မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နိုင်ပွဲရရှိ

 

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ နိုင်ပွဲရရှိ

 

ရန်ကုန်   စက်တင်ဘာ   ၈

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက် ရှိသည့်    မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ဆက်လက်ကျင်းပခဲ့ရာ ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီ ရရှိခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် ယနေ့ညနေ ၃ နာရီခွဲတွင် ပုသိမ်မြို့ ကျောက်တိုင် အားကစားကွင်း၌ ဧရာဝတီ ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက  ၂  ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၂ မိနစ်တွင် ဘာကာယိုကို၊ ပွဲချိန် ၈၄ မိနစ်တွင် ဆေးဗားလ်တို့က သွင်းယူပေးနိုင်ခဲ့ပြီး ဧရာဝတီယူနိုက်တက် အသင်းအတွက် သွင်းဂိုးကို ပွဲချိန် ၆၂ မိနစ်တွင် ရန်နိုင်လင်းက သွင်းယူပေးနိုင်ခဲ့ကာ အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကို ဧရာဝတီယူနိုက်တက် အသင်းမှ ဂိုးသမားဟိန်းထက်စိုးက ဆွတ်ခူးနိုင်ခဲ့သည်။

အလားတူ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်း၌ ဒဂုံပေါ့အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ   ရန်ကုန်ယူနိုက်တက်အသင်းက ၆  ဂိုး  ၁  ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ရန်ကုန်ယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၃ မိနစ်၊ ၃၇ မိနစ်နှင့် ၆၉ မိနစ်တို့တွင် ဥက္ကာနိုင်၊ ပွဲချိန် ၄၅ မိနစ်တွင် ရန်ကျော်ထွေး၊ ပွဲချိန်  ၅၉  မိနစ်တွင် ဒေးဗစ်ထန်းနှင့် ပွဲချိန်  ၆၂  မိနစ်တွင် လမင်းထွေးတို့က  သွင်းယူပေးနိုင်ခဲ့ပြီး ဒဂုံပေါ့အသင်းအတွက်  တစ်လုံးတည်းသော သွင်းဂိုးကို  ပွဲချိန် ၅၅ မိနစ်တွင် စည်သူနိုင်က    သွင်းယူပေးနိုင်ခဲ့ကာ အကောင်းဆုံး ကစားသမားဆုကို ရန်ကုန် ယူနိုက်တက်အသင်းမှ ကွင်းလယ်ကစားသမား ဥက္ကာနိုင်က ဆွတ်ခူးနိုင်ခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)အဖြစ် စက်တင်ဘာလ ၉ ရက် (ယနေ့)ညနေ ၃ နာရီခွဲတွင် ရန်ကုန်မြို့ YUSC အားကစားကွင်း၌    ရခိုင်ယူနိုက်တက် အသင်းနှင့် ဒဂုံစတားအသင်း၊   ညနေ  ၄  နာရီတွင် သုဝဏ္ဏအားကစားကွင်း၌ သစ္စာအားမာန်အသင်းနှင့်   မြ၀တီအက်ဖ်စီ အသင်းတို့ အသီးသီး ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။

Dates: 
Monday, September 9, 2024 - 04:43