ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

နိုင်းမြစ်ပေါ်မှာ Aswan တမံတည်ဆောက်ခဲ့သော အချိန်သည် စစ်အေးကာလ၊ ဆိုဗီယက်ရုရှား အရှေ့ အုပ်စုနှင့် အမေရိကန်အနောက် အုပ်စုအားပြိုင်မှု အပြင်းထန်ဆုံး ကာလဖြစ်ခဲ့သည်။ ဤကာလများ မတိုင်မီ ကတည်းက အမေရိကန်ရော ဆိုဗီယက်ရုရှားပါ တမံကြီးပေါင်း မြောက် မြားစွာတည်ဆောက်ပြီး ရေအားလျှပ်စစ်၊ စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးနှင့် ရေကြီးရေလျှံမှုကာကွယ်ရေးကို အပြိုင် လုပ်နေခဲ့ကြသည်။ ဤ Aswan Dam ကို နိုင်းမြစ်ပေါ်တွင်စတင်မည်ဟု အီဂျစ်က ၁၉၆၅ ခုနှစ်ခန့်တွင် အသံလွှင့်လိုက်သည်နှင့် ပြည်ပမှ ထုံးစံအတိုင်း ကိန်းဂဏန်းမျိုးစုံ၊ အချက်အလက်မျိုးစုံ၊ တွက်ချက်မှု မျိုးစုံပြ၍ နည်းမျိုးစုံ ဝေဖန်ကန့်ကွက်သံများ ထွက်လာတော့သည်။ အကြောင်းမှာ ဤတမံကြီး ကို ဆိုဗီယက်ပြည်ထောင်စုမှ ပညာရှင်ပေါင်းမြောက်မြားစွာက လေ့လာသုံးသပ် ပုံထုတ်အကူအညီပေးနေ သောကြောင့်ဖြစ်သည်။

မှန်ပါသည်။ တမံတစ်ခုတည်ဆောက်လျှင် မြစ်၏ မူလဂေဟစနစ်ကို တစ်ခုမဟုတ်တစ်ခု ထိခိုက်မည်မှာ သေချာပါသည်။ သို့သော် အချို့ ကိစ္စများသည် ညှိနှိုင်းအဖြေရှာ၍ ရနိုင်ပါသည်။ ဥပမာအားဖြင့် ဥရောပ မှ ဒင်ညုမြစ် (Danube River) တွင် တမံငယ်ပေါင်း ဒါဇင်နှင့်ချီ၍ တည်ဆောက်ထားသည်။ သို့သော် တမံတိုင်း၊ ရေအားလျှပ်စစ်စက်ရုံတိုင်း တွင် Fish Ladder ဟုခေါ်သော ငါးများအထက်အောက်ကူးနိုင်ရန် တက်၊ ဆင်းရေလမ်းထည့်မထားပါ။ အလားတူပင် ကိုလံဘီယာမြစ်ပေါ်မှ ရာချီသောတမံတိုင်းတွင်လည်း Fish Ladder မပါသည့်တမံများ အမြောက်အမြားရှိပါသည်။ အလားတူပင် တမံတိုင်း Navigation Lock မပါရှိကြပါ။ ကိုလံဘီယာမြစ်ဝှမ်းတစ်ခုလုံးတွင် တမံပေါင်း ၄ဝဝ ကျော်ကြောင့် ပင်လယ်ဝတွင် ပင်လယ်ရေငန် တိုးလာသည်ဟု ဖော်ပြရေးသားမှုများ မတွေ့ပါ။ မြစ်ဝှမ်းတစ်ခုတွင် တမံပေါင်း ရာချီတည်ဆောက် လိုက်ခြင်းကြောင့် ပင်လယ်ဝတွင် ရေငန်အထိုက်အလျောက် တိုးလာနိုင်သည်။ သို့သော် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ တပ်ဆင်ထားသော တမံများမှ လျှပ်စစ်ဓာတ်အားထုတ်လုပ်၍ မူလ မြစ်/ချောင်းအတိုင်းပင် ပုံမှန်ရေလွှတ်ပေးနေခြင်းဖြစ်သည်ကိုလည်း မေ့ထား၍မရပါ။ ဥရောပမြစ် နှင့် အာရှ၊ အာဖရိက၊ လက်တင်အမေရိက၊ တောင်အမေရိကမြစ်များ သည် ဒေသမတူလျှင် စီးဆင်းမှု ပုံသဏ္ဌာန် မတူကြပါ။

ဥရောပမှ မြစ်အများစုမှာ ရေခဲမြစ်များ ဖြစ်ကြသည်။ ရေခဲမြစ်မဟုတ် လျှင်ပင် ရေခဲတောင်များမှ မြစ်ဖျားခံနေသော မြစ်များ အများစုဖြစ်နေသည်။ ဤမြစ်များတွင် မိုးတွင်းကာလရေကြီးပြီး နွေမှာ ရေခန်းသည်ထိ ဆိုးဆိုးရွားရွားမဖြစ်ကြပါ။

၎င်းဒေသများတွင် သုံးနှုန်းသောစကားမှာပင် နှစ်စဉ်မိုးရေချိန်ကို Rain Fall ဟု မသုံးဘဲ Precipitation ဟု ခေါ်ကြသည်။ အကြောင်းမှာ မိုးရွာသွန်းမှုပါသလို ဆီးနှင်းကျမှု ပိုများ၍ဖြစ်သည်။ နေရာအနှံ့ ဆီးနှင်း ရေခဲများဖုံးနေသော တောင်များကို မြင်နေရသည်။ ရေခဲတောင်များ၏ သဘာဝမှာ နွေရာသီတွင် တဖြည်းဖြည်းချင်း အရည်ပျော်ပြီး မြစ်ရေကိုပါ တဖြည်းဖြည်းချင်း တိုးလာစေသည်။ ဤရေခဲတောင်များ သည် ငွေကြေး မကုန်ဘဲရရှိလာသော ရေလှောင်ကန်ကြီးများပင် ဖြစ်သည်။ မြန်မာနိုင်ငံ မြောက်ဖျားမှ ရေခဲတောင်များ ရေပျော်မှုကြောင့် မတ်လအတွင်း ဧရာဝတီ မြစ်အထက်ပိုင်းဒေသများ ရေတက်လာ သည်ကို သတိပြုမိကြလိမ့်မည်။

အလွန်အေးသောဒေသတွင် ပွင့်လင်းရာသီ၌ မိုးရေအနည်းငယ်သာ လိုအပ်သော ဂျုံကဲ့သို့သော သီးနှံများ ကို စိုက်ကြသည်။ ဆီးနှင်းကျရောက် သောအချိန်တွင် စားရေရိက္ခာများ စိုက်ပျိုးရိတ်သိမ်းပြီး ဂိုဒေါင် များထဲသို့ ရောက်သွားကြပြီဖြစ်သည်။ ရာသီဥတုကလည်း နွေရာသီမှာပင် အထိုက်အလျောက် အေးမြနေ၍ ခြောက်သွေ့မှု သက်သာသည်။ သူ့နေရာနှင့်သူ၊ သူ့ရာသီဥတုနှင့်သူ စားရေရိက္ခာရရှိမှု အဆင်ပြေနေကြသည်။

သို့သော် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသအချို့မှာ သဲကန္တာရ ဖုံးလွှမ်းနေသည်။ အချို့နိုင်ငံများတွင် နှစ်စဉ် မိုးရေချိန် ၁ဝ လက်မပင် မပြည့်ကြပါ။

ဤသို့ဆိုလျှင် ၎င်းတို့သည် အသက်ရှင်ရေး မည်ကဲ့သို့စိုက်ပျိုးစား သောက်ကြပါမည်နည်း။ အချို့နိုင်ငံ များတွင် ပြောင်း၊ လူး၊ ဆပ်နှင့် သစ်ဥများ တူးဖော်စားသောက်နေကြရသည်။ ရေအနည်းဆုံးနှင့် ဖြစ်ထွန်း မည့်စားပင်များသာ စိုက်ပျိုးနေကြရသည်။

ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ကဲ့သို့သောနိုင်ငံများတွင် မုတ်သုံကာလတွင်သာမိုးရွာသည်။ ရွာသည့်ကာလလည်း တစ်နှစ်လျှင် လေးလခန့်သာရှိသည်။ နောက် လေးလခန့်မှာ အနည်းငယ်အေးသော ကာလဖြစ်၍ မိုးရာသီအရှိန်ဖြင့် အချို့စားသုံးသီးနှံများ စိုက်ပျိုးနိုင် သေးသည်။ သို့သော် ကျန်လေးလတွင်မူ ရေမသွင်းနိုင်လျှင် စားရိက္ခာပင်များ စိုက်မရတော့ပါ။

နှစ်စဉ် မည်သည့်နှင်းမျှလည်း ထူထပ်စွာမကျရောက်သလို ခြောက်သွေ့ရာသီတွင် မည်သည့် ရေခဲတောင်မှလည်း အရည်ပျော်လာစရာ မရှိသည့်နိုင်ငံများ ကမ္ဘာပေါ်တွင် အများအပြားရှိနေသည်။ ဤဒေသ များတွင်ရှိသည့် နိုင်ငံများသည် များသောအားဖြင့် ဖွံ့ဖြိုးဆဲနှင့် ဆင်းရဲ သောနိုင်ငံများသာ များကြသည်။ အချို့သောနိုင်ငံများသည် ပင်လယ် ထွက်ပေါက် သို့မဟုတ် ပင်လယ်ကို မျက်နှာပြုထား ကြသော်လည်း အချို့ နိုင်ငံများမှာ ကုန်းတွင်းပိတ်နိုင်ငံများ ဖြစ်နေကြသည်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်လေ ဖွံ့ဖြိုးရေးလမ်းစ ရှာရခက်လေဆိုသည့် သဘောကိုလည်း သိထားသင့်သည်။ အာဖရိကနိုင်ငံအများစု၏ အခက်အခဲတွင် ဤအခက်အခဲက ထင်ရှားသည်။ ရေချိုကရှား၊ ရာသီဥတုကပူ၊ စားရေရိက္ခာမလုံလောက်၊ ရောဂါထူပြောပြီး ဘက်စုံအကျပ်အတည်းများ ရှိနေကြသည်။

ယနေ့ ချမ်းသာနေကြသည့် နိုင်ငံအချို့တူးဖော်ရရှိနေသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ အများစုသည် ကမ်းလွန်ပင်လယ်ပြင်များမှ ရရှိနေကြသည်။ ဥပမာအားဖြင့် နော်ဝေနိုင်ငံ၏ အနောက်ဘက်ကမ်း ခြေဒေသ အချို့သည် ၁၉၇၄ ခုနှစ်မတိုင်မီကာလက တံငါလုပ်ငန်းကိုအခြေပြု၍ စားဝတ်နေရေး ဖြေရှင်းနေခဲ့ကြရသည့် အဆင့်ဖြစ်သည်။ ၁၉၇၄ ခုနှစ် နောက်ပိုင်းကာလများတွင် ကမ်းလွန်သဘာဝ ဓာတ်ငွေ့နှင့် ရေနံသိုက် တွေ့ရှိလာရာမှ ကမ်းရိုးတန်းဒေသကြီးအပါအဝင် နိုင်ငံပါ ဖွံ့ဖြိုးမှု မြင့်မား လာခဲ့သည်။ ဤကား ပင်လယ်မျက်နှာပြုနိုင်ငံတစ်နိုင်ငံ၏ အခွင့် အရေးပင်ဖြစ်သည်။ နောက်တစ်ချက် မှာ ပင်လယ်ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်ရရှိပြီး နိုင်ငံ့စားရေရိက္ခာအပြင် ပြည်ပဝင်ငွေလည်း ရရှိ နိုင်သည်။ ပင်လယ်ဆိပ်ကမ်းမြို့များမှာ ပို၍စီးပွားရေးကောင်းရန် အလား အလာရှိကြသည်။

မြန်မာနိုင်ငံကိုကြည့်ပါ။ ကမ်းလွန်သဘာဝဓာတ်ငွေ့ရောင်းချနေ သောဝင်ငွေသည် နှစ်စဉ် ဒေါ်လာ သန်း ၃ဝဝဝ ခန့်ဖြစ်ရာ နိုင်ငံ၏ နိုင်ငံခြားငွေ ၂ဝ ရာခိုင်နှုန်းခန့် ရှာဖွေပေးနေသည့် လုပ်ငန်းကြီး ဖြစ်သည်။ ဤသည်မှာ ပင်လယ်မျက်နှာပြုနိုင်ငံများ၏ အခွင့်အရေးဖြစ်သည်။ ကုန်းတွင်းပိတ်နိုင်ငံများတွင် ဤအခွင့်အရေးမျိုးမရနိုင်ပါ။

ဆက်လက်ဖော်ပြပါမည်။