အက်ဖ်အေဖလားချန်ပီယံဆုကို (၁၃) ကြိမ်မြောက် မန်ယူအသင်းဆွတ်ခူးနိုင်ခဲ့ပြီး ယူရိုပါလိဂ်ပြိုင်ပွဲ တိုက်ရိုက်ဝင်ခွင့်ရရှိ
မန်ချက်စတာ၊ ဘောလုံး
၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်အဖြစ် မေလ ၂၅ ရက် ညပိုင်းက မန်ချက်စတာ မြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့ယှဉ်ပြိုင်ကစားရာ မန်ယူအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိပြီး အက်ဖ်အေဖလား ချန်ပီယံဆုကို (၁၃)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရ သည်။
အဆိုပါပွဲစဉ်တွင် မန်စီးတီးအသင်းက ဘောလုံး ပိုင်ဆိုင်မှုအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သော် လည်း မန်ယူအသင်းက တန်ပြန်တိုက်စစ်များမှတစ်ဆင့် အကောင်းဆုံး ပြန်လည် ဖိအားပေး ကစားနိုင် ခဲ့ကာ ပွဲချိန် မိနစ် ၃၀ တွင် ဂါနာချိုနှင့် ပွဲချိန် ၃၉ မိနစ်တွင် ကိုဘီမိုင်နူးတို့က မန်ယူအသင်းအတွက် သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး မန်စီးတီးအသင်းအတွက် ချေပဂိုးကို ပွဲချိန် ၈၇ မိနစ်တွင် ဒိုကူက သွင်းယူ ပေးခဲ့သည်။
မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးအသင်းနှင့် မန်ယူအသင်းတို့သည် ပြီးခဲ့သည့်ဘောလုံး ရာသီကလည်း အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်တွင်ပင် တွေ့ဆုံခဲ့ပြီး မန်စီးတီးအသင်းက ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရရှိကာ ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးရာသီတွင် မန်ယူအသင်းက ရှုံးကြွေး ပြန်ဆပ်ကာ ချန်ပီယံဆုဖလားကို ပြန်လည်ဆွတ်ခူးနိုင်ခဲ့သည်။
မန်ယူအသင်းသည် ယခုဘောလုံးရာသီတွင် အက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့သည့်အတွက် ယူရိုပါလိဂ် ပြိုင်ပွဲကို တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဆင့်(၆)နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းသည် မန်ယူအသင်း အက်ဖ်အေဖလားချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့်အတွက် ယူရိုပါလိဂ် ပြိုင်ပွဲမှ ယူရိုပါကွန်ဖရင့်လိဂ်ပြိုင်ပွဲသို့ရောက်ရှိခဲ့ကာ အဆင့်(၇) နေရာဖြင့် ရာသီသိမ်းပြီး ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် နယူးကာဆယ်အသင်းအတွက် ပြိုင်ပွဲဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။ မန်ယူအသင်းသည် အက်ဖ်အေဖလားချန်ပီယံဆု (၁၄) ကြိမ်ဆွတ်ခူးထားသည့် အာဆင်နယ် အသင်းကိုလိုက်မီရန် တစ်ကြိမ်သာလိုတော့ကြောင်း သိရသည်။
Ref;Fotmob.com