ဆိုင်ကလုန်းမုန်တိုင်း “ ရီမယ်(လ်)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟုသတ်မှတ်

ဆိုင်ကလုန်းမုန်တိုင်း “ ရီမယ်(လ်)”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟုသတ်မှတ်

နေပြည်တော် မေ ၂၅

ဆိုင်ကလုန်းမုန်တိုင်းအခြေအနေ

ယနေ့ည ၈ နာရီခွဲ အချိန်တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ် အော် အရှေ့အလယ်ပိုင်း တွင်ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) သည်မြောက်ယွန်းယွန်းသို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းလာကာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ် ပိုင်းတို့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ရီမယ်(လ်)” (REMAL)အဖြစ်သို့ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့ (Hainggyigyun)၏ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၃၂ဝ မိုင်ခန့်၊ သံတွဲမြို့(Thandwe)၏ အနောက်ဘက် ရေမိုင် ၂၇၅ မိုင်ခန့်၊ စစ်တွေမြို့ (Sittwe)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၁ဝ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာမြို့(Khepupara)၏ တောင်- အနောက်တောင်ဘက် ရေမိုင် ၁၉၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း(Sagar Island)၏ တောင်-အရှေ့ တောင်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်နှင့် ကန်နင်းမြို့ (Canning)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL)၏ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းရီမယ်(လ်)”(REMAL)၏တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ရီမယ်(လ်)”(REMAL) သည် ယနေ့ည ၈ နာရီခွဲအချိန်တွင် မြောက်လတ္တီ တွဒ် ၁၈ ဒသမ ၈ ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၉ ဒသမ ၅ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၈၆ ဟက်တိုပါစကယ်နှင့်အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၄ဝ နှုန်းခန့်ဖြစ်ပါသည်။

နောက် (၃၆)နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“ရီမယ်(လ်)" (REMAL)သည် မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး ပိုမို အားကောင်းလာနိုင်ကာ ၂၆-၅-၂၀၂၄ ရက်နံနက်ပိုင်းတွင် ဘင်္ဂလား ပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတို့တွင် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Severe Cyclonic Storm)အဖြစ်သို့ ရောက်ရှိ နိုင်ပြီး ၂၆-၅-၂၀၂၄ ရက် ညပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခီပူပါရာ မြို့နှင့် ယင်းနှင့် ဆက်စပ် လျက်ရှိသော အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလား ပြည်နယ်ကမ်းခြေ ဆာဂါကျွန်းတို့အကြားမှ ဖြတ်ကျော် နိုင်သည်ဟု ခန့်မှန်းရပါသည်။

သတိပေးနှိုးဆော်ချက်

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“ရီမယ်(လ်)” (REMAL)၏အရှိန်ကြောင့် ယနေ့ညမှ ၂၇-၅-၂၀၂၄ ရက်အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက် ပြီး လှိုင်းကြီးမည်။ မိုးသက် လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် ၂၅-၅-၂၀၂၄ ရက်မှ ၂၆-၅-၂၀၂၄ ရက်အတွင်း တစ်နာရီလျှင် မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၉ ပေမှ ၁၂ ပေခန့်ရှိနိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် ၂၅-၅-၂၀၂၄ ရက်မှ ၂၆-၅-၂၀၂၄ ရက်အတွင်း တစ်နာရီလျှင် မိုင် ၅ဝ မှ မိုင် ၆ဝ အထိတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ ၁၃ ပေမှ ၁၈ ပေခန့်ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)“ရီမယ်(လ်)” (REMAL)၏အရှိန်ကြောင့် မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

(မိုး/ ဇလ)

Dates: 
Monday, September 9, 2024 - 11:08