လူငယ်တို့အတွက် မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်

 

လူငယ်တို့အတွက် မွန်မြတ်လှသည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်

 

    နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ မွေးရာပါတာဝန်ပါပဲ။  ခေတ်မီနည်းပညာတွေ တိုးတက်လာခြင်းနဲ့အတူ  နိုင်ငံတစ်နိုင်ငံရဲ့ ကာကွယ်ရေးအင်အားဟာ အမြဲတမ်း တပ်မတော်တစ်ခုတည်းမှာ အဓိက တည်ရှိတော့မှာမဟုတ်ပါဘူး။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့  ကာကွယ်ရေးစနစ် ကျင့်သုံးလာနေပါပြီ။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းအရ၊   လက်ရှိတည်ရှိနေမှု ပထဝီဝင်အနေအထားအရ   နိုင်ငံတော် ကာကွယ်ရေးမှာ တပ်မတော်နဲ့ပြည်သူဟာ ဟန်ချက်ညီညီ လက်တွဲကြရတော့မှာဖြစ်ပါတယ်။ စစ်ဘက်နဲ့အရပ်ဘက်ကြား အပြန်အလှန်ယုံကြည်မှု၊ နားလည်ပေးမှု၊ စာနာမှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ရေးစစ်ရာနဲ့ နိုင်ငံတော်လုံခြုံရေးမှာ  ပြည်သူတွေပါဝင်လာတဲ့ အခါ  တပ်အပေါ်  ပြည်သူ့ဘက်ကခံစားချက်၊ ပြည်သူ့အပေါ်  တပ်ဘက်က ခံစားပေးမှုတွေမှာ အပြန်အလှန် ကိုယ်ချင်းစာနာမှုတွေနဲ့အတူ နီးစပ်မှု ပိုမိုရှိလာကြတော့မှာဖြစ်ပါတယ်။ ပြည်သူအများစု သို့မဟုတ် ရပ်ရွာအလိုက် အချိုးညီမျှစွာ စစ်မှုထမ်းဆောင်ကြရမှာဖြစ်တဲ့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေဟာစစ်ဘက်နဲ့အရပ်ဘက်အကြားလူမှုပေါင်းကူးတံတား (Civil-military Social Bridge)လို့ တင်စားခေါ်ဝေါ်ကြပါတယ်။

ဒါ့ကြောင့်လည်း ကမ္ဘာ့အချို့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း  ပြည်သူ့စစ်မှုထမ်းဥပဒေ တစ်ရပ်ကို  စတင်အာဏာတည်ခဲ့တာဟာ  နိုင်ငံအတွက်  အလွန်ပဲကောင်းမွန်လှပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုတာ အခုမှပြဋ္ဌာန်းခြင်း မဟုတ်ပါဘူး။ ၁၉၅၉ ခုနှစ်ကတည်းကရှိခဲ့ပြီးသားပါ။ ၂ဝ၁ဝ ပြည့်နှစ်  နိုဝင်ဘာလမှာ  ထပ်မံပြင်ဆင် ရေးဆွဲခဲ့ပါတယ်။ အခုအချိန်အခါမှာမှ အတည်ပြုလိုက်တာဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာလည်း ပြည်သူတွေပါဝင်တဲ့ စစ်မှုထမ်းဆောင်ခြင်းကို ခေါင်းစဉ်အမျိုးမျိုး၊ အသွင်အမျိုးမျိုး၊ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ပြဋ္ဌာန်းကျင့်သုံးကြပါတယ်။  စစ်မှုမထမ်းမနေရ ကျင့်သုံးတဲ့နိုင်ငံ၊  ဥပဒေကိုပြဋ္ဌာန်းထားပြီး   တာဝန်ထမ်းဆောင်ရခြင်း မရှိသေးတဲ့  နိုင်ငံတွေရှိသလို ဥပဒေနဲ့အညီ  မဖြစ်မနေ စစ်မှုထမ်းနေရတဲ့ နိုင်ငံတွေလည်း ရှိတာတွေ့ရပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ အမှန်တကယ်ပြောရရင် နိုင်ငံတော်အတွက် ကြိုတင်ကာကွယ်ထားခြင်းပါပဲ။ တပ်မတော်ဆိုတာ အမြဲရှိနေရမယ်။ တပ်မတော်မှာ ဝင်ရောက်စစ်မှုထမ်းသူတွေ စဉ်ဆက် မပြတ်ရှိနေရမယ်။ ဒါ့ကြောင့်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်လိုက်တာလို့ စာရေးသူတွေးမြင် မိပါတယ်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုတာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ၊ နိုင်ငံတော် ကိုကာကွယ်ကြရမယ်ဆိုတဲ့ သဘောပါပဲ။ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ  နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ပါပဲ။ ဒီထက်ပိုပြီး သေချာအောင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂ဝဝ၈ ခုနှစ်) ပုဒ်မ ၃၈၃ မှာ ‘‘နိုင်ငံသားတိုင်းသည် အောက်ပါတို့ကို စောင့်ထိန်းရန် တာဝန်ရှိသည်-(က)ပြည်ထောင်စု မပြိုကွဲရေး၊ (ခ)တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ (ဂ)အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး’’ ဆိုပြီးပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။

ပုဒ်မ ၃၈၅ မှာ‘‘ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေး တို့ကို  ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်’’ လို့ ပြဋ္ဌာန်းထားပါတယ်။ အလားတူပါပဲ။

ပုဒ်မ ၃၈၆ မှာ  ‘‘နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ   စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်’’  လို့လည်း   ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း  အရွယ်ရောက်သူ လူငယ်မောင်မယ်တိုင်းဟာ နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ခြင်းဆိုတာ    ပြဋ္ဌာန်းထားမှ မဟုတ်ပါဘူး။  ငါတို့နိုင်ငံတော်ကို ငါတို့ကာကွယ်ကြရမယ်ဆိုတဲ့ အသိစိတ်ဟာ လူငယ်တိုင်းမှာရှိထားရမယ့် စိတ်ထားဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ တာဝန်ထမ်းဆောင်ကြမယ့် လူငယ်များဟာ နိုင်ငံ့တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ကြတဲ့   နိုင်ငံ့သားကောင်းအဖြစ် လူမှုပတ်ဝန်းကျင်မှာ ဂုဏ်သိက္ခာမြင့်မားစွာ ရပ်တည် နိုင်မှာဖြစ်သလို စစ်မှုထမ်းဆောင်စဉ် ကာလအတွင်း တစ်ကိုယ်ရေ    စည်းကမ်းကောင်းမွန်လာခြင်း၊ ပင်ကိုအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း၊    ရင့်ကျက်မှုနဲ့ ယုံကြည်မှု၊   ဇွဲလုံ့လဝီရိယနဲ့ ကိုယ်ကာယကြံ့ခိုင်မှုတွေ    တိုးတက်ရရှိလာမှာ ဧကန်ဖြစ်ပါတယ်။ စစ်မှုထမ်းခြင်းကနေ ရရှိလာတဲ့အတွေ့အကြုံနဲ့ အသိပညာဟာ အနာဂတ်လူငယ်တွေရဲ့ ဘဝရပ်တည်မှုကို များစွာအထောက်အကူ ပေးနိုင်မှာဖြစ်ပါတယ်။

နိုင်ငံသားတိုင်းသည်   ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ ကို ၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့မှာ အတည်ပြုပြဋ္ဌာန်း ကျင့်သုံးလိုက်ခြင်းဖြစ်ပါတယ်။

ပြည်သူ့စစ်မှုထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ပြည်သူ့စစ်မှုထမ်းဥပဒေမှာ ခိုင်ခိုင်မာမာပြဋ္ဌာန်းပေး ထားပါတယ်။ ထုတ်နုတ်ပြောရရင် စစ်မှုတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ်မှတ်ထားတဲ့ အဆင့်အလိုက် လစာနဲ့စရိတ်ရရှိမယ်။ တာဝန်ထမ်းဆောင်နေစဉ် သေဆုံး၊ ထိခိုက်ဒဏ်ရာရခြင်းမျိုး ဖြစ်ခဲ့ရင် တာဝန်ထမ်းဆောင်ခြင်းနဲ့ အကျုံးဝင်ရင် တပ်မတော်မှာ သတ်မှတ်ထားတဲ့ ခံစားခွင့်တွေရရှိပါမယ်။ ပြည်သူ့စစ်မှုထမ်း ကာလပြီးဆုံးတဲ့အခါမှာ အလုပ်သမား တစ်ဦးဖြစ်ခဲ့ရင် မူလအလုပ်အကိုင်မှာ သတ်မှတ်ထားတဲ့အတိုင်း  အလုပ်ရှင်က ခန့်ထားရပါမယ်။

သတ်မှတ်စစ်မှုထမ်းကာလ ပြည့်တဲ့အခါမှာ   မိမိသဘောဆန္ဒအရ တပ်မတော်ကိုဝင်ရောက် အမှုထမ်းလိုပါက သတ်မှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ စစ်မှုထမ်းခွင့်ပြုနိုင်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ပါရဂူဘွဲ့ရသူတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူတွေနဲ့  အခါအားလျော်စွာ သတ်မှတ်တဲ့ အရည်အချင်းနဲ့    ပြည့်စုံသူတွေကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်တာပါပဲ။

နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်ကြမယ့်လူငယ်များ အနေဖြင့် အရပ်သားဘဝမှ စစ်မှုထမ်းဘဝသို့ ကူးပြောင်းလာတဲ့အခါ သင်တန်းသားများမှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်လာခြင်း၊ အသင်းအဖွဲ့နှင့် စုပေါင်းလုပ်ဆောင်တတ်လာခြင်း၊ အချိန်ဇယားကိုက် လုပ်ကိုင်တတ်လာခြင်း၊   တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကိုပမာ   ချစ်ခင်စွာနေတတ်လာခြင်း၊ မိမိကိုယ်ကို တန်ဖိုးထားချစ်တတ်လာရာမှ  မိမိရဲ့ မိသားစု၊ ဇာတိမြို့ရွာမှသည် နိုင်ငံတော်အထိ တန်ဖိုးထား ချစ်တတ်လာခြင်း စသည်ဖြင့် နိုင်ငံ့သားကောင်း တို့ရဲ့ကောင်းမွန်သော အရည်အသွေးများ ပြည့်စုံလာကြတော့မှာဖြစ်ပါတယ်။ 

စစ်မှုထမ်းဥပဒေဆိုတာ တကယ့်အနှစ်သာရက နိုင်ငံသားအားလုံး မိမိနိုင်ငံကို ကာကွယ်ဖို့တာဝန် ရှိတယ်။ လိုအပ်ရင် စစ်မှုထမ်းဆောင်ရမယ်။ နိုင်ငံတော် ကာကွယ်ရေးအတတ်ပညာတွေ တတ်ရမယ်...ဆိုတဲ့ အသိစိတ်ဓာတ်ရှိလာအောင် ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ မြန်မာလူမျိုးအများစုဟာ မိမိနိုင်ငံ၊ မိမိလူမျိုးကို ချစ်တတ်ကြတဲ့ မျိုးချစ်စိတ်ဓာတ်ရှိသူတွေဖြစ်ပါတယ်။ အရေးကြီးတော့ သွေးနီးသည် ဆိုစကားအတိုင်း   အသက်အရွယ်နဲ့ ကျန်းမာရေးအဆင့်အတန်းမီတဲ့ အမျိုးသား၊ အမျိုးသမီးတွေ စစ်မှုထမ်းနေကြပါပြီ။  ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၅) ကိုလည်း အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။   လက်ရှိမှာတော့    ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းများသည်  သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာ     မိမိတို့ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်နေလျက် ရှိပါတယ်။ စစ်သားကောင်း တစ်ယောက်ဖြစ်အောင် လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုတဲ့  စိတ်ဓာတ်ကောင်း၊  စည်းကမ်းကောင်းတို့နဲ့အတူ  သစ္စာ၊  စည်းလုံးမှု၊  စွမ်းရည်သုံးရပ်ပြည့်စုံမှုရှိတဲ့   သားကောင်းရတနာများ အဖြစ် ဂုဏ်ယူနိုင်ကြတော့မှာဖြစ်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးတာဝန်ဆိုတာ တကယ့်ကိုမွန်မြတ်လှတဲ့ တာဝန်ဖြစ်တာကြောင့်    ပြည်သူ့စစ်မှုထမ်း သင်တန်းပြီးမြောက်သူများ၊  ပြည်သူ့စစ်မှုထမ်း သင်တန်းတက်ရောက်လျက် ရှိသူများအားလုံးကို  ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသားလိုက်ပါတယ်။   ။