၂၀၂၄ ခုနှစ် ဟံသာဝတီဖလား အသက် ၂၁ နှစ်အောက် အလွတ်တန်းအမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
ပဲခူး စက်တင်ဘာ ၇
တိုင်းဒေသကြီးအတွင်း မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အစဉ် အလာကြီးမားခဲ့သည့် ပဲခူးတိုင်း၏ ဘောလုံးအားကစားဂုဏ်ကို ပြန်လည်ဖော်ထုတ်နိုင်စေရေးအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် ဟံသာဝတီဖလား အသက် ၂၁ နှစ်အောက် အလွတ်တန်း အမျိုးသားဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးမြို့ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင် ကစားနေမှုအား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင် ပြည်သူများ လာရောက်ကြည့်ရှုအားပေးကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ ကျင်းပရာပွဲစဉ်တစ်လျှောက် အကောင်းဆုံးဂိုးသမားဆုရရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအသင်းမှ ကျောနံပါတ်(၁) မောင်ပိုင်မှူးခန့်အား တိုင်းဒေသကြီး အတွင်းရေးမှူး ဦးအေးမောင်ကြည် က ဆုငွေကျပ် ငါးသိန်းကိုလည်းကောင်း၊ အကောင်းဆုံး အားကစားသမားဆုရရှိသူ ရန်ကုန်တိုင်းဒေသကြီး အသင်းမှ ကျောနံပါတ်(၁၀) မောင်နေလင်းသန့်အား သယံဇာတရေးရာဝန်ကြီး ဦးတင်သိန်းက ငွေသားဆုငါးသိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော ပဲခူးတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆု ကျပ် ၇၅ သိန်းကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်ကလည်းကောင်း ဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကျပ်သိန်း ၁၀၀ကိုပေးအပ်ချီးမြှင့်ခဲ့ပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ အသက် ၂၁ နှစ်အောက် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအသင်း၊ BAGO STAR အသင်း၊ ဘုရားကြီးမြို့အသင်း၊ ရှင်စောပုအသင်း၊ ပဲခူး(ဥဿာ)အသင်း၊ ရခိုင်ပြည်နယ် အသင်း၊ ရွှေကျင်မြို့နယ်အသင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်း၊ ကမ္ဘောဇသာဒီအသင်းနှင့် BAGO (HANTHARWADI) အသင်း စသည့်အသင်း ၁၀ သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
(၄၀၁)၊ တင်စိုး(ပဲခူး)