MNL League Cup 2024 ပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ဒဂုံစတား အသင်းကို အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ရောက်
ရန်ကုန် မေ ၂၆
MNL League Cup 2024 ပြိုင်ပွဲဆီမီးဖိုင်နယ်အဆင့် ပွဲစဉ်အဖြစ် ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး သုဝဏ္ဏအားကစားကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် ဒဂုံစတားအသင်းတို့ ကစားခဲ့ရာ ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး တစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက ခြေစွမ်းပိုင်းအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဒဂုံစတားအသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့ကာ ပွဲချိန် ၂၇ မိနစ်တွင် ပီတာအောင်ဝေထူး က ဒဂုံစတားအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဒဂုံစတား အသင်းက တစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။
ထို့နောက် ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် ချေပဂိုးနှင့် အနိုင်ဂိုးများအတွက် ရှမ်းယူနိုက်တက် အသင်းက ပိုမိုဖိအားပေးကစားခဲ့ပြီး ဒဂုံစတားအသင်းကလည်း အမှားအယွင်းမရှိ ပြန်လည် တုံ့ပြန်နိုင် ခဲ့သည့်အတွက် ရှမ်းယူနိုက်တက်အသင်းအတွက် သွင်းဂိုးများရရှိရန် ခက်ခဲခဲ့သော်လည်း ပွဲချိန် ၈၂ မိနစ် တွင် နန္ဒကျော်က ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးသွင်းယူနိုင်ခဲ့ကာ လက်ကျန်ပွဲချိန်များတွင် နှစ်သင်းစလုံးဂိုးသွင်းယူနိုင်ခြင်းမရှိသည့်အတွက် အချိန်ပို မိနစ် ၃၀ ဆက်လက်ကစားခဲ့ရသည်။
ဆက်လက်ပြီး အချိန်ပို မိနစ် ၃၀ တွင်လည်း နှစ်သင်းလုံး သွင်းဂိုးရရှိရန်ခက်ခဲခဲ့ပြီး ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရန် နီးစပ်ခဲ့သော်လည်း နောက်ဆုံးမိနစ်ဖြစ်သည့် မိနစ် ၁၂၀ ပြည့်ပြီးနောက် နာကျင်အချိန်ပို ၂ မိနစ်တွင် ရဲရင့်အောင်က ရှမ်းယူနိုက်တက်အသင်းအတွက် အဖိုးတန် အနိုင်ဂိုးသွင်း ယူပေးနိုင်ခဲ့သည့်အတွက် ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့်အတွက် ဗိုလ်လုပွဲစဉ်တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ကစားသွား ရမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်