AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် Winner Soccer အသင်းနှင့် MIU FC အသင်းတို့ ဗိုလ်လုပွဲတက်ရောက်
ရန်ကုန် စက်တင်ဘာ ၇
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပလျက်ရှိနေသည့် AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များကို စက်တင်ဘာလ ၇ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ကျင်းပခဲ့ရာ MIU FC အသင်းနှင့် Winner Soccer အသင်းတို့ ပြိုင်ဘက်များကို အသီးသီးအနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲကို လိဂ်(၁)ကလပ်အသင်း ကိုးသင်း၊ လိဂ်(၂)ကလပ် အသင်း ကိုးသင်း၊ မန္တလာလိဂ်မှ ကလပ်အသင်းနှစ်သင်း၊၂၀၂၄ အပျော်တမ်းပြိုင်ပွဲမှ ကလပ် အသင်း ၁၂ သင်းဖြင့် ကျင်းပနေခြင်းဖြစ်သည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များအဖြစ် ယနေ့မွန်းလွဲ ၁ နာရီတွင် Pyae Sone FC အသင်းနှင့် Winner Soccer အသင်းတို့ကစားခဲ့ရာ ခြေစွမ်းပိုင်း ကွာခြားမှု မရှိခဲ့ဘဲ အပြန်အလှန် ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ Winner Soccer အသင်း က ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
အလားတူ မွန်းလွဲ ၂နာရီ ၄၅မိနစ်တွင် VUC FC အသင်းနှင့် MIU FC အသင်းတို့ကစားခဲ့ရာ မြန်မာဖူဆယ် ထိပ်တန်းကလပ် အသင်းနှစ်သင်း ထိပ်တိုက်တွေ့ဆုံသည်နှင့်အညီ အပြန်အလှန်ဖိအားပေးမှုများဖြင့် အကြိတ်အနယ်ရှိခဲ့ကာ MIU FC အသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲသို့ တက်ရောက် နိုင်ခဲ့ ကာ MIU FC အသင်းက ချန်ပီယံဆု ဆွတ်ခူးနိုင်ရန်အတွက် ရေပန်းစားလျက်ရှိနေကြောင်း သိရသည်။
စည်သူအောင်