အဝလွန်ခြင်း(obesity)နှင့် ဆီးချိုရောဂါ(Diabetes)
ယနေ့ခေတ်တွင် မကူးစက်တတ်သော ရောဂါများ အဖြစ်များလာသကဲ့သို့ လူများ၏ အလုပ်လုပ်ကိုင်မှု စနစ်တွင် အထိုင်များလာသည်နှင့်အမျှ ကိုယ်လက်လှုပ်ရှားမှုနည်းလာကာ အဝလွန်ခြင်း၊ သွေးတိုး ရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ရောဂါ၊ နာတာရှည် အဆုတ် လေပြွန် ရောင်ရောဂါ၊ အရိုးပွရောဂါနှင့် ကင်ဆာရောဂါတို့ ပို၍အဖြစ်များလာသည်။
ကိုယ်အလေးချိန်တစ်ခုတည်းဖြင့် အဝလွန်၊ မလွန်ဆုံးဖြတ်၍မရပါ။ မိမိရောဂါနှင့် လျော်ညီသော ကိုယ် အလေးချိန်အချိုးအဆ BMI (၁၈ ဒသမ ၉-၂၄ ဒသမ ၉ အတွင်း) ရှိသင့်သည်။ BMI ဆိုသည်မှာ ကိုယ်အလေးချိန်(ကီလိုဂရမ်)ကို အရပ်အမြင့် မီတာ(နှစ်ထပ်ကိန်း)ဖြင့်စား၍ရသော ရလဒ်ဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် ကမ္ဘာကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်ချက်အရကမ္ဘာပေါ်တွင် အဝလွန်ခြင်း ဖြစ်ပွားသူ အမျိုးသား သန်း ၂၀၀ နှင့် အမျိုးသမီး သန်း ၃၀၀ ခန့်ရှိသည်ဟု သိရသည်။ ၂၁ ရာစုတွင် အဝလွန်ခြင်းသည် လူအများအတွက် အလေးအနက်ထားရမည့် အကြီးဆုံးပြဿနာ ဖြစ်လာသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း ဘဝနေထိုင်မှုပုံစံပြောင်းလာကာ အဝလွန်ခြင်းဖြစ်သည့်နှုန်း မြင့်မားလျက် ရှိသည်။
အမျိုးသား၊ အမျိုးသမီးမရွေး၊ အသက်အရွယ်မရွေး အဝမလွန်စေရန်အတွက် BMI ၂၅ အောက်ထိန်း ထားရန်လိုအပ်ပြီး BMI ၂၅ ထက်ကျော်လွန်လာခြင်းသည် သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြော ရောဂါများ ဖြစ်နိုင်ခြေပိုများသည်။
ဝနိုင်ခြေများသူများမှာ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ မျိုးရိုးကြောင့်၊ ရောဂါကြောင့်၊ ပတ်ဝန်းကျင် လွှမ်းမိုးမှုကြောင့် တချို့သောသူများ ပိုဝနိုင်သည်။ အချိုအဆိမ့်စားသောသူများနှင့် ပုံမှန်လေ့ကျင့်ခန်း မလုပ်သူများ ပိုမိုဝနိုင်ခြေရှိသည်။
အဝလွန်ရခြင်းအကြောင်းရင်းမှာ အများအားဖြင့် ပုံမှန်လေ့ကျင့်ခန်းမလုပ်ခြင်း၊ အဆီများသော အစား အစာများစားခြင်း၊ အချိုအဆိမ့်စားလွန်းခြင်းကြောင့် ခန္ဓာကိုယ်က သကြားဓာတ်ကိုအသုံးနည်းပြီး ပိုသော သကြားဓာတ်ကို အဆီအဖြစ် သိုလှောင်ထားသောကြောင့် ခန္ဓာကိုယ်အလေးချိန်တက်ကာ အဝလွန်ခြင်း ဖြစ်သည်။
အဝလွန်ခြင်း၏ ဆိုးကျိုးများမှာ သွေးချို၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ သွေးတွင်း အဆီဓာတ်များ သောရောဂါ တစ်ခုချင်းဖြစ်စေ၊ အထက်ပါသုံးမျိုးစလုံး အဝလွန်သည့် လူနာတစ်ဦးတွင် တွဲ၍တွေ့ရှိခြင်း (Metabolic syndrome)၊ နှလုံးသွေးကြောရောဂါ၊ လေဖြတ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ အရိုးကျီးပေါင်း တက်ရောဂါ၊ ဆီးမထိန်းနိုင်ခြင်း၊ ကင်ဆာရောဂါများ ဥပမာ-ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ အမျိုးသမီးများ ကလေးရရှိရန်မလွယ်ခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုအားနည်းခြင်း၊ စိတ်ကျ ရောဂါ၊ အရေပြားရောဂါ စသည်တို့ဖြစ်စေနိုင်သည်။
အဝလွန်ခြင်းနှင့် ဆက်စပ်ပြီး ဖြစ်နိုင်သောရောဂါမှာ သွေးချို၊ ဆီးချိုရောဂါပင်ဖြစ်သည်။ ကမ္ဘာပေါ်၌ ၂၀၁၀ ပြည့်နှစ်တွင် သွေးချို၊ ဆီးချိုရောဂါလူနာပေါင်း ၂၈၅ သန်းရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် သွေးချို၊ ဆီးချိုရောဂါလူနာပေါင်း နှစ်ဆခန့်တိုးလာနိုင်သည်ဟု ခန့်မှန်းထားသည်။
သွေးချို၊ ဆီးချိုရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးမြင့်မားလျက်ရှိပြီး ယခင်က ဖွံ့ဖြိုးပြီးနိုင်ငံများ တွင်သာ အဖြစ်များသော်လည်း ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း အဖြစ်များလာသည်။ ၂၀၃၀ ပြည့်နှစ်တွင် ယင်းရောဂါသည် အာရှတိုက်နှင့် အာဖရိကတိုက်တို့တွင် အမြင့်မားဆုံး ဖြစ်ပွားလာနိုင် သည့်အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။ ယင်းကဲ့သို့ ဖြစ်ပွားလာရခြင်းမှာ လူနေမှု ပုံစံပြောင်းလဲလာခြင်းနှင့် အနောက်နိုင်ငံများကဲ့သို့ စားသောက်မှု ပုံစံပြောင်းလဲလာခြင်း တို့ကြောင့် ဖြစ်သည်။
သွေးချို၊ ဆီးချိုရောဂါဆိုသည်မှာ နာတာရှည် သွေးတွင်းသကြားဓာတ်များသော ရောဂါဖြစ်သည်။ ထိုသို့ ဖြစ်ရခြင်းမှာ အင်ဒိုခရိုင်(Endo-crine) အဖွဲ့အစည်းတစ်ခုဖြစ်သော ပန်ကရိယ(Pancreas)မှ အင်ဆူလင် ဟုခေါ်သော ဟော်မုန်းများ ထုတ်လုပ်မှုမရှိခြင်း၊ ထုတ်လုပ်မှုနည်းခြင်း သို့မဟုတ် အင်ဆူလင် အလုပ် မလုပ်ခြင်းတို့ကြောင့်ဖြစ်သည်။
သွေးချို၊ ဆီးချိုရောဂါမျိုးရိုးရှိလျှင် ပို၍ဖြစ်နိုင်သည်။ မျိုးရိုးမရှိဘဲလည်းဖြစ်နိုင်သည်။ သွေးတိုးခြင်း၊ အဝလွန်ခြင်း၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းတို့ကြောင့် ပိုမိုဖြစ်ပွား နိုင်သည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ဆီးချိုတိုင်းစက်(Glucometer)ဖြင့် တိုင်းတာမှသာ သိရှိ နိုင်သည်။ ဆီးတွင်းသကြားဓာတ် ရှိ၊ မရှိ စမ်းသပ်ရုံဖြင့်မရပါ။ အစားအစာ စားသောက်ခြင်းသည် သွေးတွင်း သကြားပမာဏကို ပြောင်းလဲစေသည်။ သွေးချို၊ ဆီးချိုရောဂါဟုဆိုနိုင်သော သွေးတွင်း အချိုပမာဏမှာ အစာမစားမီ သွေးတွင်းအချိုဓာတ် ၁၂၆ မီလီဂရမ်ရာခိုင်နှုန်းနှင့်အထက်၊ ကြုံကြိုက် သည့် အချိန်တွင်ဖောက်သော သွေးတွင်းအချိုပမာဏ ၂၀၀ မီလီဂရမ်ရာခိုင်နှုန်းနှင့်အောက်၊ အစာ စားပြီး နှစ်နာရီအတွင်း အချိုဓာတ် ၇၅-၁၇၅ မီလီဂရမ်ရာခိုင်နှုန်းနှင့် အထက်ရှိသူများကို ဆီးချို ရောဂါ ရှိသူများဟု သတ်မှတ်နိုင်သည်။
ဟေမိုဂလိုဘင်အေဝမ်းစီ(HbAIC)၏ ဆီးချိုသတ်မှတ်နိုင်မှု HbAIC ၅ ဒသမ ၇ ရာခိုင်နှုန်းအထက်ဆိုလျှင် ဆီးချိုရောဂါဖြစ်ပြီး ၅ ဒသမ ၇ရာခိုင်နှုန်းအောက်ဆိုလျှင် ဆီးချိုမရှိဟု သုံးသပ်သည်။ HbAIC ပမာဏကို အမြဲတမ်း ၅ ဒသမ ၇ ရာခိုင်နှုန်းအတွင်း ထားရှိရန်လိုအပ်သည်။
သွေးတွင်းအချိုဓာတ်ကို သွေးဖောက်စစ်ဆေးခြင်းသည် စစ်ဆေးသည့်အချိန်ကာလ သွေးတွင်း အချိုဓာတ် ပမာဏကိုသာ ဖော်ပြနိုင်ပြီး ကျန်အချိန်များတွင် အချိုဓာတ် ပမာဏများနေခြင်း၊ နည်းနေခြင်းကိုမူ မဖော်ပြနိုင်ပါ။ သို့သော် HbAIC တိုင်းတာခြင်းသည် ခက်ခဲပြီး ပြီးခဲ့သောသုံးလအတွင်း မိမိတွင် အချိုပမာဏ အားကောင်းစွာ ထိန်းထားနိုင်ခြင်း ရှိ၊ မရှိသိနိုင်သည်။ ယင်းမှာ သွေးနီဥ သက်တမ်း ရက်ပေါင်း ၁၂၀ ရှိသောကြောင့်ဖြစ်သည်။
သွေးချို၊ ဆီးချိုနောက်ဆက်တွဲဆိုးကျိုးမှာ ရုတ်တရက်ဖြစ်ခြင်းတွင် သွေးချိုရုတ်တရက်တက်ခြင်း၊ သွေးတွင်း အချိုဓာတ်လွန်ကဲခြင်း၊ သတိလစ်ခြင်း၊ သွေးတွင်းအချိုဓာတ်ကျလွန်းခြင်း စသည်တို့ ဖြစ်သည်။
နာတာရှည်ဖြစ်ခြင်းတွင် မျက်စိကွယ်ခြင်း၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ နာတာရှည် ကျောက်ကပ် ရောဂါ၊ ဦးနှောက်သွေးကြောပိတ် ကာလေဖြတ်ခြင်း၊ အာရုံကြောများ ပျက်စီးကာ ထုံကျဉ်ခြင်း၊ ခြေထောက်ပုပ်ခြင်း၊ ရောဂါပိုးဝင်လွယ်ခြင်း စသည်တို့ဖြစ်သည်။ သွေးတွင်းသကြားဓာတ် ပုံမှန်ဖြစ် စေရန် အစားလျှော့စားသင့်သည်။ ပြည့်ဝဆီလျှော့စားသင့်သည်။ အမျှင်ဓာတ်များသော ဟင်းသီး ဟင်းရွက်များကို အသားနှင့်မျှတစွာ စားသုံးသင့်သည်။ ရေဆာလျှင် ရေသာသောက်သင့်သည်။ အချိုရည်၊ အရက်၊ ဘီယာမသောက်သင့်ပါ။ အရက်၊ ဘီယာက ခန္ဓာကိုယ်တွင်းရေဓာတ်ကို တစ်ခဏ အတွင်း ညစ်နွမ်းစေ၍ ရေများများသောက်ရန် လိုအပ်သည်။ အဝမလွန်အောင် လူတိုင်း နေ့စဉ်နာရီဝက်မှ တစ်နာရီ အပြေး၊ ရွရွပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူးပြုလုပ်သင့်သည်။ စိတ်ဖိစီးမှုများကို တတ်နိုင်သလောက် လျှော့ချသင့်သည်။
မစားသုံးသင့်သော အစာများမှာ ကစီဓာတ်ပါဝင်သော အစားအစာများ၊ ဆန်၊ ဂျုံတို့ဖြင့်ပြုလုပ် ထားသော အစားအစာများဖြစ်သည်။ အသားထဲတွင် ငါးအမျိုးမျိုး၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊(အဆီမပါ)၊ ဘဲသား၊ ကြက်သား(အရေခွံမပါ)စားနိုင်သည်။ ဆီထဲတွင် မြေပဲဆီ၊ နေကြာဆီ၊ နှမ်းဆီ၊ သံလွင်ဆီ၊ ငါးကြီးဆီ စားနိုင်သည်။
ထိန်းထားသင့်သည့် သွေးတွင်းအချိုဓာတ်မှာ အစာမစားမီ ၉၀-၁၃၀ မီလီဂရမ်ရာခိုင်နှုန်း၊ ကြုံကြိုက်သလို ဖောက်သည့် သွေးတွင်းအချိုဓာတ် ၁၁၀-၁၈၀ မီလီဂရမ်ရာခိုင်နှုန်းအတွင်းနှင့် အစာစားပြီး နှစ်နာရီအတွင်း အချိုဓာတ် ၁၈၀ မီလီဂရမ် ရာခိုင်နှုန်းအောက်ရှိသင့်သည်။ သွေးတွင်း အချိုဓာတ်၊ အဆီဓာတ်၊ သွေးပေါင်ချိန်တို့ကို ရည်မှန်းချက်အတွင်းထားနိုင်လေ၊ ဆင့်ပွားဖြစ်သော နောက်ဆက်တွဲရောဂါများ ဖြစ်ပွားမှုနည်းလေဖြစ်သဖြင့် ဆရာဝန်နှင့်ပြသပြီး ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်သင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
ဒေါက်တာလွင်သန့်