ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ အပေါ် ကိုယ်ချင်းစာတရား ထားစေလို သည်။ စိုက်ပျိုးရေးအပေါ် အခြေပြု နေရသည့် စက်မှုမဖွံ့ဖြိုးသောနိုင်ငံငယ်များ၊ အထူးသဖြင့် နှစ်စဉ် ပူပြင်း ခြောက်သွေ့မှုဒဏ်ကို လပေါင်းများစွာခံစားကြရပြီး စိုက်ပျိုးရေးနှင့် သောက်သုံးရေ ရှားပါးနေ သောနိုင်ငံများမှ ပြည်သူများ၏ ဘဝကို စာနာ စိတ်ထားသင့်ကြသည်။

မြန်မာစကားတွင် ရေကြည်ရာမြက်နုရာ ဆိုသော စကားရှိသည်။ ရေကြည်ရာမြက်နုရာတွင်သာ တိရစ္ဆာန်များ ကျက်စားကြသည်ကို အကြောင်းပြု၍ လူ့အသိုင်းအဝိုင်းတွင်ပါ ဤဆိုရိုးစကားကို တွင်တွင် ကျယ်ကျယ် သုံးနေကြရသည်။

ရေကြည်ရန်၊ မြက်နုရန်မှာ ရေရှိရပါမည်။ ရေခန်းနေသမျှ ကြည်စရာလည်း ရေမရှိသလို နုစရာ မြက်လည်း မပေါက်ရောက်နိုင်ပါ။

ဤစကားကိုနှလုံးသွင်း၍ တာတမံများ၊ ဆည်များအပေါ် အမြင်ရှင်း ကြစေလိုသည်။ ယနေ့ ကမ္ဘာ့ စားရေရိက္ခာ ၆ဝ ရာခိုင်နှုန်းခန့်သည် တာတမံနှင့်ဆည်များ၏ ကျေးဇူးကြောင့် ရရှိနေသည်။ ကမ္ဘာ့ လူဦးရေသည် နှစ်စဉ် ၈၁ သန်းခန့် တိုးနေသည်ဟုလည်း ဆိုသည်။ လက်ရှိ စားရေရိက္ခာခက်ခဲ နေသောနိုင်ငံအချို့၊ ဒေသအချို့မှ ပြည်သူများအတွက်ပင် စားရေရိက္ခာ လုံလောက်အောင် မဖြည့်ဆည်း ပေးနိုင်သလို အခြေခံလိုအပ်ချက်ဖြစ်သော လျှပ်စစ်မီးရရှိရေး၊ နေစရာလုံခြုံစွာရရှိရေး စသည့် ပြဿနာ များလည်း ပြည့်စုံအောင်မရှင်းနိုင်ကြသေးပေ။

စက်မှုဖွံ့ဖြိုးပြီး နည်းပညာရောင်းချပြီး ချမ်းသာနေသောနိုင်ငံများ၏ ဝင်ငွေနှင့် လယ်ယာထွက်ကုန် အခြေပြု၍ တစ်နှစ်ပတ်လုံးရုန်းကန်ရရှိ သောဝင်ငွေမှာ လွန်စွာကွာဟနေပါသည်။

ဥပမာတစ်ခုပြပါမည်။ အသင့်အတင့်လက်ကိုင်ဖုန်းတစ်လုံးသည် မြန်မာငွေကျပ် လေးသိန်းခန့် တန်ဖိုး ရှိသည်။ အမေရိကန်ဒေါ်လာ နှင့်ချိန်ကြည့်လျှင် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်း ငွေလဲနှုန်းအရ ဒေါ်လာ ၃ဝဝ ခန့်တန် ပါလိမ့်မည်။ မြန်မာ့ဆန်ကောင်းတစ်တန်သည် ဒေါ်လာ ၄ဝဝ ဝန်းကျင်သာ ပြည်ပဝင်ငွေ ရနိုင်သည်။

တောင်သူလယ်သမားတစ်ဦး အနည်းဆုံး ရက် ၁၂ဝ ခန့်ရုန်းကန်ရရှိ လာသော လယ်တစ်ဧကမှ ထွက်ရှိသောစပါးသည် တင်း ၈ဝ ထွက်ခဲ့လျှင်ပင် ငွေကျပ် ငါးသိန်းဝန်းကျင်သာ ရနိုင်သည်။ စိုက်ပျိုး စရိတ်နုတ်လိုက် ပါက ငွေကျပ် နှစ်သိန်းထက်ပို၍ မမြတ်နိုင်ပါ။ တစ်နှစ်လျှင် နှစ်သီးစိုက် နိုင်သော မြေပေါ်တွင် စပါးမဟုတ်သော အခြားသီးနှံတစ်မျိုးကိုစိုက်လျှင် လည်း တစ်ဧကတွင် နှစ်သိန်းထက်ပို၍ အမြတ်ငွေမရနိုင်ပါ။

ဤသည်မှာ ရာသီဥတုမှန်ပါမှ၊ ရေကြီးနစ်မြုပ်မှုမရှိပါမှ၊ မိုးမခေါင်ပါမှ၊ ထူးခြားရောဂါမကျရောက်ပါမှ ရရှိမည့်ငွေဖြစ်သည်။ တစ်နှစ်လျှင် နှစ်သီး စိုက်လျှင်ပင် တစ်ဧကပေါ်မှရရှိမည့်အမြတ်ငွေသည် ငွေကျပ် ငါးသိန်းထက် မပိုနိုင်ပါ။ တောင်သူတိုင်း လယ်ယာမရှိကြပါ။ လက်လုပ်လက် စားများလည်း ရှိပါသေး သည်။ ဤဝင်ငွေသည် လက်ကိုင်ဖုန်းတစ်လုံးဖိုး သာသာပင်ရှိပါသည်။ ဤတစ်နှစ်စာဝင်ငွေဖြင့် လယ်ယာ လုပ်ကိုင်သူ မိသားစု မည်သို့ရပ်တည်ကြပါမည်နည်း။ ကျေးလက်ဒေသများတွင် လူဦးရေတိုး လာ၍ အိမ်ထောင်ကျသားသမီးတိုင်းကိုပင် လယ်ယာမြေ လက်မဖွဲ့နိုင်တော့သည့် မိသားစုများ ရှိလာနေပြီ။ နှစ်စဉ်ဝင်ငွေဖြင့် မရပ် တည်နိုင်ကြ၍ ကြွေးတင်ပြီး လယ်ယာများ ရောင်းလိုက်ရသည့် လယ်ယာ မဲ့လယ်သမားများ လက်ညှိုးထိုးမလွဲတွေ့ နိုင်သည်။

အထူးသဖြင့် မြန်မာနိုင်ငံ မိုးကောင်းသောဒေသများတွင်ပင် ပျိုးထောင် ရေ၊ အောင်ရေလိုအပ်ပါက ဆည်ရေပေးရသည်။ နွေစပါးဆိုလျှင် ပို၍ ရေပေးရသည်။ ၂ဝ၂ဝ ပြည့်နှစ်သည် မိုးခေါင်သောနှစ်ဖြစ်ခဲ့၍ လက်တွေ့ ပင် နေပြည်တော် ငလိုက်ဆည်ရှိနေပါလျက် ၂၀၂၁ ခုနှစ် နွေရာသီစိုက် ပျိုးစပါးအတွက် ရေအပြည့်အဝ မဖြန့်ဝေနိုင်ခဲ့ပါ။ အလားတူပင် သဖန်းဆိပ်ဆည်ရေနည်း၍ နွေစပါးရေပေးဝေမှု များစွာလျှော့ချခဲ့ရသည်။ နွေ စပါးတစ်သီး နစ်နာသွားသည်။ မိမိတို့နိုင်ငံ၏ အခြေအနေသည် လယ်ယာ စိုက်ပျိုးရေးအခြေခံကွင်းဆက် (Supply Chain) များဖြင့် လည်ပတ်နေရသော နိုင်ငံဖြစ်သည်။ လယ်ယာ စိုက်ပျိုးရေးအောင်မြင်လျှင် အောင်မြင်သလောက် ငွေကြေးအနည်းငယ် စုဆောင်းလာနိုင်သည်။ သားသမီးများ ပညာရေး၊ ကျန်းမာရေးပါ တိုးတက်လာနိုင်သည်။ မိုးနည်းရေရှားဒေသမှ လယ်ယာနှင့် ဆက်စပ်နေသူတိုင်းကို မေးပါ၊ ဆည်ရေရသူနှင့် မရသူကွာခြားမှု အသေးစိတ်ပြောပြကြလိမ့်မည်။

လယ်ယာကဏ္ဍမြှင့်တင်ရေးအတွက် ရေရရှိရေးမှာ အလွန်အရေးကြီးသည်။ နိုင်ငံဘဝ မြှင့်တင်ရေး အတွက် လျှပ်စစ်ဓာတ်အားမဖြစ်မနေ ရာနှုန်းပြည့်သုံးနိုင်အောင် လုပ်ကြရမည်။ ဈေးနှုန်း သက်သာ ရေးလည်း ထည့်သွင်းစဉ်းစားကြရမည်။ ပြည်တွင်းစားသုံးမှု ဖူလုံရေးအပြင် ပြည်ပဝင်ငွေလည်း ရှာကြ ရပါဦးမည်။

မိမိ၏ ပြန်လည်ပြည့်ဖြိုးမြဲ ရေသယံဇာတကြွယ်ဝမှုကို အခြေခံ၍ ဖွံ့ဖြိုးရေးစနစ်တကျဆောင်ရွက်ပါက ဖွံ့ဖြိုးသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာမည်မှာ သေချာသည်။ တစ်ဖက်ကလည်း နည်းပညာအခြေပြု ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်လာနိုင်သည်နှင့်အမျှ အလုပ်လက်မဲ့ပြဿနာပါ ပြေလည်မည်။ ဒုစရိုက်များ လျော့နည်းလာလိမ့်မည်။ ကျန်းမာရေး၊ ပညာရေး တိုးတက်လာမည်။

ကျေးလက်တောရွာများမှ အရွယ်ကောင်းအမျိုးသား၊ အမျိုးသမီး အများစုမှာ စာမတတ်ကြသည် ကိုလည်း တွေ့ရသည်။ စာတတ်သည့် အနည်းစုမှာလည်း မူလတန်း၊ အလယ်တန်းအဆင့်ထက် မပိုသည်က များနေသည်။ လေ့လာကြည့်ရာ မိဘများပညာရေးအသိနည်းပါးခြင်း နှင့် မိဘဝင်ငွေ နည်းခြင်း၊ စာသင်ကျောင်းများနှင့် ဝေးကွာခြင်းတို့ကြောင့် ပညာရေးအားနည်းခဲ့ကြသည်။ အချို့မှာ ငယ်စဉ် ကတည်းက ရရာအလုပ် လုပ်နေရ၍ ကျောင်းမနေခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖော်ပြပါမည်။