ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့်ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝရန်နှင့် ကျန်းမာကြံ့ခိုင်စေရန် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၁၁    
ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ အာဟာရ ပြည့်ဝစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်အတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစု များမှ လှူဒါန်းသည့် အာဟာရဖြည့်စွက်စာများကို တိုင်းစစ်ဌာနချုပ်များအလိုက် တပ်မတော်သား များက သွားရောက်ပေးအပ်လှူဒါန်းလျက်ရှိသည်။    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ သထုံမြို့ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုတိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်နှင့် ညောင်လေးပင်မြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်တိုက်နယ် ဆေးရုံများသို့ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်၍ တပ်မတော်စက်ရုံအသီးသီးမှထုတ်လုပ်သော အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် တပ်ရင်း^ တပ်ဖွဲ့အသီးသီးမှထွက်ရှိသော စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြသည်။    
၎င်းအပြင် ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် တပ်မတော်က လှူဒါန်းသည့်  Personal Protective Equipment (PPE)  ဝတ်စုံ ၃၀ စုံ ကို ကရင်ပြည်နယ်၊ အိန္ဒုတိုက်နယ်ဆေးရုံသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဘားအံတပ်နယ်မှ တာဝန်ရှိသူများက ယနေ့တွင် သွားရောက်ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။