ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး

 

ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေး

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၁ ရက်)

    မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအများစုမှာ မိမိတို့၏ ဘာသာယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့်အညီ အေးချမ်းတည်ငြိမ်စွာ နေထိုင်ကြသူများဖြစ်သည်။ မိမိတို့၏လူမှုစီးပွားဘဝ အတွက် ရိုးသားကြိုးစား ဖြူစင်သောစိတ်ထားဖြင့် အသက်မွေးမှုပြုနေကြသူများလည်း ဖြစ်သည်။ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်)အရပေါ်ပေါက်လာခဲ့သော ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့သည် ပင်လယ်ရေမျက်နှာပြင်အထက်ပေ ၃၃၁ဝ တွင်တည်ရှိပြီး မြောက်ဘက်တွင် ဟိုပုံးမြို့နယ်၊ အရှေ့ဘက်တွင် မောက်မယ်မြို့နယ်၊ တောင်ဘက်တွင် ကယားပြည်နယ်၊ အနောက်ဘက်တွင်ဖယ်ခုံမြို့နယ်၊ ညောင်ရွှေ မြို့နယ်၊ တောင်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်။

    ဆီဆိုင်မြို့မှာပအိုဝ်းတိုင်းရင်းသား အများစုအေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်ကြသည့် မြို့တစ်မြို့ဖြစ်သည်။ သို့သော်လည်း PNLO အကြမ်းဖက်အဖွဲ့ အနေဖြင့် KNDF အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားတို့၏ မြှောက်ပင့် စည်းရုံးမှုကြောင့် ဒေသအတွင်း အာဏာတည်ဆောက်နိုင်ရေး၊ အကြမ်း ဖက်အုပ်ချုပ်ရေးအတွက်  အကြောက်တရားဖြင့် မိမိတို့လူမျိုးတူ ပအိုဝ်း တိုင်းရင်းသားတို့အပေါ် စာနာမှုကင်းမဲ့စွာ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခဲ့သည့် အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ထိခိုက်ဆုံးရှုံးခဲ့ရသည်။

    ထို့ကြောင့် PNLO  အကြမ်းဖက်အဖွဲ့၏ မိမိလူမျိုးချင်းအပေါ် သစ္စာမဲ့စွာ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များအပေါ် မည်သို့မျှလက်ခံနိုင်ခြင်း မရှိသဖြင့် ဆီဆိုင်မြို့ ပတ်ဝန်းကျင်ရှိကျေးရွာများမှ ပအိုဝ်းတိုင်းရင်းသားများ အနေဖြင့် ရွာလုံးကျွတ်နီးပါး အင်အားစုစည်း၍ တပ်မတော်၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းလက်တွဲပြီး အကြမ်းဖက်ပူးပေါင်း အဖွဲ့များ၏လက်မှ ဆီဆိုင်ဒေသကို အမြန်ဆုံး ပြန်လည်ရယူ ထိန်းချုပ်ခဲ့ကြသည်။

    နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ဆီဆိုင်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့မစျေးအား အသစ်ပြန်လည် တည်ဆောက်ပေးလျက်ရှိသည်။ အသစ်ပြန်လည်တည် ဆောက်မည့် မြို့မစျေးအား ခေတ်နှင့်လျော်ညီသည့် အဆင့်မြင့်ပုံစံဖြစ်စေရေး၊ ဆိုင်ခန်းများ သင့်တင့်သည့် အကျယ်အဝန်းဖြစ်စေရေး၊ ရေ၊မီးစနစ်များ၊ ယာဉ်ရပ်နားရန်နေရာများမှအစ စနစ်တကျ တွက်ချက်၍ တည် ဆောက်ပေးမည်ဖြစ်သည်။

    ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသည် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသည့် ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အလားအလာကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်သည်။ သို့သော်အစဉ်အဆက် တည်ငြိမ်အေးချမ်း၍ ရိုးသားအေးချမ်းစွာ နေထိုင်ခဲ့သော ပအိုဝ်းတိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီး ဆောင်ရွက်သည့်မိုက်မဲသော အကြမ်းဖက်လုပ်ရပ်ကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရသည်။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဆီဆိုင်မြို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား စက်တင်ဘာလ ၄ ရက်က တွေ့ဆုံအမှာစကားပြောကြားစဉ် ‘‘ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အတွက်မှာ ရပ်တန့်နေ၍မရဘဲ ရှေ့သို့ အစဉ်အဆက် ဆက်လက် လှမ်းချီနေရမည်၊ အလုပ်လုပ်နေရမည်ဖြစ်ကြောင်း၊ ရပ်တန့်နေပါက မိမိတို့အနေဖြင့် နောက်တွင် ကျန်နေခဲ့မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော အကြမ်းဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြင့် ဖွံ့ဖြိုး တိုးတက်မှုများ နှောင့်နှေးကြန့်ကြာနေရကြောင်း၊     ဒေသ၏တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများသာဖြစ်သကဲ့သို့ ဒေသ၏ မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် ဆောင်ရွက်သည်မှာလည်း  ဒေသခံများပင် ဖြစ်ကြောင်း’’ ဟူ၍ ထည့်သွင်း ပြောကြားခဲ့သည်။

    ထို့ကြောင့်မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများ အနေဖြင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဒေသတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အတူတကွ ဝိုင်းဝန်းဖော်ဆောင်ကြရမည်ဖြစ်သည်။ ဒေသ၏အကျိုးကို အမြင်ကျယ်ကျယ်ဖြင့် ကြည့်၍ အသိဉာဏ်ပွင့်လင်းပြီး အပြုသဘောဆောင်သည့် လုပ်ဆောင်မှုများဖြင့် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ပညာရေး၊ ကျန်းမာရေး အပါအဝင်  လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆီဆိုင်ဒေသ၏ ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် ဖော်ဆောင်ပေးကြရမည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်မှသာလျှင် ဒေသဖွံ့ဖြိုး တိုးတက်မှုကို ပိုမိုဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဒေသခံများ ပညာရေးကို အားပေးကြစေရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို  စိတ်တူကိုယ်တူ လက်တွဲညီညီ  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။  ။

Dates: 
Wednesday, September 11, 2024 - 04:37