနိုင်ငံ ဘန်ကောက် ဆေးရုံကြီးတွင် ကုသသောအခါ စစ်ဆေးတွေ့ရှိချက်မှာ အိပ်ပျော်နေချိန်တွင် နှလုံးခုန်ရပ်ရပ်သွား သဖြင့် လန့်နိုးပြီး အိပ်မပျော်ခြင်းဖြစ်သည်။ အိပ်ခန်းလုံ၍ သို့မဟုတ် အိပ်ခန်းကျဉ်း၍ အောက်ဆီဂျင်ပြတ်ကာ လန့်နိုးသည်ဟု ယူဆရသည်။ ၎င်းအား လေဝင်လေထွက် ကောင်းသော အခန်းပြောင်းအိပ်ခြင်း သို့မဟုတ် အောက်ဆီဂျင်စက်ဝယ်ပြီး နှာခေါင်းတွင် အောက်ဆီဂျင်ပိုက်တပ်၍ အိပ်စေခြင်းဖြင့်     အိပ်ပျော် စေကြောင်း တွေ့ရသည်။ 

ဒုတိယမိတ်ဆွေမှာ ညအိပ်ပျက်သော ရက်၊ လ များလာသောအခါ အစာအိမ် လည်းမကောင်း၊ ဇက်ကြောတက်ခြင်းနှင့် လေပွခြင်းရောဂါများပါ ဖြစ်လာသည်။ သူ့ကို အလုပ်ပြီးချိန်တွင် ဆန်ပြုတ်တစ် ပန်းကန်သောက်ရန် အကြံပေးသည်။ ဆန်ပြုတ်ကို ဆန်လက်တစ်ဆုပ်၊ ရေ နို့ဆီ ဘူးနှင့်သုံးဘူးစာ ရေနွေးကျိုသည့် လျှပ်စစ်အိုးဖြင့်ပင် ပြုတ်ရန်နှင့် ကြက်သွန်နီတစ်ဥ ကိုလည်း ထည့်ပြုတ်လျှင် ဆန်ပြုတ်ပို၍ နူးလွယ်ပြီး အရသာချိုသည်။ ကြက်သွန်နီ သည် သွေးကြောများကိုပျော့ပြီး အိပ်ပျော် စေနိုင်သည့် အာနိသင်ရှိသည်။

စာရေးသူ၏ လူနာများထဲမှ အိပ်မပျော် သူများကို ညအိပ်ရာဝင်ခါနီး ဆန်ပြုတ် သောက်ရန်နှင့် ကြက်သွန်နီဥကြီးတစ်ဥ ထည့်ပြုတ်ရန် အကြံပေးဖူးသည်။ ပထမ သောက်ခါစတွင် မသိသာသော်လည်း  ရက်သတ္တပတ်ခန့်  သောက်ပြီးသောအခါ  ဝမ်းဗိုက်ထဲမှလေများကျသွားပြီး သိသာစွာ    ညဘက်အိပ်ပျော် လာကြောင်း  သိရသည်။

စားသောက်ဆိုင်ကြီးတစ်ခုမှ စားဖိုမှူး တစ်ဦးကလည်း ညစာစားပွဲများ၌ ဟင်း အနှစ်ပြုလုပ်ရာတွင် ကြက်သွန်နီဥအတော် များများကို ပြုတ်ခြေထည့်လျှင် ဟင်း အရသာချိုသည့်အပြင် ရင်တောင့်ခြင်း၊ အစာမကြေခြင်း၊ အိပ်မပျော်ခြင်းများ မဖြစ်စေနိုင်ကြောင်း ပြောဖူးသည်။

တတိယမိတ်ဆွေ အိပ်မပျော်သူမှာ အိမ်ရှေ့ကားလမ်းမှ ယာဉ်သွားယာဉ်လာများ၏ ဆူညံသံနှင့် တုန်ခါမှုများကြောင့်  အိပ်မပျော်ခြင်းဖြစ်သည်။ သူ့အတွက် အိမ်ရောင်းပြီး တခြားသင့်လျော်သော နေရာသို့ ပြောင်းရွှေ့နေထိုင်ခြင်းမှ တစ်ပါးဆေးမရှိကြောင်း အကြံပေးလိုက်သည်။ မြို့ပြဖွံ့ဖြိုး တိုးတက်မှုသည်  စီးပွားရေး သမားများအတွက် အဆင်ပြေသော်လည်း အေးဆေးစွာနေလိုသူများ အတွက် အခက်အခဲဖြစ်စေနိုင်သည်။ ကျန်းမာရေး ရှုထောင့်မှကြည့်လျှင် အဆင်မပြေသော အရပ်မှ       ပြောင်းရွှေ့နေထိုင်ခြင်းဖြင့် အသက်ရှည်စေနိုင်မည် ဖြစ်သည်။

လူအများ၏ ရောဂါကုသရာတွင် အ‌‌ခြေ အနေအလိုက် အစားအသောက်ပြောင်းရ သည်များရှိသကဲ့သို့ အနေအထိုင်၊ အပြုအမူ ပြောင်းရန် အကြံပေးရခြင်းများလည်းရှိ သည်။ မူလမှားယွင်းမှုကြောင့်ဖြစ်သော ရောဂါကို ကာလ၊ အတ္ထ၊ ကမ္မပြောင်းမှ သာ ကျန်းမာနိုင်မည်ဟု အာယုဗ္ဗေဒဆေး ကျမ်းများကဆိုသည်။

ဥပမာ ဝမ်းချုပ်ပြီး လိပ်ခေါင်းရောဂါ ရှိသူ၊ အစာမကြေ၊ လေထိုးလေအောင့် ရောဂါရှိသူများအဖို့    စားသုံးသောဆန်သည် ရှမ်းဆန်၊ ဆန်စေး၊ ကောက်ညှင်း ဆန်အနွယ်မျိုးဖြစ်နေပါက ဆေးမပေးမီ စားသောဆန်ကို ဦးစွာပြောင်းလဲစားရန် လိုသည်။ ရွှေဘိုမနော်၊ မဂျမ်းတော စသည့် အစာကြေ လွယ်သည့် ဆန်မျိုးပြောင်းစား ရန်လိုသည်။ ထမင်းချက်လျှင်လည်း ပေါင်း အိုးနှင့်ချက်သည်ထက် ထမင်းရည်ငှဲ့ချက်သည်က  ပို၍အစာကြေစေနိုင်သည်ကို အကြံပြုရမည်ဖြစ်သည်။

စတုတ္ထအိပ်မပျော်ရောဂါစွဲသူ ဂိမ်း ကစားမက်သူလူငယ်ကဲ့သို့ပင် လူကြီးများတွင်လည်း အိပ်ရေး ပျက်ခံပြီး ပွဲကြည့်သူ၊လူခြေတိတ်မှ စာရေးစာဖတ်သည့် အကျင့်စွဲနေသူအားလုံးသည် နှလုံးရောဂါ ဖြစ်နိုင်ခြေများသည်။  ရုတ်တရက် နှလုံးအောင့်သည်ဟုဆိုကာ လဲကျသေဆုံးသူ အတော်များများကို လေ့လာကြည့်သော အခါ  အိပ်ရေးပျက်သည့်အလုပ်ကို လုပ်ကြ သူများဖြစ်ကြောင်း တွေ့ရသည်။

ညအိပ်ပျော်အောင် ညစာမစားမီ အရက် သောက်သင့်သလားဟု သောက်တတ်သူ တစ်ဦးက မေးဖူး သည်။ လူ့ခန္ဓာကိုယ်မှ ခံနိုင်သော Limit မှာ နှစ်ပက်ခွဲ (2 1/2pac) ဟု မှတ်သားရဖူးသည်။ ညစာစားပြီးလျှင် မသောက်သင့်တော့ပါ။   အစာမရှိလျှင် အစာအိမ်နှင့်  အူနံရံများကို ဒုက္ခပေးနိုင်သည်။ အရက်မူးလျှင် အိပ်ပျော်သွားတတ် သည်။ နောက်ပိုင်းတွင် အရက်သောက် သောအကျင့်ကြောင့် အိပ်ပျော်ပြီးမှ လန့်နိုးခြင်း၊ ဆတ်ခနဲအကြောဆွဲခြင်းများဖြစ် တတ်သည်။ နှစ်ကြာလျှင် လေဖြတ်နိုင် သည်။

ညအိပ်ရေးပျက်သောအလုပ် လုပ်ရသူ၊ အကြောင်းအမျိုးမျိုးကြောင့် ညအိပ် မပျော်သူ၊ အိပ်ဆေး စွဲနေသူများအတွက် တိုင်းရင်းဆေးပညာ၊ အာယုဗ္ဗေဒဆေး ပညာရှုထောင့်မှ အကြံပြုလိုသည်မှာ-

- ကာလ၊ အတ္ထ၊ ကမ္မဟုခေါ်သော အနေ အထိုင်၊ အစားအသောက်၊ အပြုအမူကို ပြောင်းလဲနိုင်အောင် ကြိုးစားပါ။

- လေပွစေသောအစာများ (လက်ဖက် ရည်၊ ကော်ဖီ၊ လက်ဖက်နှင့် အကြော် အ‌လှော်များ) ညအိပ်ရာ မဝင်မီ မစားမိ အောင် သတိထားရှောင်ကြဉ်ပါ။

-        စွဲလမ်းစေသော ဂိမ်းကစားခြင်း၊ စာဖတ်ခြင်း၊ ရုပ်ရှင်ဇာတ်လမ်းတွဲကြည့်ရှု ခြင်း စသည်များကို ညစဉ်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။

-        ကျဉ်းပြီး လေလုံသောအခန်းတွင် အိပ်စက်ခြင်းမှ ရှောင်ကြဉ်ပါ။ လေဝင်လေထွက် ကောင်းမွန် သော အခန်းတွင် အိပ်စက်ပါ။

-        ထူထဲသော၊ တင်းကျပ်သောအဝတ် အစားကြောင့်လည်း အိပ်မပျော်ဖြစ် နိုင်သည်။ ချည်ထည်ကို ဝတ်ဆင်ပါ။

-        နေ့လယ်ပိုင်းတွင် အချိန်ကြာမြင့်စွာအိပ် စက်ခြင်းကြောင့်လည်း ညအိပ်မပျော် ဖြစ်တတ်သဖြင့် နေ့ဘက်အိပ်ခြင်းကို ရှောင်ကြဉ်ပါ။

-        ညအိပ်မပျော်ဖြစ်လျှင် အိပ်ရာမဝင်မီ နာရီဝက်၊ တစ်နာရီခန့် ကြိုတင်၍ ဆန် ပြုတ်ကျဲကျဲ တစ်ပန်းကန်သောက်ပါ။

-        တရားမှတ်ခြင်း၊ ပုတီးစိပ်ခြင်းဖြင့် လည်း အိပ်ပျော်စေနိုင်သည်။

-        နွေရာသီတွင် ညအိပ်ရာမဝင်မီ ရေချိုး ခြင်းဖြင့်လည်း ကိုယ်အပူချိန်လျော့ကျ ပြီး အိပ်ပျော်စေ နိုင်သည်။    ။

ကြည်လွင်မြင့်(မုဒြာ)

Dates: 
Saturday, September 7, 2024 - 09:49