တာချီလိတ်မြို့နှင့် ဝေါမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
နေပြည်တော် စက်တင်ဘာ ၉
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့ ပါဆတ် ရပ်ကွက်တွင် စိုင်းမောင်မြင့် မောင်းနှင်ပြီး အိုက်ပီး(ခ)ဆူထပ် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုည ဒသမ ၉ ကီလို ကိုလည်းကောင်း၊ ထိုနေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအုပ်စု ညောင်ခါးရှည် ကျေးရွာအနီးတွင် TOYOTA PROBOX အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၆၀ သိမ်းဆည်း ရမိခဲ့ပြီး စစ်ဆေးချက်အရ စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ ရဲဝင်းဆွေ(ခ) ကျော်ခိုင်အား စက်တင်ဘာလ ၈ ရက် နံနက် ၁၁ နာရီတွင် လသာ မြို့နယ် ကမ်းနားလမ်းနှင့် (၂၀) လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်တွင် ဆက်လက်ဖမ်းဆီး ရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။