ယခုနှစ်တွင် မြန်မာ့ထောပတ်သီးများကို စင်ကာပူနှင့် မလေးရှား နိုင်ငံတို့သို့ အဓိကထား တင်ပို့မည်

 

ယခုနှစ်တွင် မြန်မာ့ထောပတ်သီးများကို စင်ကာပူနှင့် မလေးရှား နိုင်ငံတို့သို့ အဓိကထား တင်ပို့မည်

 

ရန်ကုန်  စက်တင်ဘာ  ၁၀

    မြန်မာ့ထောပတ်သီးများကို ပြည်တွင်း စားသုံးမှုသာမက ပြည်ပဈေးကွက်များသို့ တင်ပို့လျက်ရှိရာ ယခုနှစ်တွင် စင်ကာပူနှင့်  မလေးရှားနိုင်ငံတို့သို့  အဓိကထား တင်ပို့မည်ဖြစ်ကြောင်း     မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်    တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

မြန်မာနိုင်ငံ၌ Hass၊   Buccaneer ၊ 034 နှင့်   အမရာ  စသည့် ထောပတ်သီးမျိုးများကို  အဓိကထား စိုက်ပျိုးပြီး ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ   ယခုနှစ်တွင် ပြည်ပနိုင်ငံတချို့မှလည်း မြန်မာ့ထောပတ်သီးများကို ဝယ်ယူရန် ကမ်းလှမ်းမှုများ ရှိလာကြောင်း သိရသည်။

“မြန်မာ့ထောပတ်သီးတွေကို ပြည်ပတင်ပို့တဲ့အခါ   စင်ကာပူနဲ့    မလေးရှား နိုင်ငံတို့ဆိုရင် ထောက်ခံချက် လက်မှတ်တွေ မလိုအပ်ဘဲ   တင်ပို့လို့ရတော့   ပိုပြီးအဆင်ပြေတယ်။ တခြားပြည်ပနိုင်ငံတွေကလည်း   မြန်မာ့ထောပတ်သီးတွေကို ဝယ်ယူဖို့     ကမ်းလှမ်းထားတာတွေ ရှိပါတယ်။   အခု ပြည်ပကို တင်ပို့နေတဲ့ Hass ၊ Buccaneer ၊ 034 ၊ အမရာ စတဲ့ ထောပတ်သီးတွေက သူ့အချိန်နဲ့သူ ရောင်းကောင်းကြပါတယ်” ဟု   မြန်မာနိုင်ငံ   ထောပတ်သီး စိုက်ပျိုးထုတ်လုပ်  တင်ပို့ရောင်းချသူများ အသင်းမှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

ပြည်တွင်း၌ ကိုင်းဆက်စိုက်ပျိုးသည့် ပြည်ပထောပတ်သီးမျိုးများ ဖြစ်သော  Hass နှင့် Buccaneer  ထောပတ်သီးများကို ရန်ကုန်၊  မန္တလေးစသည့်ဈေးကွက်များက အဓိကထား ဝယ်ယူကြကြောင်း၊   ယခုနှစ် ထောပတ်သီးရာသီတွင်      ပြည်တွင်း၌   ထောပတ်သီး တန်ချိန်     ၂၀၀၀  ဝန်းကျင်အထိ ထွက်ရှိရန် မျှော်မှန်းထားပြီး ထွက်ရှိလာသော ထောပတ်သီးများကို ပြည်တွင်း၌  အဓိကထား    ဖြန့်ဖြူးရောင်းချကာ ပိုလျှံသော ထောပတ်သီးများကို   ပြည်ပ ဈေးကွက်သို့ တင်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ့ထောပတ်သီးများကို ပြည်တွင်းဈေးကွက်အပြင်   ပြည်ပဈေးကွက်ကပါ ဝယ်လိုအားကောင်းလာသဖြင့်ထောပတ်သီး စိုက်ပျိုးသည့်  တောင်သူများအနေဖြင့်လည်း ဈေးကွက်လိုအပ်ချက်ရှိသော ထောပတ်သီးမျိုးကို      ဦးစားပေး စိုက်ပျိုးကြရန်     မြန်မာနိုင်ငံ ထောပတ်သီး    စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တိုက်တွန်းထားကြောင်း သိရသည်။      

Dates: 
Wednesday, September 11, 2024 - 05:00