AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်တွင် ကျင်းပသွားမည်
ရန်ကုန် စက်တင်ဘာ ၈
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူး ကျင်းပလျက်ရှိနေသည့် AYA Pay Futsal Championship 2024 ပြိုင်ပွဲ တတိယလုပွဲ၊ ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၉ ရက် (ယနေ့) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ MFF Futsal Stadium ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်တွင် Winner Soccer အသင်းက Pyae Sone FC အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း၊ MIU FC အသင်းက VUC FC အသင်းကို ၃ ဂိုး ၂ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲတွင် Winner Soccer အသင်းနှင့် MIU FCအသင်းတို့ ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်ခဲ့သည့်အတွက် ၂၀၂၂ ခုနှစ်မှ စတင်ကျင်းပခဲ့သည့် Futsal Championship ပြိုင်ပွဲတွင် ချန်ပီယံသစ်အသင်း ထွက်ပေါ်လာမည်ဖြစ်သည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ တတိယလုပွဲစဉ်အဖြစ် စက်တင်ဘာ လ ၉ ရက်(ယနေ့)မွန်းလွဲ ၁ နာရီတွင် VUC FC အသင်းနှင့် Pyae Sone FC အသင်း၊ ဗိုလ်လုပွဲစဉ်အဖြစ် Winner Soccer အသင်းနှင့် MIU FC အသင်းတို့ ကစားသွားမည် ဖြစ်ပြီး အဆိုပါပွဲစဉ်ကစားပုံများကို MFF Futsal Official Youtube တွင် တိုက်ရိုက်(Live) ထုတ်လွှင့်ပြသ သွားမည်ဖြစ်သည်။
AYA Pay Futsal Championship 2024 ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်တွင် Winner Soccer အသင်းနှင့် MIU FC အသင်းတို့မှ အနိုင်ရရှိပြီး ချန်ပီယံဆုဆွတ်ခူးနိုင်မည့် အသင်းအနေဖြင့် အာဆီယံဖူဆယ်ကလပ် ချန်ပီယံရှစ် ပြိုင်ပွဲသို့ဝင်ရောက် ကစားခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။