ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး မိဘပြည်သူအားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး

ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံရေး မိဘပြည်သူအားလုံး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေး

မိုးဖြိုင်ဖြိုင်ရွာသွန်းသော အေးမြလှသည့် ဇွန်လမိုးရာသီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ    မျှော်လင့် စောင့်စားနေသော အချိန်ကာလဆီသို့ အသစ်တစ်ဖန် ပြန်လည်ရောက်ရှိခဲ့လေပြီ။ ထိုအချိန် ကား “မိုးဦးကာလ ကျောင်းဖွင့်ချိန်” ပေတည်း။

ကျောင်းရှေ့ရှိ နိုင်ငံတော်အလံ တလူလူလွင့်နေပုံမှာ ကျောင်းသား၊ ကျောင်းသူတို့ကို လက်ယပ် ခေါ်နေသကဲ့သို့ပင် ထင်ရလေသည်။ တစ်နွေလုံး ဖုန်အလိမ်းလိမ်းတက်ခဲ့ရသော ကျောင်းခေါင်းလောင်း

ကြီးသည် အသက်ဝင်လှုပ်ရှားကာ သံချိုမြည်ကြွေးနေသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်ခဲ့ရသော စာသင်ခန်း များသည် အဖြူ၊ အစိမ်း တူညီဝတ်စုံကျောင်းသား၊ ကျောင်းသူများနှင့်အတူ များမကြာမီသက်ဝင် လှုပ်ရှားလာပေတော့မည်။ သူငယ်တန်းအရွယ် ကလေးများမှသည် အလယ်တန်း၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူအားလုံး အဖြူ၊ အစိမ်း ကျောင်းဝတ်စုံ ကိုယ်စီလွယ်အိတ် ကိုယ်စီလွယ်ကာ  အမိကျောင်းတော်ကြီး ရင်ခွင်ဆီသို့ တက်ကြွသော ခြေလှမ်းများဖြင့် တင့်တယ်လှပ ပြုံးပျော်ကြည်နူးစွာ ရောက်ရှိလာကြမည့်အသွင်ကို တွေးထင်မြင်ယောင်မိလေသည်။

“ငယ်စဉ်အခါ၊ ပညာရှာ” ဆိုသကဲ့သို့ ကျောင်းသား၊ ကျောင်းသူတို့အတွက် ပညာရှာရာတွင် အစစ်မှန်ဆုံး ပတ်ဝန်းကျင်မှာ စာသင်ကျောင်းပင် ဖြစ်သည်။ စာသင်ကျောင်းသို့ ရောက်ရှိခြင်းသည် စာမေးပွဲ အောင်မြင်ရန် ရည်ရွယ်ချက် တစ်မျိုးတည်းမဟုတ်ဘဲ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စာကိုလေ့လာသင်ယူနိုင်ရန် ရောက်ရှိလာကြခြင်း ဖြစ်သည်။ ထိုသို့ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်အလိုက် သင်ယူသူတို့၏ ၀ါသနာ၊ စိတ်ဝင်စားမှု၊ စွမ်းဆောင်ရည်တို့အရ ကြိုးကုတ်အားထုတ်သင်ယူကြခြင်းဖြင့် အနာဂတ်နိုင်ငံ အတွက် ဗလငါးတန်နှင့်ပြည့်စုံသော နိုင်ငံ့သားကောင်းများ ပေါ်ထွန်းလာမည်ဖြစ်သည်။

ကျောင်းဟူသော ဝေါဟာရသည် ထိန်းကျောင်းခြင်းမှ ရယူထားခြင်းဖြစ်ပြီး လူငယ်လူရွယ် ကလေးတို့ကို အနာဂတ်တွင် မိမိတို့ကိုယ်ကို ထိန်းကျောင်းတတ်စေရန်၊ အမှားအမှန်ကို  ကွဲပြားသိစေရန်၊  အသိဉာဏ် ပညာပြည့်စုံအောင် သင်ကြားပေးသောနေရာ ဖြစ်သည်။ စာသင်ကျောင်းများသည် ကျောင်းသား လူငယ်တို့အား ကျန်းမာသန်စွမ်းသော ကိုယ်ကာယ၊ ထက်မြက်သောဉာဏ်၊ မြင့်မြတ်သော အကျင့် စာရိတ္တတို့နှင့်ပြည့်စုံစေ၍ မိတ်ဆွေသူငယ်ချင်း  အပေါင်းအဖော်တို့နှင့် စုဝေးနေထိုင်တတ်စေရန်  အသင့် လျော်ဆုံး ပညာသင်ကြား ပေးရာဌာနလည်း ဖြစ်သည်။

ပညာရေးသည် ကျောင်းသား၊ ကျောင်းသူတစ်ဦးချင်းစီအတွက် ဘဝရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်ရန် အရည်အချင်းဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူ ပြုပေသည်။ သို့အတွက်ကြောင့် နိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ပညာရေး ကဏ္ဍမြှင့်တင်မှုကို အလေးထား လုပ်ဆောင်ကြရန် လိုအပ်ပေသည်။ တိုင်းဒေသကြီး/ပြည်နယ်များ အလိုက် ပညာရေးအခြေအနေ မြင့်မားလာသည်နှင့်အမျှ နိုင်ငံတော်၏ အမျိုးသားပညာရေးမှာလည်း ပိုမိုမြင့်မားလာမည်ဖြစ်သည်။ ပညာရေးအားနည်းရခြင်းကို  အကြောင်းအမျိုးမျိုးပြဆိုနေကြသော်လည်း အဓိကအကြောင်းရင်းမှာ  ဆင်းရဲမှုနှင့် ဆက်နွှယ်နေသည်။ ဆင်းရဲ၍ ပညာမသင်နိုင်၊ ပညာမသင်ယူနိုင်၍ ဆင်းရဲဟူသော သံသရာအတွင်း မကျရောက်စေရန် ဦးစွာပထမအားထုတ် ကြိုးပမ်းရမည့်သူများမှာ မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများပင်ဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရေး ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ပညာသင်ကြားရေးကို အလေးထားလုပ်ဆောင်လျက်ရှိရာ ပညာရေး ရည်မှန်းချက်အဖြစ် ကျောင်းနေအရွယ်ကလေးငယ်တိုင်း  အခမဲ့ပညာသင်ကြားနိုင်ရေးနှင့် (KG + 9)  အခြေခံပညာ အလယ်တန်းအဆင့်ပြီးဆုံး၍ အသက်မွေးဝမ်းကျောင်းပညာများ သင်ယူနိုင်သည်အထိ ဦးစားပေး လုပ်ဆောင်နေသည်ကို တွေ့ရသည်။   

ကျောင်းသား၊ ကျောင်းသူတိုင်း အခြေခံပညာ အလယ်တန်းအဆင့် ပြီးဆုံးသည်အထိ မသင်မနေရ သင်ယူ၍ ထိုမှတစ်ဆင့် အခြေခံပညာအထက်တန်းနှင့် စက်မှု၊  စိုက်ပျိုး၊ မွေးမြူရေးစသည့် အသက်မွေး ဝမ်းကျောင်းပညာများသို့ ဆက်လက်သင်ယူကြခြင်းဖြင့် မိမိတို့၏ ဘဝရှေ့ခရီးကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြပေမည်။ အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူများသာ သက်မွေးပညာသင်ကျောင်းများသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီမည်ဖြစ်သည့်အတွက် ကျောင်းသားများ၏ ဘဝအာမခံချက်ရရှိအောင် မိဘများအနေဖြင့် အနည်းဆုံး အလယ်တန်းအဆင့် ပြီးမြောက်အောင်မြင်သည်အထိ ကျောင်းထားနိုင်ရေးကို ရည်မှန်းချက်ထား လုပ်ဆောင်သင့်ပေသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဆောင်ပုဒ်နှင့်အတူ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ကျောင်းအပ် လက်ခံမည်ဖြစ်ပြီး ဇွန်လ ၃ ရက်တွင် ကျောင်းများစတင် ဖွင့်လှစ်သင်ကြားတော့မည် ဖြစ်သည်။ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းသို့ရောက်အောင် ပို့ဆောင်ပေးရမည်မှာ မိဘ အုပ်ထိန်းသူများ၏ တာဝန်ဖြစ်သကဲ့သို့  ကလေးငယ်တို့၏ ပညာရေးအတွက် ပညာရေးနှင့် ဆက်နွှယ် ပတ်သက်နေသူများအားလုံး ပေါင်းစုတာဝန်ယူရမည်ဟူသော အခြေခံသဘောတရားအတိုင်း ကလေး များကျောင်းနေမြဲရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် မိဘများ၊ ဆရာ၊  ဆရာမများ၊  ရပ်ရွာလူထုများ၊ ပညာရေးကြီးကြပ်သူများ အားလုံးစုပေါင်း၍ အကောင်အထည်ဖော် လုပ်ဆောင်ကြရမည် ဖြစ်သည်။

မြန်မာနိုင်ငံ၏   အမျိုးသားပညာရေးဥပဒေ   ၂၀၁၄ ခုနှစ်၊  အခန်း (၈) ၊ ပုဒ်မ (၄၅) တွင် “မိဘ သို့မဟုတ် အုပ်ထိန်းသူသည် မိမိတို့၏ ကလေးများကို ကျောင်းနေအရွယ်တွင်  နိုင်ငံတော်က သတ်မှတ်ထားသော အခမဲ့ မသင်မနေရ ပညာရေးကို သင်ကြားပေးရေးအတွက် သက်ဆိုင်ရာကျောင်းသို့ မဖြစ်မနေ ကျောင်းအပ်ရန်နှင့် ယင်းပညာရေး အဆင့်ပြီးမြောက်သည်အထိ သင်ယူစေရန် တာဝန်ရှိသည်” ဟု ပြဋ္ဌာန်းထားသည်နှင့်အညီ နိုင်ငံသားအားလုံးက အလေးထား ဆောင်ရွက်ကြရမည် ဖြစ်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များနှင့်တွေ့ဆုံစဉ် အမှာစကားပြောကြားခဲ့ရာတွင် “ပညာရေးအခြေခံမကောင်းပါက မိမိအတွက်သော်လည်းကောင်း၊ မိမိဘဝ၊ မိသားစုဘဝနှင့် မိမိ ပတ်ဝန်းကျင်၊ တိုင်းပြည်နှင့်လူမျိုးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် အခြေခံ ပညာကဏ္ဍတွင် လူငယ်လူရွယ်အားလုံး၊ ကျောင်းနေရမည့် အရွယ်အားလုံး ကျောင်းနေနိုင်ရေး နှင့် ပညာကိုဆုံးခန်းတိုင် သင်ယူနိုင်ရေးသည် အလွန်အရေးကြီးကြောင်း၊ အချိန်မတိုင်မီ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းထွက်ကြရပြီး ကျောင်းနှင့်ကင်းကွာ ပညာရေးနိမ့်ကျသည့် လူငယ်များ မဖြစ်အောင် တာဝန်ရှိသူများ၊ မိဘများနှင့် ဆရာ၊ ဆရာမများက ၀ိုင်းဝန်းထိန်းသိမ်းသွားကြရန် လိုအပ်ကြောင်း” ပြောကြားခဲ့သည်။ ထို့ကြောင့် ကလေးများအားလုံး စာသင်ခန်းသို့ရောက်ရှိစေရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် စာသင်ခန်းမှ ထွက်ခွာမသွားရေးနှင့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရေးကို မိဘ၊ ဆရာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ မိဘများအနေဖြင့် မိမိတို့၏ သား၊ သမီး ရင်သွေးငယ်များကို မပျက်မကွက် ပညာသင်ယူနိုင်စေရန်အတွက် နိုင်ငံတော်က ဖော်ဆောင် ပေးထားသည့် ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများကို ကောင်းစွာ အသုံးချကာ အလေးထား ဆောင်ရွက်ပေးရန် လိုပေသည်။ ကျောင်းသား၊ ကျောင်းသူတို့ကလည်း ဇွဲ၊ လုံ့လ၊ ဉာဏ်ပညာတို့ဖြင့်   ပညာကို ကြိုးစားသင်ယူ၍  မိမိတို့ဘဝရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိအောင် လျှောက်လှမ်းကြရမည် ဖြစ်သည်။

အချုပ်ဆိုရသော် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန် နိုင်ငံသူ၊ နိုင်ငံသား အားလုံး ပညာရည်အဆင့်အတန်း မြင့်မားနေရန် လိုပေသည်။ အသိပညာ၊ အတတ်ပညာ ကျွမ်းကျင်မှုတို့နှင့် ပြည့်စုံ၍ အရည်အသွေးမြင့်မားသည့် နိုင်ငံ၏လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေရေး၊ စာသင်ခန်းများအတွင်း ရောက်ရှိရေးသည် နိုင်ငံသားအားလုံး၏ အမျိုးသားရေး တာဝန်ပင်ဖြစ်သည်။ ထို့ကြောင့် ကျောင်းဖွင့်ချိန်ရောက်တိုင်း ရုပ်မြင်သံကြားမှ အချိန်ကိုက် ကျောင်းတက်ဖို့ နှိုးဆော်ထားသည့်-

“ပန်းကလေးများပွင့်တော့မည်

ဖူးတံဝင့်လို့ချီ

နေခြည်မှာရွှေရည်လောင်း

ငါတို့စာသင်ကျောင်း”

ဆိုသည့် ကဗျာဆရာကြီး ပျဉ်းမနားမောင်နီသင်း၏ ကဗျာလေးအတိုင်း မိဘများအနေဖြင့် မိမိတို့၏ သား၊ သမီး ရတနာလေးများကို ကျောင်းသို့ပို့ပေးခြင်းဖြင့် မိဘဝတ္တရားကျေပွန်ကြရမည်။

သို့အတွက်ကြောင့် မိမိတို့၏ရင်သွေးငယ်များ၊ မိမိတို့ပတ်ဝန်းကျင်ရှိ  ကျောင်းနေအရွယ်ကလေး ငယ်များ ကျောင်းသို့ရောက်ရှိရန်၊ ကျောင်းအပ်နှံရန်အတွက် မိဘပြည်သူများအားလုံး အမျိုးသားရေး တာဝန် တစ်ရပ်အဖြစ် ၀ိုင်းဝန်းနှိုးဆော် ကူညီဆောင်ရွက်ပေးကြပါဟု တိုက်တွန်းလိုက်ရပါသည်။    ။

မယ်ထွေးလေး