သဘာဝဝန်းကျင် အလေးထား သစ်ပင် စိုက်ကြစို့လား

 

သဘာဝဝန်းကျင် အလေးထား သစ်ပင် စိုက်ကြစို့လား

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၉  ရက်)

    သစ်တောများ တည်ရှိရှင်သန်နေခြင်းသည် ‘‘အတိတ်ကာလ၏ အမွေအနှစ်၊ ပစ္စုပ္ပန်၏ အကျိုးစီးပွား နှင့်အနာဂတ်၏ ဖွံ့ဖြိုးမှု’’ဟုဆိုပါသည်။ ထိုသို့ဆိုထားသည့်အတိုင်း သစ်တောများသည် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ သစ်တောများထာဝစဉ် တည်တံ့စေရေးအတွက် စနစ်တကျစီမံ အုပ်ချုပ်ခြင်းသည် နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံးလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်။ လူများ၏အခြေခံ လိုအပ်ချက်ဖြစ်သည့် စား၊ ဝတ်၊ နေရေးကို သစ်ပင်သစ်တောများက ဖြည့်ဆည်းပေးလျက်ရှိသည်။ သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်း ကာကွယ်ခြင်းဖြင့် လေကောင်းလေသန့်များ ရရှိစေခြင်း၊ ရာသီဥတုသမမျှတစေခြင်း၊ ရေကောင်းရေသန့်များ ရရှိစေခြင်း၊ ရေလှည့်ပတ်မှုစနစ် မှန်ကန်စေရန် ထိန်းသိမ်းပေးခြင်း၊ သဘာဝစမ်းရေထွက်များ ဖြစ်ပေါ်စေခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝစေခြင်း၊ မြေဆီလွှာထိန်းသိမ်းပေးခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိသည်။ သစ်ပင်စိုက်ပျိုးရာတွင် ‘‘ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း’’ ဟူသည့် ဆောင်ပုဒ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်သည်။

အဆိုပါလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်မှုမဖြစ်မနေ လိုအပ်ပေသည်။ ပျိုးပင်အဖြစ် နှစ်နှစ်တာ ရှင်သန်ဖြစ်ထွန်းလာသည့် အပင်သည် ဆက်လက်ရှင်သန်ကြီးထွားရန် စနစ်တကျဆောင်ရွက်သွားပါက မဖြစ်နိုင်စရာမရှိပေ။ စိုက်ပျိုးပင်များ ရှင်သန်အောင်မြင်စေရန်မှာ နေရာဒေသနှင့် ကိုက်ညီမည့် သစ်မျိုးမှန်ကန်စွာ ရွေးချယ်မှု၊ စနစ်တကျမြေပြုပြင်မှု၊ ရေနှင့်မြေအစိုဓာတ်ရရှိမှု၊ စိုက်မည့်ကျင်းအရွယ်အစား မှန်ကန်မှု၊ အကွာအဝေးနှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှု ရှိရေးတို့ကို အလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။ သစ်ပင်စိုက်ပျိုးသူတိုင်းတွင် စေတနာသဒ္ဓါထက်သန်စွာ စိုက်ပျိုးမည်ဆိုပါက ကုသိုလ်တိုးပွား အကျိုးကြီးမားသည်။

သစ်ပင်စိုက်ပျိုးခြင်းသည် ထာဝရကုသိုလ်ပြုခြင်း ဖြစ်သည်။ ထိုသစ်ပင်ရှင်သန်ကြီးထွား၍ အရိပ်ရသောအခါ လူပေါင်းများစွာ နားခိုနိုင်သကဲ့သို့ ငှက်ပေါင်းများစွာလည်း နေထိုင်နိုင်ကြသည်။ သစ်ပင်ကြီးကြီးမားမား ရှိနေသည့်အခါ သဘာဝမိုးဒဏ်၊ လေဒဏ်ကို ကာကွယ်ပေးနိုင်သည့်အတွက် ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည်အရေးကြီးသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းတစ်ခု ဖြစ်သည့်အတွက်  မုန်တိုင်းတိုက်ခတ်မှုကြောင့် ပြိုလဲပျက်စီးခဲ့သည့်  သစ်ပင်သစ်တောများ နေရာတွင် အစားထိုးစိုက်ပျိုးပြုစု ထိန်းသိမ်းနိုင်စေရန်၊   သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်နှင့်  သစ်ပင်စိုက်ပျိုး ပွဲတော်များတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် စက်တင်ဘာလ ၇ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂ဝ၂၄ ခုနှစ် တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတွင် အမှာစကားပြောကြားစဉ်  ‘‘နိုင်ငံတော်အနေဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားများကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုဖြင့် နှစ်စဉ်ဦးစီးဦးဆောင် လုပ်ပြီး ကျင်းပဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဒေသအလိုက်၊ ဌာနအလိုက် မိုးရာသီသစ်ပင်စိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ သစ်ပင်သစ်တောများသည် ကမ္ဘာမြေပေါ်ရှိသက်ရှိများ ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးပါပြီး စားရေရိက္ခာဖူလုံရေး၊ ရာသီဥတုမျှတရေး၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ရေး၊ ရေနှင့်မြေဆီလွှာ ထိန်းသိမ်းရေး စသည့်တိုက်ရိုက် အကျိုးကျေးဇူးများနှင့်    ဂေဟစနစ်ဝန်ဆောင်မှုများကို  စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း’’ ထည့်သွင်း ပြောကြားခဲ့သည်။

လူ့လောကလူ့ပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင် ကောင်းကျိုးစီးပွား ဖြစ်ထွန်းစေလိုလျှင်‘‘သစ်ပင်ကိုနှစ်စဉ်စိုက် ရွှေတိုက်ကိုစိုး’’ဆောင်ပုဒ်အတိုင်း လူတိုင်းနှစ်စဉ် သစ်ပင်စိုက်ကြရပေမည်။ ယနေ့ကမ္ဘာအရပ်ရပ်တွင် သစ်ပင်သစ်တောများ ဖြစ်ထွန်း‌အောင် စိုက်ပျိုးမှုနှင့်ထုတ်လုပ်မှု သုံးစွဲမှု အတိုင်းအတာပမာဏတို့ကို အချိုးကျတွက်ကြည့်ပါက ထုတ်ယူသုံးစွဲမှုကများ၍ သစ်တောပြုန်းတီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ပညာရှင်များက ထောက်ပြပြောဆိုလျက်ရှိသည်။ သစ်ပင်များကို လိုသည်ထက် ပိုမိုခုတ်ယူပါက တောပြုန်းကာ တောင်ကတုံးဖြစ်နေပေလိမ့်မည်။ တောင်ကတုံးဖြစ်၍ တောပြောင်လျှင်မိုးခေါင်ပေလိမ့်မည်။ မိုးခေါင်နေလျှင် လယ်ယာသီးနှံများ စိုက်ပျိုးရေးတွင် အခက်အခဲ ရှိနေမည်ဖြစ်သလို လူသားတို့၏ စားဝတ်နေရေးများတွင်လည်း ထိခိုက်လာမည်ဖြစ်သည်။ သစ်ပင်များ၏ အမြစ်များသည်

မြေဆီလွှာကို  ကုပ်တွယ်ထိန်းသိမ်းထားရှိပြီး  ရွက်အုပ်ပင်စည်များနှင့် အတူ မြေပြင်တွင်ရေစီးဆင်းမှု၊ ရေစိမ့်ဝင်မှုများကို ထိန်းချုပ်ပေးနိုင်သည်။  ‘‘မိုးပေါ်ကရေ၊ မြေပေါ်ကတော၊ မိုးရေကိုငွေလိုစု၊ ရွှေဥတဲ့တော’’ဆိုသည့်အတိုင်း ရေအရင်းအမြစ်များ၊ ရေသယံဇာတများကို ထိန်းသိမ်းပေးသည်။  အနှစ်ချုပ်ဆိုရသော်  နိုင်ငံတစ်ဝန်းတွင် အမျိုးသားရေးတာဝန် တစ်ရပ်အဖြစ်  သစ်ပင်များ စိုက်ပျိုးနေကြမည်ဆိုပါက သဘာဝပတ်ဝန်းကျင် သာယာလှပနေမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ‘‘သဘာဝဝန်းကျင် အလေးထား သစ်ပင်စိုက်ကြစို့လား’’ ဟု တိုက်တွန်း ရေးသားလိုက်ရပေသည်။   ။

Dates: 
Monday, September 9, 2024 - 04:56