ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
အိုင်ယာလန် Vs အင်္ဂလန်
ကစားမည့်ရက်/အချိန် (၇-၉-၂၀၂၄ ည ၁၀:၃၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
အင်္ဂလန် ၃ - ၀ အိုင်ယာလန်
အိုင်ယာလန် ၀ - ၀ အင်္ဂလန်
အင်္ဂလန် ၁ - ၁ အိုင်ယာလန်
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
အိုင်ယာလန် အိမ်(ရှုံး) အိမ်(နိုင်) ဝေး(ရှုံး)
အင်္ဂလန် အိမ်(သရေ) ဝေး(နိုင်) ဝေး(ရှုံး)
အခုပွဲစဉ်မှာ အိုင်ယာလန်အသင်းက အိမ်ကွင်း မှာ လက်ခံကစားရမှာဆိုပေမယ့် လက်ရှိကစားသမား စုဖွဲ့မှုပိုင်းမှာတော့ အင်္ဂလန်အသင်းကို တုံ့ပြန် ကစားနိုင်ဖို့ ခက်ခဲမှာပါ။ လက်ရှိအိုင်ယာလန်အသင်း ရဲ့ခြေစွမ်းပိုင်းကလည်း ပုံမှန်အနေအထားမှာမရှိလို့ ထိပ်တန်း ကစားသမားတွေပါဝင်နေတဲ့ အင်္ဂလန် အသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ကစား နိုင်ဖို့ ခက်ခဲမှာပါ။ ဒီအုပ်စုထဲမှာ အိုင်ယာလန်အသင်း က အင်္ဂလန်အသင်းပြီးရင် တခြားအသင်းတွေထက် အင်အားပိုင်း ပိုမိုတောင့်တင်းလို့ သူတို့အတွက် ဒီပွဲစဉ်မှာတော့ ရမှတ်ရှာဖွေနိုင်မှာမဟုတ်ဘဲ ဖင်လန်အသင်း၊ ဂရိအသင်းတို့နဲ့ပွဲစဉ်တွေမှာသာ ရမှတ် ရှာဖွေ နိုင်ပါလိမ့်မယ်။ လက်ရှိ အိုင်ယာလန်အသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းအရတော့ သရေရလဒ်တောင် မျှော်လင့်ဖို့ခက်ခဲမှာပါ။
ဒီအုပ်စုမှာ အင်အားအကြီးဆုံးအသင်းအဖြစ် ပါဝင်လာတဲ့ အင်္ဂလန်အသင်းကတော့ ကိုးလ်ပယ်မာ၊ ဝက်စ်ကင်တို့လို ကစားသမားတွေကို လက်လွှတ်ခဲ့ရတယ်ဆိုပေမယ့် နေရာစုံမှာ ထိပ်တန်းကစားသမား တွေရှိနေလို့ အိုင်ယာလန်အသင်းကို အဘက်ဘက်က အသာစီးရယူနိုင်မှာပါ။ လက်ရှိ အင်္ဂလန်အသင်း တိုက်စစ်ပိုင်းမှာလည်း ဟယ်ရီကိန်းနဲ့ ဆာကာတို့အပြင် ချယ်လ်ဆီးအသင်းနဲ့ ခြေစွမ်းပြနေပြီး သွင်းဂိုးတွေ သွင်းယူထားနိုင်တဲ့ မက်ဒူကီပါဝင်နေလို့ အိုင်ယာလန်အသင်းခံစစ်ပိုင်းကို အကောင်းဆုံး ဖိအားပေး ကစားနိုင်စွမ်းရှိနေပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း ဒီကလန်ရိုဒ်နဲ့ ကိုဘီမိုင်နူးတို့ အတွဲအဖက်က အကောင်းဆုံးပုံစံမှာရှိနေသလို ခံစစ်ပိုင်းမှာလည်း မက်ဂွိုင်ယာ၊ ဂူဟီ၊ စတုန်းနဲ့ အာနိုးတို့လို ထိပ်တန်း ကစားသမားတွေနဲ့ စုဖွဲ့ထားပါတယ်။ လက်ရှိ အင်္ဂလန်အသင်းရဲ့ခြေစွမ်းပိုင်းနဲ့ ကစားသမားစုဖွဲ့မှုပိုင်းကတော့ အိုင်ယာလန်အသင်းကို အနိုင်ရယူဖို့ ခက်ခဲမှာ မဟုတ်ပါဘူး။
ဒီနှစ်သင်းတွေ့ဆုံမှုပိုင်းမှာလည်း အင်္ဂလန်အသင်းက တစ်ကြိမ်အနိုင်ရရှိထားပြီး နှစ်ကြိမ်သရေ ရလဒ် ထွက်ပေါ် ထားပါတယ်။ ဒီပွဲမှာ ခြေစွမ်းပိုင်း အသာစီးမှာရှိနေတဲ့ အင်္ဂလန်အသင်းပဲ အနိုင်ရယူ သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် - အိုင်ယာလန် ၀ - ၃ အင်္ဂလန်
ဂျာမနီ Vs ဟန်ဂေရီ
ကစားမည့်ရက်/အချိန်(၈-၉-၂၀၂၄ နံနက် ၁:၁၅ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဂျာမနီ ၂ - ၀ ဟန်ဂေရီ
ဂျာမနီ ၀ - ၁ ဟန်ဂေရီ
ဟန်ဂေရီ ၁ - ၁ ဂျာမနီ
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
ဂျာမနီ အိမ်(သရေ) အိမ်(နိုင်) အိမ်(ရှုံး)
ဟန်ဂေရီ ဝေး(ရှုံး) ဝေး(ရှုံး) ဝေး(နိုင်)
ကင်မစ်ချ်၊ ဖလိုရီယန်ဝက်ဇ်၊ မူစီအာလာ၊ ကိုင် ဟာဗက်၊ အမ်မရီကန်၊ ဂျိုနသန်တက်ခ်တို့လို ဥရောပ ထိပ်တန်း အသင်းကြီးတွေမှာ ကစားနေတဲ့ ကစားသမားတွေပါဝင်နေတဲ့ ဂျာမနီအသင်းက ကစား သမားစုဖွဲ့မှုပိုင်းမှာတော့ ဟန်ဂေရီအသင်းထက် အသာစီးမှာရှိနေပါတယ်။ ဂျာမနီအသင်းက အနီးစပ် ဆုံးပွဲစဉ်အဖြစ် ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဟန်ဂေရီအသင်းကို အနိုင်ရယူထားပါတယ်။ လက်ရှိ ဂျာမနီအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း ကောင်းမွန်နေလို့ အိမ်ကွင်းမှာ ဟန်ဂေရီအသင်းကို ဖိအားပေး ကစားနိုင်မှာပါ။ ဒီအုပ်စုမှာ နယ်သာလန်အသင်းပါဝင်နေလို့ ဂျာမနီအသင်းအတွက် အခုလိုပွဲစဉ်တွေမှာ ရမှတ်ပြည့်ရယူနိုင်ဖို့ အမှားခံမှာမဟုတ်ပါဘူး။ နည်းပြ နာဂယ်စမန်းရဲ့ နည်းစနစ်ပိုင်းကလည်း ကောင်းမွန်နေလို့ ဂျာမနီအသင်းက နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေကောင်းမွန်နေပြီး ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ်အဆင့်ထိတက်ရောက်နိုင်ခဲ့ပါတယ်။ ဂျာမနီအသင်းက ဂိုး၊ ခံစစ်၊ ကွင်းလယ်နဲ့ တိုက်စစ်နေရာတွေမှာ ထိပ်တန်းကစားသမားတွေရှိနေလို့ ဟန်ဂေရီအသင်းကို အနိုင်ယူဖို့ တော့ ခက်ခဲမှာမဟုတ်ပါဘူး။
ဟန်ဂေရီအသင်းက ကစားသမားအင်အားပိုင်းမှာ အိုဘန်နဲ့ ဆာဘိုဆလိုင်တို့နှစ်ဦးသာ ဥရောပ ထိပ်တန်း အသင်းတွေမှာ ကစားနေတဲ့ ကစားသမား အဖြစ်ပါဝင်လာပြီး ကျန်ကစားသမားတွေကတော့ ပုံမှန်အသင်းတွေမှာကစားနေတဲ့ ကစားသမား အများစုပါဝင်လာပါတယ်။ လက်ရှိ ဟန်ဂေရီအသင်း ရဲ့ ကစားသမားစုဖွဲ့မှုပိုင်းကလည်း ဂျာမနီအသင်းကို ပွဲချိန်ပြည့်တုံ့ပြန်ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဟန်ဂေရီအသင်းက အနီးစပ်ဆုံးပြိုင်ပွဲဖြစ်တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း ရလဒ်မကောင်းခဲ့သလို ဂျာမနီ
အသင်းကိုလည်း ၂ ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ အခုပွဲစဉ်မှာလည်း သူတို့အသင်းအတွက် သရေရလဒ်ထက် ဂိုးပြတ်မရှုံးအောင်သာ ကြိုးစားရမှာပါ။ ဟန်ဂေရီအသင်းအတွက် အုပ်စုမှာ ဂျာမနီအသင်းအပြင် နယ်သာလန်အသင်းလည်းပါဝင်နေလို့ သူတို့အတွက် ခက်ခဲနေမှာပါ။
ဒီနှစ်သင်းတွေ့ဆုံမှုပိုင်းမှာ ဂျာမနီအသင်းက နှစ်ကြိမ် အနိုင်ရရှိခဲ့ပါတယ်။ ဟန်ဂေရီအသင်းက တစ်ကြိမ် ပြန်လည်အနိုင်ရရှိခဲ့ပြီး နှစ်ကြိမ်သရေရလဒ် ထွက်ပေါ်ထားပါတယ်။ လက်ရှိကစားသမားစုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းအရလည်း အသာစီးမှာရှိနေလို့ အိမ်ရှင် ဂျာမနီအသင်းပဲ နိုင်ပွဲနဲ့စတင်ပါလိမ့်မယ်။
ခန့်မှန်းရလဒ် - ဂျာမနီ ၃ - ၁ ဟန်ဂေရီ
နယ်သာလန် Vs ဘော့စနီးယား
ကစားမည့်ရက်/အချိန်
(၈-၉-၂၀၂၄ နံနက် ၁:၁၅ နာရီ) နှစ်သင်းနောက်ဆုံးနှစ်ပွဲတွေ့ဆုံမှုရလဒ်
နယ်သာလန် ၃ - ၁ ဘော့စနီးယား
ဘော့စနီးယား ၀ - ၀ နယ်သာလန်
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
နယ်သာလန် ဝေး(နိုင်) ဝေး(နိုင်) ဝေး(ရှုံး)
ဘော့စနီးယား အိမ်(ရှုံး) ဝေး(ရှုံး) ဝေး(ရှုံး)
နည်းပြ ကိုးလ်မန်းရဲ့ နယ်သာလန်အသင်းကအနီးကပ်ဆုံးပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပုံစံကောင်း တွေပြသနိုင်ပြီး လက်ရှိရွေးချယ်ထားတဲ့ကစားသမားစာရင်းမှာလည်း တိုက်စစ်ပိုင်းမှာဆိုရင် ဂတ်စ်ပို၊ ဇက်ဇီး၊ ဆိုင်မွန်တို့လို သက်ဆိုင်ရာ ကလပ်အသင်းတွေနဲ့ ခြေစွမ်းပြနေတဲ့ လူငယ် ကစားသမား တွေပါဝင် နေသလို ကွင်းလယ်ပိုင်းမှာ ဂရာဗန်ဘတ်ချ်နဲ့ ကလွိုက်ဗက်တို့လို ကစားသမားတွေ ပါဝင်လာပြီး ခံစစ်ပိုင်းမှာဆိုရင်လည်း ဗန်ဒိုက်ချ်၊ အကီး၊ ဒီလစ်နဲ့ ဖရင်ပေါင်တို့လို ထိပ်တန်းကစား သမားတွေပါဝင်နေလို့ နယ်သာလန်အသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းကတော့ အားရစရာကောင်းနေပါ တယ်။ လက်ရှိ နယ်သာလန်အသင်းရဲ့ခြေစွမ်းပိုင်းက တည်ငြိမ်မှုရှိနေပြီး ဂိုးသွင်းအားလည်း ကောင်းနေ လို့ ဘော့စနီးယားအသင်း ခံစစ်ပိုင်းကို ဖိအား ပေးကစားနိုင်မှာပါ။ နယ်သာလန်အသင်းမှာ တိုက်စစ် ကစားသမားတွေအပြင် ကွင်းလယ်ကစားသမားတွေကပါ ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ သူတွေနဲ့ ဖွဲ့စည်း ထားလို့ နယ်သာလန်အသင်းအတွက် သွင်းဂိုးတွေရယူနိုင်ဖို့ ခက်ခဲမှာ မဟုတ်ပါဘူး။ နယ်သာလန် အသင်းက အခုပွဲစဉ်ပြီးရင် ဂျာမနီအသင်းနဲ့ကစားရမှာဖြစ်လို့ အခုပွဲစဉ်မှာ ရမှတ်ပြည့်ရရှိဖို့ အမှားခံမှာ မဟုတ်ပါဘူး။
နောက်ဆုံး ကစားခဲ့တဲ့ငါးပွဲဆက် ရှုံးပွဲတွေ့ကြုံခဲ့ရတဲ့ ဘော့စနီးယားအသင်းရဲ့ ခြေစွမ်းပိုင်းက အတော်လေး ဆိုးရွားနေလို့ နယ်သာလန်အသင်းကို ရင်ဆိုင်ဖို့ အသင့်ဖြစ်မှာမဟုတ်ဘဲ ရုန်းကန် ရပါလိမ့်မယ်။ လက်ရှိ ဘော့စနီးယားအသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းမှာလည်း မထင်မရှား ကလပ် အသင်းတွေမှာ ကစားနေတဲ့ ကစားသမားအများစုပါဝင်လာလို့ ကစားသမားအင်အားပိုင်းအရ နယ်သာလန် အသင်းကို ရင်ဆိုင်ဖို့ခက်ခဲမှာပါ။ ဘော့စနီးယားအသင်းရဲ့ခံစစ်ပိုင်းကလည်း အမှားအယွင်း တွေများပြီး ပေးဂိုးတွေများနေလို့ ဂတ်စ်ပို၊ ဇက်ဇီးနဲ့ ဆိုင်မွန်တို့ဦးဆောင်လာမယ့် နယ်သာလန် အသင်းတိုက်စစ်ပိုင်းကို ပွဲချိန်ပြည့် ထိန်းချုပ်ကစားနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒီနှစ်သင်းတွေ့ဆုံမှုပိုင်းမှာလည်း ဘော့စနီးယားအသင်းက တစ်ကြိမ်မှ အနိုင်ရရှိခြင်းမရှိဘဲ နယ်သာလန် အသင်းက တစ်ကြိမ်နိုင်၊ တစ်ကြိမ်သရေ ရလဒ်ထွက်ပေါ်ထားပါတယ်။ ဒီပွဲမှာ နယ်သာလန် အသင်းရဲ့ အနိုင်ရလဒ်က သေချာနေပါတယ်။
ခန့်မှန်းရလဒ်-နယ်သာလန် ၃- ၀ ဘော့စနီးယား
ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်
ဂျော်ဂျီယာ - ချက်
ဖာရိုးကျွန်းစု - မက်ဆီဒိုးနီးယား
အာမေးနီးယား - လတ်ဗီးယား
မော်ဒိုဗာ - မော်လ်တာ
ယူကရိန်း - အယ်လ်ဘေးနီးယား
ဂရိ - ဖင်လန်
စည်သူအောင်