တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြု စစ်ရေးပြအခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊  ဒီဇင်ဘာ - ၁၁

          တပ်မတော်(ကြည်း၊ရေ၊လေ)အတွက်လိုအပ်သော လက်ရုံးရည်၊ နှလုံးရည် ပြည့်၀သည့် ဆေးသိပ္ပံပညာရှင်အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့်  ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် တပ်မတော်ဆေးတက္ကသိုလ်၏  ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါတပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားပြီး ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် မင်္ဂလာဒုံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

          ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က ကျောင်းဆင်းဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကိုခံယူပြီး   တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁)မှ အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၇၁ ဗိုလ်လောင်း ပြည့်ဖြိုးဝင်း၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၆၀ ဗိုလ်လောင်း ဇေယျာမင်းလွင်၊ စာပေထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၅၄၈၁ ဗိုလ်လောင်း လင်းပြည့်ဖြိုး တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့် သည်။

          ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာ၌ ယနေ့မှစ၍ တာဝန်ကျရာဒေသနှင့် တာဝန်ထမ်းဆောင်ရမည့် တပ်အသီးသီးရှိ တပ်မတော်သားများ၊ တပ်မိသားစုဝင်များ၏ ကျန်းမာရေးနှင့် အသိပညာပေးရေး မူလလုပ်ငန်းတာဝန်များအပြင် တိုင်းရင်းသားပြည်သူလူထု၏ ကျန်းမာရေးကာကွယ် စောင့်ရှောက်မှု၊ ကျန်းမာရေးအသိပညာ ပေးဖြန့်ဝေမှု၊ ဖြစ်ပေါ်လာသည့် ရောဂါကုသပေးမှု စသည့်တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ကြရတော့မည်ဖြစ်ကြောင်း၊ တပ်မတော်သားကောင်း၊ စစ်သားကောင်းတစ်ယောက် ဖြစ်ရန်အတွက် မိမိတို့အပေါ်ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်နိုင်ရန် အမြဲ တမ်းကြိုးစားအားထုတ်နေရန်လိုအပ်ကြောင်း၊ ထိုသို့ကြိုးစားအားထုတ်ခြင်းဖြင့် မိမိ ဘ၀အတွက်လည်း အောင်မြင်တိုးတက်မှုများ ရရှိစေမည်ဖြစ်ကြောင်း၊ တပ်မတော်သား တစ်ဦးအနေဖြင့် စည်းကမ်းလိုက်နာခြင်းနှင့်ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းတို့သည် အရေးကြီးသည့် ကြိုးစားအားထုတ်မှုများဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု အားကောင်းမှ သာလျင် အထက်အောက် အပြန်အလှန်ယုံကြည်လေးစားမှုရှိလာပြီး တာဝန်ထမ်းဆောင်ရာတွင် စည်းလုံးညီညွတ်စွာ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာကြံ့ခိုင်မှုရှိမှသာ စွမ်းရည်ထက်မြက်သည့် တပ်မတော်သားကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း။

          တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ရန် မိမိတို့ဆန္ဒဖြင့် တာဝန်ထမ်းဆောင်ကြသူများဖြစ်သည့်အတွက် မွန်မြတ်သည့် အခြေခံစိတ်ဓာတ် ကောင်းများရှိပြီးဖြစ်ကြောင်း၊ ယင်းအခြေခံစိတ်ဓာတ်ကောင်းများကို ခိုင်မာအောင်တည်ဆောက် ကာ ကျန်းမာကြံ့ခိုင်ရန်၊ ကျွမ်းကျင်မှုရှိရန်၊ ရဲစွမ်းသတ္တိ ရှိရန်ဆိုသည့် စစ်သားကောင်းတို့၏ စွမ်းရည်များပြည့်စုံအောင် လေ့ကျင့်နေကြရန်လိုကြောင်း၊ တပ်မတော်တစ်ခု၏ စံသည် စစ်စည်းကမ်းကောင်းမွန်မှုနှင့် အမိန့်နာခံတတ်မှုတို့ပင် ဖြစ်ကြောင်း၊ စည်းကမ်းလိုက်နာမှု၊ အမိန့်နာခံမှု၊ အထက်အောက် အပြန်အလှန်လေးစားမှုများနှင့် စစ်သားကောင်းစိတ်ဓာတ် မွေးမြူကြရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း၊ တစ်ယောက်ချင်း စည်းကမ်းကောင်းမွန်မှုရှိမှသာ မိမိတို့ တပ်မတော်အင်အားခိုင်မာမည်၊ စွမ်းဆောင်ရည်ထက်မြက်မြင့်မားမည်၊ ပြည်သူ ကအားကိုး နိုင်ငံတော်ကအားထားရသည့် တပ်မတော် ဖြစ်လာမည်ပင်ဖြစ်ကြောင်း၊ ထို့ပြင် ဆရာဝန်ကောင်းစိတ်ဓာတ်ပါ ပြည့်စုံနေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် တပ်မတော်သားများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအပြင် ဆရာဝန်များလိုက်နာရမည့်ကျင့်ဝတ်များ ကိုလည်း သိရှိလိုက်နာကျင့်သုံးကြရန်လိုအပ်ကြောင်း။

          တပ်မတော်ဆေးတက္ကသိုလ်ကို စတင်ထူထောင်ဖွင့်လှစ်ကတည်းက သင်ကြားမှု စနစ်များ၊ အုပ်ချုပ်ထောက်ပံ့မှုစနစ်များ စနစ်တကျချမှတ်ပြီး ဆောင်ရွက်ခဲ့သည့်အတွက် ယခုလိုအောင်မြင်စွာ လေ့ကျင့်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုအဖြစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ကြောင်း၊ တက္ကသိုလ်တစ်ခု၏စနစ်ကောင်း၍ပင်ဖြစ်ကြောင်း၊ အလားတူမကြာခင် သွားရောက်တာဝန်ထမ်းဆောင်ရမည့် တပ်မတော်ဆေးရုံများ၊ စစ်မြေပြင်ဆေးတပ်ရင်းများ တွင်လည်း ဆေးပညာနှင့်ပတ်သက်သည့် ကုသရေးစနစ်များ၊ ကြိုတင်ကာကွယ်ရေးစနစ်များ၊ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်ရမည့် စနစ်များရှိပြီးသားဖြစ်ကြောင်း၊ ယင်းသို့ စနစ်များ ကောင်းမွန်နေ၍သာ မိမိတို့ တပ်မတော်သား အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်နှင့်မှီခိုသူများကို ထိရောက်သည့် ဆေးအကာအကွယ်ကောင်းစွာပေးနိုင်နေခြင်းဖြစ်ကြောင်း၊ ထိုအရာတွင် သာမက တိုင်းရင်းသားပြည်သူလူထုအတွက် ကျန်းမာရေး ဆောင်ရွက်မှုများ၊ သဘာ၀ဘေး အန္တရာယ်ကာကွယ်ရေးများတွင် ကူညီကယ်ဆယ်စောင့်ရှောက်ရေးများ ကောင်းစွာ ဆောင်ရွက် နိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်တွင် ချမှတ်ထားသည့် စနစ်ကောင်းဖြစ်ရန် အတွက် စီမံချက်များချမှတ် အကောင်အထည်ဖော်ရသည့် အစဉ်အလာကောင်းများရှိကြောင်း၊ ထို့ကြောင့် ဆေးကုသရေးကိစ္စရပ်များသာမက ကျန်သည့်အရေးကြီးသောကိစ္စရပ်များတွင် ကြိုတင်မျှော်တွေးပြီး စနစ်တကျ ချမှတ်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့လျှင် ထိရောက်သည့် အောင်မြင်မှုများရနိုင်မည် မဟုတ်ကြောင်းကို သတိထားကြရန်လိုကြောင်း။

          “သမားဇာနည် အောင်စစ်သည်” ဟုခေါ်သည့် ဆေးဘက်ဆိုင်ရာ ပညာသည် စစ်ခေါင်းဆောင်များဖြစ်သည့်အတွက် မိမိတို့တတ်အပ်၊ သင်ယူအပ်သည့် ပညာရပ် ပိုင်းဆိုင်ရာများကို ဆင့်ကဲဆင့်ကဲကြိုးစားသင်ယူပြီး Professional ဖြစ်အောင် လေ့ကျင့်သင်ယူနေရမည်ဖြစ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ဆေးသိပ္ပံပညာရပ်များကို ဆက်လက်လေ့လာဆည်းပူးနေ ကြရမည်ပင် ဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်သည့် ဆေးဘက် ဆိုင်ရာပညာရှင်များ အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ပင်ဖြစ်ကြောင်း၊ ထို့ပြင် စစ်ဘက်ခေါင်းဆောင်များ ဖြစ်သည့်အတွက် ခေါင်းဆောင်မှုပညာရပ်များကိုလေ့လာပြီး လက်တွေ့အသုံးချသွားရမည် ဖြစ်ကြောင်း၊ တပ်အသီးသီးတွင် ပြန်တမ်းဝင်အရာရှိ ဆရာဝန်ဆေးမှူး ခေါင်းဆောင်ငယ်များ အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် သင်တန်းကာလအတွင်း ခေါင်းဆောင်မှုသဘောတရားနှင့် နည်းလမ်းများကို သင်ကြားလေ့ကျင့်စေခဲ့ကြောင်း၊ ကျောင်းကသင်ကြားပေးလိုက်သည့် စစ်ပညာ၊ ခေါင်းဆောင်မှုပညာရပ်များသည် အခြေခံသဘောမျှသာဖြစ်ပြီး ကျန်သည့် ပညာရပ်များကို မိမိတို့ကိုယ်တိုင် လက်တွေ့နယ်ပယ်တွင် ထပ်မံဆည်းပူးသင်ယူသွားရမည် ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုနယ်ပယ်ဟူသည် ကျယ်ပြောလှသောကြောင့် မိမိတို့ဖြတ်သန်း ရမည့် နယ်ပယ်အသီးသီးတွင် စာတွေ့လက်တွေ့သီအိုရီများကို ကောင်းစွာအသုံးချပြီး ပေးအပ်လာသည့်ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် တာဝန်ထမ်းဆောင် ကြသည့်အခါ မိမိတို့ကွပ်ကဲအုပ်ချုပ်ရသည့် တပ်ဖွဲ့ဝင်များအပေါ် မှန်ကန်သည့် ခေါင်းဆောင်မှုပေးရန်လိုအပ်ကြောင်း၊ မိမိဦးဆောင်တာဝန်ယူရသည့်အဖွဲ့အစည်း၏ ရည်မှန်းချက်တာဝန် (သို့မဟုတ်) လိုလားချက်များကို ပြီးမြောက်အောင် မိမိ လက်အောက်ငယ်သားများကို ဦးဆောင်ပြီး ကျေပွန်စွာဆောင်ရွက်နိုင်သူ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ကြိုးစားအားထုတ်မှု၊ ရိုးသားမှု၊ စိတ်ရင်းစေတနာကောင်းထားရှိမှု၊ ရောင့်ရဲတင်းတိမ် နိုင်မှု၊ လူ့သဘောသဘာ၀တို့ကို နားလည်နိုင်မှုတို့ဖြင့်ဆောင်ရွက်ကြရန်လိုကြောင်း။

          တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် အမှတ်စဉ်(၁)မှ အမှတ်စဉ်(၂၀)အထိ တပ်မတော်သားဆရာဝန်များစွာ မွေးထုတ်ပေးခဲ့ပြီး တပ်မတော်၏ အဓိကလုပ်ငန်း တာဝန်ဖြစ်သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်၊ လေ့ကျင့်ရေးတာဝန်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသည့် တပ်မတော်သားများ၊ မိသားစု ဝင်များ၏ ကျန်းမာကြံ့ခိုင်ရေးနှင့်ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ယင်းသည် နိုင်ငံတော်အတွက် ဆေးဝန်ထမ်းလိုအပ်ချက်ကို တစ်ထောင့်တစ်နေရာမှ ပါဝင်ဖြည့်ဆည်းပေးခြင်း ဖြစ်သကဲ့သို့ တိုင်းရင်းသားပြည်သူတို့၏ လူမှုစီးပွားဘ၀ရှင်သန်အောင်မြင်ရေးအတွက် ကျန်းမာရေးကဏ္ဍကို တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း။

          မိမိတို့တပ်မတော်အနေဖြင့် နိုင်ငံတစ်ဝန်း တိုင်းရင်းသားဒေသများအပါအဝင် နယ်စပ်ဒေသအစွန်အဖျားမကျန် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ပေးနေ ကြောင်း၊ ယခုလိုဆောင်ရွက်ပေးခြင်းသည် တပ်မတော်၏အဓိကလုပ်ငန်းတာဝန်များမှ ပြည်သူ့အကျိုးပြု လုပ်ငန်းတာဝန်ကို တာဝန်သိသိ၊ စေတနာရှိရှိ လုပ်ဆောင်နေခြင်းပင်ဖြစ်ကြောင်း၊ တပ်မတော်သားဆေးတပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့တတ်မြောက်ထားသည့် ဆေးပညာရပ်များ နှင့်ပြည်သူများကို အခမဲ့ဆေးဝါးကုသပေးပြီး ကာကွယ်စောင့်ရှောက်ပေးခြင်းသည် ပြည်သူလူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးရန် ဆိုသည့် နိုင်ငံတော်ကာကွယ်ရေး တာဝန်တစ်ရပ်ကို အောင်မြင်စွာထမ်းဆောင် နေကြခြင်း၊ ပြည်သူကိုကျေးဇူးဆပ်နေခြင်း ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများ အများစုနေထိုင်သည့်နယ်စွန်နယ်ဖျား အသီးသီးတွင် ကျန်းမာရေး၊ ပညာရေး နှင့်လမ်းပန်းဆက်သွယ်ရေးများနှင့်ပတ်သက်ပြီး လိုအပ်ချက်များရှိနေဆဲဖြစ်သည့် အတွက် မိမိတို့တတ်စွမ်းသည့် ဆေးပညာရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေး ကြရမည်ဖြစ်ကြောင်း။

          ကမ္ဘာ့ကပ်ရောဂါ COVID-19 သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့ပြီး ယခုအခါမိမိတို့မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့အနှံ့ ပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ တပ်မတော်အနေဖြင့် ရောဂါစတင်ဖြစ်ပွားချိန်ကတည်းက မျက်ခြည်မပြတ် စောင့်ကြည့်ပြီး လိုအပ်သည့်ဆွေးနွေးညှိနှိုင်းပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်တစ်ရပ်လုံး COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် သတိပေးမိန့်ထုတ်ပြန်ခဲ့ပြီး ကူးစက်ရောဂါ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များကိုတွက်ဆကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ကြောင်း။

          ပြည်သူလူထုအတွင်း ရောဂါပြန့်ပွားနေမှုကို တစ်ဖက်တစ်လမ်းက ကာကွယ်နိုင် ရေးအတွက် လူမျိုး၊ ဘာသာခွဲခြားခြင်းမပြုဘဲ ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေးခြင်း၊ လိုအပ်သည့်ဆေးဝါး၊ အထောက်အကူပစ္စည်းများ ကူညီထောက်ပံ့ခြင်းစသည့် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးနေသည့်အပြင် ရောဂါကူးစက်မှုကို အချိန်နှင့် တစ်ပြေးညီသိရှိရန်အတွက် တပ်မတော်သားများနှင့် မိသားစုများ သာမက စစ်မှုထမ်းဟောင်း များနှင့် နိုင်ငံအတွင်းတွင်ရှိသည့် တိုင်းရင်းသားပြည်သူများကိုပါ တပ်မတော်ဆေးရုံကြီးများ တွင်ရှိသည့် ရောဂါရှာဖွေကုသရေးစက်ကြီးများဖြင့် ကူညီစစ်ဆေးဆောင်ရွက်ပေးလျက် ရှိကြောင်း၊ အကြောင်းအမျိုးမျိုးဖြင့် ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြပြီး ပြန်လည်ရောက်ရှိလာသည့် တိုင်းရင်းသားညီအစ်ကို မောင်နှမများကိုလည်း တပ်မတော် အနေဖြင့် COVID-19 စောင့်ကြည့်ရေးဌာနများ ဖွင့်လှစ်ပေးပြီးနေရေး၊ စားရေးအစ အစစအရာရာတာဝန်ယူ လက်ခံစောင့်ရှောက် ပေးနေသည်ကိုလည်း တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တပ်မတော်အနေဖြင့် COVID-19 အရေးနှင့်ပတ်သက်ပြီး ဘက်စုံ၊ ထောင့်စုံကနေ နိုင်ငံတော်နှင့် ပြည်သူ လူထုအတွက် ကြိုတင်မျှော်တွေးစဉ်းစားကာ ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း။

          တပ်မတော်ဆေးတပ်ဖွဲ့ဝင်များသည် တပ်မတော်ကဖွင့်လှစ်ထားသည့် COVID-19 ကုသရေးဆေးရုံများ၊ ကုသရေးစင်တာများတွင်သာမက ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သား Volunteer များနှင့်ပူးပေါင်းပြီး ပါဝင်ကူညီပေးနေသည်များကို လက်တွေ့ကျစွာတွေ့ရှိရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၄၁ “ နိုင်ငံတော်တွင် နိုင်ငံ တော်နှင့်နိုင်ငံသားများအတွက် ဘေးအန္တရာယ်များ ကျရောက်လာလျှင် တပ်မ တော်က ကူညီဆောင်ရွက်ရမည်” ဆိုသည့်အတိုင်း အမျိုးသားရေးတာဝန်အနေဖြင့်  နိုင်ငံတော်နှင့်ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိသည်ဆိုသည့် အသိ ဖြင့် အင်တိုက်အားတိုက်ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကျောင်းဆင်း အရာရှိများအနေဖြင့်လည်း ယခုကဲ့သို့မွန်မြတ်သည့်လုပ်ငန်းစဉ်များတွင် ကျရာ အခန်းကဏ္ဍမှ တက်ကြွစွာပါဝင် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း။

          နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံသူ နိုင်ငံသားများ၏ ကျန်းမာ ကြံ့ခိုင်မှုသည် အဓိကနေရာကပါဝင်လျက်ရှိကြောင်း၊ “အာရောဂျံ၊ ပရမံ၊ လာဘံ” ဆိုသည့် စကားနှင့်အညီ ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါးဖြစ်ပြီး ကျန်းမာမှပညာ သင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်သည့်အတွက် လူတိုင်းသည် သက်ရှည်ကျန်းမာခြင်းကို လိုလားကြောင်း၊ သို့သော်လည်း မွေးကင်းစအရွယ်ကလေး သေဆုံးခြင်းများ၊ လူငယ်ပိုင်းနှင့် လူလတ်ပိုင်းတို့တွင် မကျန်းမာခြင်းနှင့် အကြောင်း အမျိုးမျိုးကြောင့် သေဆုံးရခြင်းများကို ကြုံတွေ့နေကြရပြီး သက်တမ်းစေ့နေထိုင်ရခြင်း မရှိသည်ကိုလည်း တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်သာရှိပြီး တိုးတက်သည့် နိုင်ငံအချို့၏မျှော်မှန်း သက်တမ်းသည် အသက် ၈၀ ကျော်ခန့်ရှိသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် တစ်ခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက များစွာတိုတောင်းပြီး ကျန်းမာရေး အရ အားနည်းချက်များရှိနေသည်ကို ရိုးရှင်းစွာမြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်လည်း မိမိတို့နိုင်ငံ၊ မိမိတို့တိုင်းရင်းသားပြည်သူလူထုအတွက် တပ်မတော်အနေဖြင့် တတ်နိုင် သည့်ဘက်မှ ပြည်သူလူထုကျန်းမာရေးအတွက် လိုအပ်သည့်စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း။

          ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးအသိပညာ ပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ထိရောက်သည့်ကုသမှုပေးခြင်းများကို စေတနာထားပြီး ဆေးတပ်ဖွဲ့၏ပင်မတာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်သွားကြ ရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိတို့တတ်ကျွမ်းသည့်ဆေးပညာရပ်နှင့် ပြည်သူလူထုအပေါ် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျေပွန်စွာထမ်းဆောင် ခြင်းလည်းဖြစ်ကြောင်း၊ အဖွဲ့အစည်းတစ်ခုခိုင်မာ အားကောင်းပြီး မယိုင်မလဲရပ်တည်သွားနိုင် ရန် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်ရေး ခိုင်မာအားကောင်းရန်လည်းလိုအပ်ကြောင်း၊ ထိုသို့ခိုင်မာအားကောင်း နေရန်အတွက် တပ်ရင်း၊တပ်ဖွဲ့၊ ဆေးရုံနှင့်ဆေးတပ်အသီးသီးတွင် တာဝန်ထမ်းဆောင် ကြရမည့်ကျောင်းဆင်းအရာရှိများအနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များကို ညီအစ်ကို မောင်နှမစိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်ဖြင့် ကျန်းမာရေးဆိုင်ရာ ကုသကာကွယ်ပေးမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိများရရှိစေရန် ကျန်းမာရေးဆိုင်ရာပညာပေးမှုများကိုလည်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သို့မှသာ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ ခင်မင်တွယ်တာမှုများ တိုးပွားလာ မည်ဖြစ်ပြီး ကျစ်လျစ်ခိုင်မာသည့်တပ်တွင်း စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ် ကြောင်း။

          မိမိတို့တပ်မတော်သည် ပြည်သူကြားက ပေါက်ဖွားလာသည့် တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော တစ်ခုတည်းသောတပ်မတော်ဖြစ်သည့်အတွက် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမည် ဖြစ်သည့်အပြင် ပြည်သူများ၏ နေ့စဉ်လူမှုဘ၀လုံခြုံရေးကိုပါ ဘက်ပေါင်းစုံက ကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်၏အနာဂတ်ကောင်းမွန်အောင် မိမိတို့တပ်မတော်သည် ပြည်သူများနှင့်လက်တွဲပြီး တစ်ဖက်တစ်လမ်းမှ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တပ်နှင့် ပြည်သူတစ်သားတည်း ဖြစ်လာမှသာ တပ်ပြင်စည်းရုံးရေးသည်လည်း ခိုင်မာအားကောင်း လာမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် ဆေးဝါးကုသမှုတွင် ကျန်းမာရေးဝန်ထမ်းများ၏ ပြုမူဆက်ဆံမှုသည် အရေးကြီးပြီး ပြုံးပြုံးရွှင်ရွှင်၊ နွေးထွေးကြင်နာစွာ ပြုမူဆက်ဆံခြင်းဖြင့် လူနာ၏ရောဂါ သက်သာမှုကိုဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် လက်တွေ့လုပ်ငန်းခွင်နယ်ပယ် တွင် တာဝန်ထမ်းဆောင်သည့်အခါ ရိုးသားကြိုးစားမှုတို့ကို ရှေ့တန်းတင်ပြီး အကျင့်စာရိတ္တ ကောင်းကောင်း၊ စေတနာပါပါဖြင့် ပြည်သူလူထုကို နွေးထွေးကြင်နာစွာမေတ္တာထားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြရန်လိုကြောင်း။

          တပ်မတော်ဆေးတက္ကသိုလ်၏ ကောင်းမြတ်သည့် အစဉ်အလာများကို စောင့်ထိန်းပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူလူထုအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာကြံ့ခိုင် တိုက်နိုင်ရန် ဆိုသည့် ဆောင်ပုဒ်အတိုင်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြသည့်  တပ်မတော်သား အားလုံး ကျန်းမာကြံ့ခိုင်ပြီး ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်အောင် မိမိတို့တတ်ကျွမ်းသည့် ဆေးပညာရပ်များနှင့် စောင့်ရှောက်ကာကွယ်သွားကြရန်လိုကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်က သင်ကြားပေးလိုက်သည့် ဆေးပညာရပ်များကို အခြေခံပြီး အဆင့်မြင့်ဆေးသိပ္ပံ ပညာရပ်များကို အဆင့်ဆင့်လေ့လာဆည်းပူးကာ နိုင်ငံတော်နှင့် တပ်မတော်က အားထားရသည့် ဆေးသိပ္ပံပညာရှင်များဖြစ်လာအောင် ဆက်လက်ကြိုးပမ်း သွားကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်း၊ ကျန်းမာကြံ့ခိုင်အောင် နေထိုင်ခြင်းတို့ဖြင့် အမြဲကြိုးစားအားထုတ်၍ ဆေးပညာဆိုင်ရာကျင့်ဝတ်များကို တိကျစွာလိုက်နာပြီး စစ်ဘက် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်ပေါင်းစပ်ကာ မိမိကွပ်ကဲရသည့်တပ်ဖွဲ့ကို မှန်ကန်သည့် ခေါင်းဆောင်မှုပေးနိုင်သော ခေါင်းဆောင်ကောင်းများဖြစ်အောင် နေထိုင်သွားကြရန်လိုကြောင်း ဖြင့် ပြောကြားသည်။

          ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်သည် ဗိုလ်လောင်းတပ်ခွဲ၏ အလေးပြုခြင်းကို ခံယူပြီး စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

          စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်သည် တပ်မတော်ဆေးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တပ်မတော်ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၁) မှ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်းများကိုတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား ခဲ့သည်။

          ဂုဏ်ပြုအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ထူးချွန်စွာအောင်မြင် ခဲ့ကြသည့်အတွက် မိဘများနှင့်ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိဘများအနေ ဖြင့် လက်ရှိမိမိတို့နိုင်ငံတွင် COVID-19  ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေများအရ ကျောင်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း ဝမ်းမြောက် ဂုဏ်ယူနေကြမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ထူးချွန်ဆုများရရှိခဲ့ခြင်းသည် သင်တန်းကာ လ ၇ နှစ်တာကာလပတ်လုံး စာတွေ့လက်တွေ့ ဘက်ပေါင်းစုံမှ ကြိုးစားဆောင်ရွက် ခဲ့သည့် ရလဒ်ပင်ဖြစ်ကြောင်း၊ တပ်မတော်ဆေးတက္ကသိုလ်အနေဖြင့် အခြား Academy များ ထက်ထူးခြားပြီး စာတွေ့သီအိုရီသင်တန်းကာလ ၆ နှစ်၊ ဆေးရုံများတွင် လက်တွေ့ကာလ ၁ နှစ်သင်ကြားခဲ့ရကြောင်း၊ လူတို့၏သဘောသဘာ၀အရ မိမိကိုယ် ကိုယ်ထိန်းသိမ်းနိုင်မှုမရှိပါက အောင်မြင်မှုရရှိမည်မဟုတ်ဘဲ သင်တန်းကာလရှည် တစ်လျှောက်လုံး မိမိကိုယ်ကိုယ် ထိန်းသိမ်းကြိုးစားခဲ့သည့်ရလဒ်ကို ဆက်လက်ထိန်းသိမ်းပြီး ခေါင်းဆောင်ကောင်း၊ ဆရာဝန်ကောင်း၊ စစ်သားကောင်းဖြစ်ရန်နှင့် စိတ်ဓာတ်၊ စည်းကမ်းကောင်းအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

          ထို့ပြင် စိတ်ကောင်း၊ နှလုံးကောင်းမွေးမြူကြရန်နှင့် မိမိကိုယ်ကိုယ်ကျန်းမာ အောင် နေထိုင်ကြရမည်ဖြစ်ကြောင်း၊ တာဝန်ထမ်းဆောင်ရာတွင်လည်း “ရိုးဂုဏ်ကို စောင့်ထိန်းပါ” ဟူသည့် မြန်မာစကားနှင့်အညီ မှန်မှန်ကန်ကန် စည်းကမ်းတကျဖြင့် သွားလာနေထိုင် လုပ်ကိုင်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တပ်မတော်မှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို အသုံးချ၍ မိမိတို့တပ်မတော်သားများ၊ မိသားစုဝင်များနှင့် ထိတွေ့နေရသည့် မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန်၊ ကျန်းမာရေး အသိပညာပေးရန်နှင့် မိမိအလုပ်ကို အောင်မြင်အောင်၊ ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရန်လိုအပ်မည် ဖြစ်ကြောင်းနှင့် တိုင်းပြည်ကောင်းရာကောင်းကျိုးကိုဆောင်ရွက် ပေးနိုင်သည့် တပ်မတော်သားကောင်းများဖြစ်ကြပြီး ဘ၀တစ်လျှောက်လုံးအောင်မြင်တိုးတက် ကြပါစေကြောင်းဖြင့် ဆုမွန်ကောင်းအမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။