ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ရွှေတံဆိပ်တစ်ခု ထပ်မံ ဆွတ်ခူးရရှိ
နေပြည်တော် စက်တင်ဘာ ၆
ထိုင်းနိုင်ငံ၌ စက်တင်ဘာလ ၁ ရက်မှ ၈ ရက်အထိ ကျင်းပလျက်ရှိသောထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်း ပြိုင်ပွဲ အမျိုးသား(Mixregu )ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ ရွှေတံဆိပ်တစ်ခုကို ထိုက်ထိုက် တန်တန် ထပ်မံဆွတ်ခူးရရှိခဲ့ပြီး လာအိုအသင်းက ဒုတိယ၊ ကိုရီးယားအသင်းနှင့် တရုတ်အသင်းတို့က တတိယရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ်သည့် အမျိုးသမီး Hoop (ကွင်းသွင်းခြင်းခတ်) ပြိုင်ပွဲတွင် ငွေတံဆိပ် ၁ ခုနှင့် အမျိုးသား + အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိခဲ့ပြီး အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ ဗိုလ်လုပွဲတွင် မြန်မာအသင်းသည် အိမ်ရှင်ထိုင်းအသင်းနှင့် တွေ့ဆုံခဲ့ပြီး ၈၆၀-၇၀၀ မှတ်ဖြင့် အရေးနိမ့်ကာ ငွေတံဆိပ်ဖြင့် ကျေနပ်ခဲ့ရသည်။
အဆိုပါ အမျိုးသမီး ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ မြန်မာအသင်းက ငွေတံဆိပ်၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား အသင်းတို့က ပူးတွဲကြေးတံဆိပ်ဆုများ ရရှိခဲ့သည်။
အလားတူ အမျိုးသား+အမျိုးသမီး လေးယောက်တွဲပြိုင်ပွဲတွင် ထိုင်းအသင်းက ရွှေတံဆိပ်၊ လာအို အသင်းက ငွေတံဆိပ်၊ မြန်မာအသင်းနှင့် မလေးရှားအသင်းတို့က ပူးတွဲ ကြေးတံဆိပ်ရရှိခဲ့သည်။
အဆိုပါ ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းမှ နည်းပြ အုပ်ချုပ် ၆ ဦး၊ အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၁၁ ဦးတို့သည် အမျိုးသားပြိုင်ပွဲများ အဖြစ်(Team, Quadrant, Mixregu, Mixquadrant) အမျိုးသမီးပြိုင်ပွဲများအဖြစ် (Team, Quadrant,Hoop)ပြိုင်ပွဲအမျိုးအစား ၇ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး စက်တင်ဘာလ ၆ ရက် နံနက်ပိုင်း ပွဲစဉ်များအပြီးအထိ မြန်မာအသင်းအနေဖြင့် ရွှေတံဆိပ် ၁ ခု၊ ငွေတံဆိပ် ၁ ခု၊ ကြေးတံဆိပ် ၁ ခု ဆွတ်ခူးရရှိထားပြီ ဖြစ် ကြောင်း သိရသည်။
(သတင်းစဉ်)