ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
ဒိန်းမတ် Vs ဆားဘီးယား
ကစားမည့်ရက်/အချိန် (၈-၉-၂၀၂၄ ည ၁၀:၃၀ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
ဒိန်းမတ် ၀ - ၀ ဆားဘီးယား
ဒိန်းမတ် ၃ - ၀ ဆားဘီးယား
ဒိန်းမတ် ၂ - ၀ ဆားဘီးယား
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
ဒိန်းမတ် ဝေး(သရေ) ဝေး(ရှုံး) အိမ်(နိုင်)
ဆားဘီးယား ဝေး(သရေ) ဝေး(သရေ) အိမ်(သရေ)
ပရီးမီးယား လိဂ်ပြိုင်ပွဲမှာကစားနေတဲ့ ကစားသမားအများစုပါဝင်လာတဲ့ ဒိန်းမတ်အသင်းကစား သမား စာရင်းက တောင့်တင်းမှုရှိပါတယ်။ တိုက်စစ် ပိုင်းမှာဆိုရင် ပူလီဆစ်ရှိနေသလို ကွင်းလယ်ပိုင်းမှာ လည်း ဟော့ဂျက်၊ အဲရစ်ဆင်၊ ဂျန်ဆန်၊ ဒမ်းစတက် စတဲ့ ဝါရင့်ကစားသမားတွေပါဝင်နေလို့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက တောင့်တင်းမှုရှိပါတယ်။ ဒိန်းမတ် အသင်းက အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံ မာကျောမှုရှိတဲ့ အသင်းတစ်သင်းဖြစ်လို့ ဆားဘီးယား အသင်းကို အိမ်ကွင်းမှာ အကောင်းဆုံး ဖိအားပေး ကစားနိုင်ပါလိမ့်မယ်။ ဒိန်းမတ်အသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ အခုပြိုင်ပွဲမှာတော့ ရလဒ်ကောင်းတွေ ရရှိအောင် ပြန်လည်ကြိုးစားလာ ပါလိမ့်မယ်။ ဒိန်းမတ်အသင်းက ဆားဘီးယား အသင်းနဲ့ ကစားရတဲ့ပွဲစဉ်တိုင်း ရလဒ်ကောင်းလေ့ရှိပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ သုံးပွဲမှာ နှစ်ပွဲအထိ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။
ဆားဘီးယားအသင်းကလည်း ဥရောပထိပ် တန်းကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားနေတဲ့ ကစားသမား အနည်းငယ်သာပါဝင်လာပြီး အသင်း တိုက်စစ်ပိုင်းမှာလည်း ထိပ်တန်းကစားသမား တစ်ဦးဖြစ်တဲ့ မက်ထရိုဗစ် ဒဏ်ရာကြောင့်မပါဝင် နိုင်လို့ အသင်းတိုက်စစ်ပိုင်းက သိသိသာသာ အားနည်းနေပြီး လူကာဂျိုဗစ်ကလည်း ခြေစွမ်းပိုင်းကျဆင်း နေလို့ ဆားဘီးယားအသင်းတိုက်စစ်ပိုင်းက ရုန်းကန် ရနိုင်ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း မီလင်ကိုဗစ်ဆာဗစ်လည်း ဒဏ်ရာကြောင့် မပါဝင်နိုင်လို့ ကွင်းလယ်ပိုင်းအားကောင်းတဲ့ ဒိန်းမတ်အသင်းကို ခြေရည်တူတုံ့ပြန်ကစားနိုင်ဖို့ ခက်ခဲမှာပါ။ ဆားဘီး ယားအသင်းက ဒိန်းမတ်အသင်းနဲ့ တွေ့ဆုံ တဲ့ပွဲစဉ်တိုင်း ရုန်းကန်နေရပြီး နောက်ဆုံးသုံးပွဲမှာ ရလဒ်တွေ မကောင်းခဲ့ပါဘူး။ ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းကို ပြန်ကြည့်ရင် ဒိန်းမတ်အသင်းက သုံးကြိမ်အနိုင်ရရှိပြီး တစ်ကြိမ် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဆားဘီးယားအသင်းအနေနဲ့ တစ်ကြိမ်မှ အနိုင်ရရှိခဲ့ခြင်း မရှိသေးလို့ ဒိန်းမတ်အသင်းက သိသိသာသာအသာစီးမှာရှိ နေပါတယ်။ ဒါကြောင့် ထိပ်တိုက် တွေ့ဆုံမှု အပိုင်းမှာ အသာစီးရှိနေသလို အိမ်ရှင်အားသာချက်နဲ့ ဖိအားပေးကစားလာမယ့် ဒိန်းမတ် အသင်းပဲ ရလဒ်ကောင်း မှာပါ။
ခန့်မှန်းရလဒ် ဒိန်းမတ် ၁ - ၀ ဆားဘီးယား
ပေါ်တူဂီ Vs စကော့တလန်
ကစားမည့်ရက်/အချိန်
(၉-၉-၂၀၂၄ နံနက် ၁:၁၅ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
စကော့တလန် ၁ - ၃ ပေါ်တူဂီ
ပေါ်တူဂီ ၂ - ၀ စကော့တလန်
ပေါ်တူဂီ ၅ - ၀ စကော့တလန်
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
ပေါ်တူဂီ ဝေး(သရေ) ဝေး(ရှုံး) ဝေး(နိုင်)
စကော့တလန် အိမ်(သရေ) အိမ်(ရှုံး) အိမ်(ရှုံး)
ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေမှာ ပါဝင်ကစားနေတဲ့ ကစားသမားအများစု ပါဝင်လာတဲ့ ပေါ်တူဂီအသင်းအတွက် စကော့တလန်အသင်းက ခက်ခဲတဲ့ ပြိုင်ဘက်အသင်းတော့ မဟုတ်ပါဘူး။ လက်ရှိ ပေါ်တူဂီအသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းက လည်း ဒီပြိုင်ပွဲမှာ ချန်ပီယံဆုအတွက် မျှော်လင့်လို့ ရနိုင်တဲ့ အနေအထားမှာရှိနေသလို လက်ရှိခြေစွမ်း ပိုင်းကလည်း အကောင်းဆုံးပုံစံမှာ ရှိနေပါတယ်။ စီရော်နယ်ဒို၊ ဂျာအိုဖီးလစ်နဲ့ ရာဖေးလီယိုတို့ဦးဆောင်နေတဲ့ အသင်းတိုက်စစ်ပိုင်းက ဂိုးသွင်းအား ကောင်းနေသလို ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်နဲ့ ဗီတင်ဟာတို့ကွင်းလယ်ပိုင်းကလည်း တိုက်စစ်ပိုင်းအထိလိုက်ပြီး ဂိုးသွင်းယူနိုင်စွမ်းရှိလို့ စကော့တလန်အသင်းခံစစ်ပိုင်းအနေနဲ့ ပြိုင်ဘက် အသင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ဖို့တော့မဖြစ်နိုင်ပါဘူး။ စီရော်နယ်ဒိုကလည်း လက်ရှိအချိန်ထိ အသင်း နဲ့အတူ အကောင်းဆုံးစွမ်းဆောင်နိုင်ဆဲဖြစ်လို့ စကော့တလန် အသင်းခံစစ်ပိုင်းကို အကောင်းဆုံး ဖိအား ပေး ကစားနိုင်ပါလိမ့်မယ်။
စကော့တလန်အသင်းရဲ့ ကစားသမားအင်အား ပိုင်းမှာတော့ စကော့တွမ်မီနေး၊ မက်ဂျင်းနဲ့ရော်ဘတ် ဆန်တို့သာ ထိပ်တန်းကစားသမားအနေနဲ့ ပါဝင်လာပြီး တခြားကစားသမားတွေကတော့ မထင် မရှားကလပ်အသင်းတွေမှာ ကစားနေတဲ့ ကစားသမားအများစု ပါဝင်လာလို့ ကစားသမားအင်အား ပိုင်းအရတော့ ပေါ်တူဂီအသင်းထက် အများကြီးနိမ့်ကျနေပါတယ်။ ဒါ့ပြင် စကော့တလန်အသင်းက နောက်ဆုံးကစားတဲ့ ငါးပွဲဆက်နိုင်ပွဲပျောက်ဆုံးနေပြီး နှစ်ပွဲသရေရလဒ်နဲ့ သုံးပွဲအထိရှုံးနိမ့်ခဲ့ပါတယ်။ အသင်းခံစစ်ပိုင်းကလည်း အမှားအယွင်းတွေများ နေပြီး ပေးဂိုးတွေများနေလို့ စီရော်နယ်ဒိုဦးဆောင် လာမယ့် ပေါ်တူဂီအသင်း တိုက်စစ်ပိုင်းကိုတော့ ပွဲချိန် ပြည့်ထိန်းချုပ်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ စကော့ တလန်အသင်းက ပေါ်တူဂီအသင်းကို နောက်ပိုင်း ပွဲစဉ်တွေမှာ အနိုင်ရရှိခြင်းမရှိဘဲ ရုန်းကန်ခဲ့ရပါတယ်။
ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာ ပေါ်တူဂီအသင်းက ငါးကြိမ် အနိုင်ရရှိခဲ့ပါတယ်။ စကော့တလန် အသင်း ကတော့ နှစ်ကြိမ်သာ ပြန်လည်အနိုင်ရရှိပြီး နှစ်ကြိမ် သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဒါကြောင့် ထိပ်တိုက် တွေ့ဆုံမှုအပိုင်းမှာလည်း ပေါ်တူဂီအသင်းက အသာစီးရှိနေသလို လက်ရှိ ကစားသမား စုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းကလည်း ပေါ်တူဂီအသင်းက အသာစီးမှာရှိနေလို့ ပေါ်တူဂီ အသင်းရဲ့ အနိုင် ရလဒ်က သေချာနေပြီး ဂိုးပြတ်၊ မပြတ်ကိုသာ စောင့်ကြည့်ရမှာပါ။
ခန့်မှန်းရလဒ် ပေါ်တူဂီ ၂ - ၀ စကော့တလန်
ဆွစ်ဇာလန် Vs စပိန်
ကစားမည့်ရက်/အချိန်
(၉-၉-၂၀၂၄ နံနက် ၁:၁၅ နာရီ)
နှစ်သင်းနောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်
စပိန် ၁ - ၂ ဆွစ်ဇာလန်
ဆွစ်ဇာလန် ၀ - ၁ စပိန်
ဆွစ်ဇာလန် ၁ - ၁ စပိန်
နောက်ဆုံးကစားခဲ့တဲ့သုံးပွဲ အနိုင်၊ အရှုံးရလဒ်
ဆွစ်ဇာလန် ဝေး(သရေ) အိမ်(နိုင်) ဝေး(ရှုံး)
စပိန် ဝေး(နိုင်) ဝေး(နိုင်) ဝေး(သရေ)
ဆွစ်ဇာလန်အသင်းမှာ ထိပ်တန်းကစားသမား အများစုအနားယူသွားလို့ အသင်းတိုက်စစ်ပိုင်းက သိသိ သာသာ လိုအပ်ချက်တွေရှိနေပြီး မိုနာကိုအသင်း မှာကစားနေတဲ့ အမ်ဘိုလိုတစ်ဦးတည်းကိုသာ အားကိုး နေရပါတယ်။ ဆွစ်ဇာလန်အသင်းကွင်းလယ် ပိုင်းကတော့ ရှာကာ၊ ဇာကာရီ၊ ဗားဂတ်စ်တို့လို ကစား သမားတွေရှိနေလို့ စပိန်အသင်းကို တုံ့ပြန်ကစားနိုင်တယ်ဆိုပေမယ့် အသင်းခံစစ်ပိုင်းနဲ့ တိုက်စစ်ပိုင်း ကတော့ လိုအပ်ချက်တွေရှိနေလို့ စပိန်အသင်းကို ပွဲချိန်ပြည့်တုံ့ပြန်ကစားနိုင်ဖို့ အတွက် ခက်ခဲမှာပါ။ ဆွစ်ဇာလန် အသင်းက အိမ်ကွင်းဆိုရင် အသင်းလိုက် ကစားပုံမာကျောမှုရှိတယ် ဆိုပေမယ့် လက်ရှိ ရင်ဆိုင်ရမယ့်အသင်းက ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချန်ပီယံဆုဆွတ်ခူးထားနိုင်ခဲ့တဲ့ စပိန်အသင်းဖြစ်နေလို့ အိမ်ရှင်အားသာချက်တစ်ခုတည်းနဲ့သာ ရင်ဆိုင်ရမှာပါ။
ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပုံစံကောင်းတွေပြသနိုင်ခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့တဲ့ စပိန်အသင်းက တော့ ပြီးခဲ့တဲ့အဖွင့်ပွဲစဉ်မှာ ဆားဘီးယားအသင်းနဲ့ မထင်မှတ်ဘဲ သရေရလဒ်ထွက်ပေါ်ခဲ့လို့ အခုပွဲစဉ် ကိုတော့ အမှားခံမှာမဟုတ်ပါဘူး။ လက်ရှိ စပိန်အသင်း ကစားသမားအင်အားပိုင်းမှာလည်း အသင်း တိုက်စစ် ပိုင်းမှာ ဖာရန်တောရက်စ်၊ ဝီလီယံနဲ့ ယာမယ်တို့ပါဝင်လာလို့ တောင့်တင်းမှုရှိနေသလို ကွင်းလယ် ပိုင်းမှာလည်း ပက်ထရီ၊ အိုလ်မို၊ ရိုဒရီနဲ့ ဖေဘီယန်ရုဇ်တို့လို ထိပ်တန်းကစားသမားတွေ ပါဝင်နေတဲ့ အတွက် ဆွစ်ဇာလန် အသင်းကွင်းလယ် ပိုင်းကို အကောင်းဆုံး ဖိအားပေးကစားနိုင်မှာပါ။ လက်ရှိ စပိန် အသင်းရဲ့ ကစားသမားစုဖွဲ့မှုပိုင်းကတော့ အဝေးကွင်းဆိုပေမယ့် ဆွစ်ဇာလန်အသင်းကို အကောင်းဆုံး ဖိအားပေး ကစားနိုင်စွမ်း ရှိပါတယ်။ ယာမယ်နဲ့ ဝီလီယံတို့ဦးဆောင်နေတဲ့ စပိန်အသင်း တိုက်စစ်ပိုင်း ကလည်း အကောင်းဆုံးပုံစံမှာရှိနေလို့ ဆွစ်ဇာလန်အသင်းခံစစ်ပိုင်းကို ပွဲချိန်တစ်လျှောက် ဖိအားပေး ကစားနိုင်မှာပါ။
နှစ်သင်းတွေ့ဆုံမှုအပိုင်းကို ပြန်ကြည့်ရမယ် ဆိုရင်တော့ စပိန်အသင်းက ငါးကြိမ်အနိုင်ရရှိခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းက နှစ်ကြိမ်သာ ပြန်လည် အနိုင်ရရှိပြီး လေးကြိမ်သရေ ရလဒ်ထွက်ပေါ်ထားလို့ စပိန်အသင်းက အသာစီးမှာရှိနေပါတယ်။ လက်ရှိ ကစားသမားစုဖွဲ့မှုပိုင်းနဲ့ ခြေစွမ်းပိုင်းအရ နှိုင်းယှဉ် ကြည့်ရင်လည်း ဆွစ်ဇာလန်အသင်းအတွက် အိမ်ရှင် အားသာချက်တစ်ခုတည်းနဲ့သာ ရင်ဆိုင်ရမှာပါ။ ဒါကြောင့် ဒီပွဲမှာ အဝေးကွင်းဆိုပေမယ့် ခြေစွမ်းပိုင်း အသာစီးမှာရှိနေတဲ့ စပိန်အသင်းပဲ ရလဒ်ကောင်း တွေပိုင်ဆိုင်သွားပါလိမ့်မယ်။
ခန့်မှန်းရလဒ် ဆွစ်ဇာလန် ၁ - ၂ စပိန်
ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲ အုပ်စုပွဲစဉ်
ဆလိုဗက်ကီးယား - အဇာဘိုင်ဂျန်
လူဇင်ဘတ် - ဘီလာရုဇ်
ဘူဂေးရီးယား - မြောက်အိုင်ယာလန်
ဂျီဘရော်တာ - လက်ချန်စတိန်း
ခရိုအေးရှား - ပိုလန်
ဆွီဒင် - အက်စ်တိုးနီးယား
စည်သူအောင်