ပျော်ရွှင်လန်းဆန်း ပြည်သူ့စစ်မှုထမ်း

 

ပျော်ရွှင်လန်းဆန်း ပြည်သူ့စစ်မှုထမ်း

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၀  ရက်)

      မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ပြောင်း လေ့လာတိုင်း  အဓိကတွေ့ရှိရသည်မှာ ကာကွယ်ရေးအင်အား ဖြစ်သည်။   ကာကွယ်ရေးအင်အား တောင့်တင်းခြင်းသည်   နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မားခြင်းပင်ဖြစ်သည်။ နိုင်ငံတော်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုရှိသည့်အပေါ်တွင် များစွာမှီတည်သည်။ ထိုအရာများ ရှိနေစေရေးအတွက်လည်း ကာကွယ်ရေးကဏ္ဍသည် အဓိကကျလှသည်။ နိုင်ငံတော်ကာကွယ်ရေးသည် နိုင်ငံအတွင်းမှီတင်း နေထိုင်လျက်ရှိသည့် အရွယ်ရောက်သူမှန်သမျှ၏ မွေးရာပါတာဝန်ဖြစ်သည်။ မြန်မာနိုင်ငံသည်  လွတ်လပ်ရေးဆုံးရှုံးမှု အတွေ့အကြုံ ရှိထားသည့် နိုင်ငံဖြစ်သည့်အတွက်  နိုင်ငံတော်ကာကွယ်ရေးကို  ပိုမိုအလေးထား လုပ်ဆောင်ရမည့်နိုင်ငံဖြစ်သည်။ ''ပြည်ထောင်စုအမွေအမြဲ တည်တံ့စေ''ဆိုသည့် နိုင်ငံတော်သီချင်း စာသားကဲ့သို့ပင် ဘိုးဘွားအမွေအနှစ်မို့ တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းစောင့်ရှောက်ရမည်မှာ မျိုးဆက်တိုင်း၏ မဖြစ်မနေ ဆောင်ရွက်ရမည့် တာဝန်ဖြစ်သည်။ ထိုတာဝန်အပေါ် ထမ်းဆောင်ရန်ပျက်ကွက်ပါက နိုင်ငံတော်၏ အချုပ်အခြာအာဏာတို့ ဆုံးရှုံးသွားမည့်အပြင် မိမိတို့ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှုတို့လည်း ကွယ်ပျောက်သွားမည်ဖြစ်သည်။   နိုင်ငံတော်၏ကောင်းကျိုးကို  ညီညာစွာ ထမ်းဆောင်ကြမှသာ မြန်မာနိုင်ငံသည် အဖိုးတန်မြေအဖြစ် ကမ္ဘာတွင် ဝင့်ကြွားစွာ ရပ်တည်နိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံသည်   တိုင်းရင်းသားလူမျိုးပေါင်း တစ်ရာကျော်နေထိုင်သည့်  နိုင်ငံဖြစ်သည့်အတွက် တစည်းတလုံးတည်းရှိသော တိုင်းရင်းသားစည်းလုံး ညီညွတ်မှုသည် မရှိမဖြစ်လိုအပ်လှသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မရှိပါက အကွဲကွဲအပြားပြားဖြစ်နေပြီး နိုင်ငံတော်သည် မကြာမီအချိန်တွင် ပြိုကွဲသွားနိုင်သည်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့သည် နိုင်ငံသားအားလုံးအတွက် အမျိုးသားနိုင်ငံရေး တာဝန်ဖြစ်သဖြင့်ပြည်သူများ အနေဖြင့်လည်း အဆိုပါဒို့တာဝန် အရေးသုံးပါးကိုအလေးအနက်ထားကာ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရမည်ဖြစ်သည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ကျရာနေရာမှ ထမ်းဆောင်ရန်အတွက် တပ်မတော်သို့ဝင်ရောက် လာကြသူများသည်   မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်မှမပါဘဲ   မိမိတို့၏ ကိုယ်ပိုင်ဆန္ဒသဘောထားများဖြင့်    တပ်မတော်သို့ ဝင်ရောက်ကာ  စစ်မှုထမ်းနေကြသူများဖြစ်သည်။ အဆိုပါ တပ်မတော်သားတို့၏ စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုတို့ကြောင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဟူ၍ တည်တံ့ခိုင်မြဲနေခြင်းဖြစ်သည်။ နိုင်ငံတကာတွင်ဖြစ်ပျက်နေသော အတွေ့အကြုံများအရ မျက်မှောက်ခေတ် စစ်ပွဲအသွင်သဏ္ဌာန်မှာ ဘက်စုံစစ်ပွဲအသွင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ အထူးသဖြင့် အင်အားကြီးနိုင်ငံများက အင်အားနည်းသည့် နိုင်ငံများအပေါ် ဘက်စုံစစ်ပွဲအသွင် ဆင်နွှဲလျက်ရှိသည်။

ဘက်စုံစစ်ပွဲအသွင် ဆိုသည်မှာ နိုင်ငံရေးနည်း၊ စီးပွားရေးနည်း၊ လူမှုရေးနည်း၊ သဘောတရားရေးနည်း၊ ဝါဒဖြန့်ချိရေးနည်း၊ သံတမန်ရေးနည်းနှင့် စစ်ရေးနည်းတို့ဖြစ်သည်။ ဘက်စုံစစ်ပွဲအသွင် သဏ္ဌာန်ဖြစ်ပေါ်လာသည့်အတွက်  တိုင်းရင်းသားအားလုံး သို့မဟုတ် နိုင်ငံအတွင်းမှီတင်းနေထိုင်သူ အားလုံးက အသိ၊ သတိရှိနေကြရမည်ဖြစ်သည်။ ထိုသို့အသိ၊ သတိရှိနေရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်ရန် လိုအပ်လာနေပြီဖြစ်သည်။ အရွယ်ရောက်သူမှန်သမျှ နှစ်နှစ်တန်သည်၊ သုံးနှစ်တန်သည် စစ်မှုထမ်းဆောင် ရမည်ဖြစ်ကြောင်း လွတ်လပ်ရေး မရမီကတည်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ပြောကြားထားပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂ဝ၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေစတင်အာဏာသက်ဝင်ကြောင်း ကြေညာခဲ့သည်။  ဥပဒေသတ်မှတ်ကြေညာလိုက်သည့်အခါ နိုင်ငံတော်အတွက် တိုင်းပြည်ချစ်သူ လူငယ်လူရွယ်များအနေဖြင့် အထူးပင်နှစ်ခြိုက် သဘောကျခဲ့ကြသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်လည်း ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅)ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်သလို ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများ အနေဖြင့်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအလိုက် မိမိတို့ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်လျက်ရှိသည်ကို တွေ့ရသည်မှာ ကြည်နူးဖွယ်ကောင်းလှသည်။  ပြည်သူ့စစ်မှုထမ်းဥပဒေသည် လူငယ်မောင်မယ်တို့ အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု ဆိုနိုင်သည်။ အကျိုးခံစားခွင့် အားလုံးနီးပါးမှာ အမြဲတမ်းစစ်မှုထမ်းများနှင့် အလွန်အမင်း ကွာခြားလှသည်မဟုတ်ပေ။ မိမိကိုယ်ကို တန်ဖိုးထားသူတိုင်း၊ မိမိနိုင်ငံ၏ တန်ဖိုးကိုမြှင့်တင်လိုသူတိုင်း ပြည်သူ့စစ်မှုထမ်းအဖြစ် စိတ်အားထက်သန်စွာ စာရင်းပေးသွင်းလျက်ရှိကြသည်။ ပြည်သူ့စစ်မှုထမ်းသင်တန်းများ တက်ရောက်လျက်ရှိကြသည်။

မြန်မာနိုင်ငံ၏ တည်နေရာပထဝီအနေအထား အရသော် လည်းကောင်း၊ ကမ္ဘာ့အခြေအနေများအရသော် လည်းကောင်း မိမိတို့နိုင်ငံကို မိမိတို့ကာကွယ်ရမည်။  ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနှင့်  အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော  ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိနေပြီဖြစ်သည့်အတွက်  စစ်ပညာသင်ကြားရန် နိုင်ငံတော်ကာကွယ်ရေး အတွက် စစ်မှုထမ်းဆောင်နိုင်ရန်   နိုင်ငံတော်အစိုးရက ပြည်သူ့စစ်မှုထမ်း ဥပဒေကိုပြဋ္ဌာန်းပေးထားသကဲ့သို့ လူငယ်များအနေဖြင့်လည်း ထိုတာဝန်များကို ကြည်ဖြူကျေနပ်စွာ ထမ်းဆောင်လျက်ရှိသည်မှာ အနာဂတ်နိုင်ငံတော်အတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ဖြစ်၍   ပျော်ရွှင်လန်းဆန်း ပြည်သူ့စစ်မှုထမ်းများ အဖြစ် ဂုဏ်ပြု ရေးသားလိုက်ရပေသည်။    ။

Dates: 
Tuesday, September 10, 2024 - 04:13