သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး

သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး

နှစ်စဉ်ဇွန်လ ၅ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို အများပြည်သူတို့ အတန်အသင့် သိရှိကြပြီးဖြစ်ပါတယ်။ ယနေ့ မျက်မှောက် ကမ္ဘာမှာကြုံတွေ့နေရတဲ့ ပတ်ဝန်းကျင် ဆိုင်ရာ စိန်ခေါ်မှုပြဿနာများကို မီးမောင်းထိုးပြပြီး အလေးထား ဖြေရှင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်လျက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များကို နှစ်စဉ်ထုတ်ပြန် သတ်မှတ်ပေးခဲ့ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ မြို့ကြီးတွေမှာ လှည့်လည် ကျင်းပလျက်ရှိပါတယ်။ ၁၉၇၃ ခုနှစ်မှ စတင်သန္ဓေတည်ခဲ့ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (United Nation Environment Programmc-UNEP) က ဦးဆောင်တဲ့ ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဟာ မျက်မှောက်ကမ္ဘာမှာ ရင်ဆိုင်နေရတဲ့ အဆိုးရွားဆုံး ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို မီးမောင်းထိုးပြပြီး ပြဿနာတွေကို အလေးထားဖြေရှင်းစေဖို့၊ ကာကွယ်ထိန်းသိမ်းရေး အလုပ်တွေကို တွန်းအားပေးလုပ်ဆောင်စေဖို့ အမြဲကူညီနှိုးဆော်ပေးနေတာလည်း ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်တဲ့ (၅၁) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့ရဲ့ အထိမ်းအမှတ် ဆောင်ပုဒ်ကတော့ "Land Restoration, Desertification and Drought Resilience" “သဲကန္တာရ တိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဖြစ်ပြီး ဆော်ဒီအာရေဗျနိုင်ငံမှာ အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပသွားမှာ ဖြစ်ပါတယ်။ မြေယာ ပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားမှု တို့ဟာ အစဉ်အမြဲသတိမမူခဲ့ကြပေမယ့် ဆောင်ပုဒ် သတ်မှတ်ချက်အရ မျက်မှောက်ကာလ ကမ္ဘာလုံး ဆိုင်ရာ ပြဿနာတွေဖြစ်နေကြတာကို သတိချပ်သင့် ပါတယ်။ ပြဿနာသုံးခုကလည်း တစ်ခုနဲ့တစ်ခု ဆက်စပ်သက်ရောက်ကြတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို လက်ခံ ကြီးမှူးကျင်းပတဲ့ အနောက်အာရှမှာ ဒုတိယမြောက် အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျနိုင်ငံဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အမေရိ ကန်ဒေါ်လာ ၂ ဒသမ ၂ ၅ ဘီလီယံ အသုံးပြုကာနိုင်ငံမှာ ပျက်စီးယိုယွင်းနေတဲ့ မြေယာတွေကို ၂၀၄၀ ပြည့်နှစ်မှာ ၅ဝ ရာခိုင်နှုန်းအထိ လျှော့ချပြုပြင်ရန် ရည်မှန်းထားပြီး ဆော်ဒီနိုင်ငံရဲ့ နိုင်ငံတကာမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့အချက်ကိုလည်း အောက်မေ့ ဂုဏ်ပြုအပ်ပါတယ်။

သဲကန္တာရဖြစ်ထွန်းခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ ထင်ရှားတဲ့ ပတ်ဝန်းကျင် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ အဲ့ဒီပြဿနာကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀ ခန့်ကစပြီး ကမ္ဘာက သတိပြုမိလာကြတာပါ။ ဒါကြောင့် ၁၉၉၂ ခုနှစ် ရီယိုကမ္ဘာ့ထိပ်သီးအစည်းအဝေးမှာ သဲကန္တာရ ဖြစ်ထွန်းခြင်း၊ ရာသီဥတုပြောင်းလဲခြင်းနဲ့ ဇီဝမျိုးစုံ မျိုးကွဲများ ဆုံးရှုံးခြင်းတွေဟာ ရေရှည်ဖွံ့ဖြိုးတိုးတက် ခြင်းကို စိန်ခေါ်နေတဲ့ အရာတွေဖြစ်တယ်လို့ သတ်မှတ်ခြင်းခံထားရပါတယ်။ ၁၉၉၄ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက“ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD)” ကို တည်ထောင်ခဲ့ပြီး ဆုံးဖြတ်ချက် အမှတ် A/RES/49/115 ဖြင့် နှစ်စဉ် ဇွန်လ ၁၇ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးနေ့”(International Day Against Desertification, and Drought) ကို သတ်မှတ်ခဲ့ပါတယ်။ ယခုနှစ်ဟာ သဲကန္တာရ တိုက်ဖျက်ရေး ကွန်ဗင်းရှင်း နှစ်(၃၀) ပြည့်မြောက်တဲ့ မှတ်တမ်းနှစ်လည်း ဖြစ်ပါတယ်။ သဲကန္တာရ ဖြစ်ထွန်းမှုနဲ့ မိုးခေါင်မှုတိုက်ဖျက်ရေးအတွက်၂၀၁၀ ပြည့်နှစ်မှ ၂ဝ၂ဝ ပြည့်နှစ်အထိကို ကုလသမဂ္ဂ သဲကန္တာရနှင့် သဲကန္တာရ တိုက်ဖျက်ရေး ဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ် အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်တည်ထောင်ရေး ဆယ်စုနှစ် (UN Decade on Ecosystem Restoration) အဖြစ် သတ်မှတ်ထားရှိ ပါတယ်။ ဆောင်ပုဒ်သတ်မှတ်ချက်ရဲ့ မြေယာပြန်လည် ပြုပြင်ပေး (Land Restoration) လုပ်ငန်းစဉ် ကလည်း ဆယ်စုနှစ် ဂေဟစနစ် တည်ထောင်ရေး အတွက် အဓိကမဏ္ဍိုင် (Key Pillar) တစ်ခုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့နေရာအနှံ့အပြားမှာ နှစ်စဉ် မြေဟက်တာ ၁၂ သန်းခန့်ဟာ သဲကန္တာရ ဖြစ်ထွန်းမှုကြောင့် စိုက်ပျိုး၍ မရတဲ့မြေတွေအဖြစ် ပြောင်းလဲဖြစ်ပေါ်စေခဲ့ပါတယ်။ ယင်းအကျယ်အဝန်းဟာ တောင်အာဖရိက နိုင်ငံ အကျယ်အဝန်းရဲ့ ဆယ်ပုံတစ်ပုံစာရှိတယ်လို့ အချက်အလက်တွေက ဆိုပါတယ်။ မြေတွေဟာ အပင်တွေရဲ့ အကာအရံကင်းမဲ့တဲ့အခါ ရေ၊ လေတို့ရဲ့ တိုက်စားမှုကို ခံလာရပါတယ်။ ဥပမာအားဖြင့် တောင် အာဖရိကနိုင်ငံမှာ ရေတိုက်စားခံရမှုကြောင့် နှစ်စဉ် အပေါ်ယံမြေသားတန် သန်း ၃၀၀ မှ ၄၀၀ ခန့်အထိ ဆုံးရှုံးနေရပါတယ်။ ကမ္ဘာအနှံ့အပြား ယနေ့ကြား နေရတဲ့ အသံတွေရှိပါတယ်။ "Our lakes are shriveling up. Our forests are disappearing. Our farms are turning into dustbowls" “ငါတို့ရေကန်တွေက ရွတ်တွတွ။ ငါတို့ သစ်တော တွေက ပျောက်ရှရှ။ ငါတို့လယ်တွေက ဖုန်ထထ” စသည်ဖြင့် ယိုယွင်းပျက်စီးမှုတွေဖြစ်ပါတယ်။ လက်ရှိ တွင်လည်း ကမ္ဘာ့မြေဆီလွှာ ငါးပုံတစ်ပုံဟာ စိုက်ပျိုးမြေ အဖြစ်မှ ပျက်စီးယိုယွင်းနေသော အခြေအနေဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာလည်း ယခုနှစ် ၂၀၂၄ ခုနှစ်မှာ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးစတဲ့ အလယ်ပိုင်း ဒေသတွေဟာ ကမ္ဘာ့အမြင့်ဆုံး အပူချိန်စံချိန်သစ် တွေနဲ့အတူ ကမ္ဘာကျော်နေပါတယ်။ သစ်ကြီးဝါးကြီး ပေါက်ရောက်မှုနည်းပါးခြင်း၊ လေပြင်း တိုက်ခတ် ခြင်း၊ အခါမဲ့ ပြင်းထန်မိုးခံစားရခြင်း တို့ကြောင့် အပေါ်ယံမြေဆီလွှာဆုံးရှုံးမှုနဲ့အတူ အပင်များ သဘာဝ မျိုးဆက်ရန်ခက်ခဲတဲ့ အခြေအနေ ဖြစ်ပါတယ်။ ၎င်းအခြေအနေတွေဟာ ကန္တာရ ဖြစ်ထွန်းမှု (Desert Like Formation) ကို ဦးတည်နေတဲ့ အခြေအနေတွေဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။

ဒီနေရာမှာ ကုလသမဂ္ဂ သဲကန္တာရ တိုက်ဖျက် ရေးကွန်ဗင်းရှင်း (UNCCD) ရဲ့မျှော်မှန်းတွက်ချက်မှု တွေကိုလည်း မှတ်မှတ်သားသား ဖော်ပြလိုပါတယ်။ ကမ္ဘာပေါ်မှာ သဲကန္တာရဖြစ်ထွန်းနိုင်တဲ့ အခြေအနေ တွေကြောင့် နောင်ဆယ်နှစ်အတွင်း လူသန်းပေါင်း ၅ဝ ကျော် အပူပိုင်းနေရပ်ဒေသမှ အခြားဒေသတွေသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းထားချက်၊ ၂ဝ၅ဝ ပြည့်နှစ်မှာ မိုးခေါင်မှုနဲ့ ပူပြင်းခြောက်သွေ့မှု အကျိုးဆက်တွေဟာ ကမ္ဘာ့လူဦးရေရဲ့ လေးပုံ သုံးပုံအပေါ် သက်ရောက်နိုင်တယ်လို့ ခန့်မှန်းချက်၊ ၂ဝဝဝ ပြည့်နှစ်ကစတင်ပြီး မိုးခေါင်မှုကာလ အကြိမ် အရေအတွက်ဟာ ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်းဟာ မိုးခေါင်မှုဒဏ်ကို နှစ်စဉ် ခံစားရမည်ဖြစ်ကြောင်း ခန့်မှန်းချက်၊ ၂ဝ၄ဝ ပြည့်နှစ်မှာ ကလေး လေးဦးလျှင် တစ်ဦးနှုန်း ရေပြတ်လပ်မှုဒဏ် ခံစားရမည်ဖြစ်ကြောင်း ခန့်မှန်းချက်၊ ၁၉ဝဝ ပြည့်နှစ်မှ ၂ဝ၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှု ကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းအပေါ် သက်ရောက်ခဲ့ပြီး ၁၁ ဒသမ ၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း ခန့်မှန်းဖော်ပြချက်တို့ဖြစ်ပါတယ်။ ခန့်မှန်းမှုတွေကို(Projection) လို့သုံးနှုန်းပြီး ၎င်းခန့်မှန်းချက်တွေဟာ အမှန်တကယ်ဖြစ်လေ့ရှိပြီး ခန့်မှန်းဖြစ်ပေါ်မှုတွေဟာ ကမ္ဘာလောကအတွက် အဆင်မပြေသော၊ မနှစ်မြို့ဖွယ်ဖြစ်သော အခြေအနေ တွေကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ ဝေါဟာရမှာ မသက်သာတဲ့ အမုန်းတရား (Inconvenience Projection) ဆိုတာ ပြောစမှတ်တွင်လှပါတယ်။

မြေယာပျက်စီးမှု၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင် ရေရှားမှုအကြောင်းစဉ်းစားလျှင် နားရည်ဝခဲ့သော ဆရာကြီးဇော်ဂျီ၏ “သဲပင်လယ်” ကဗျာကို အမြဲကြားယောင်ရပါတယ်။ “တောပင်ကို တော်တော်ခုတ် ကြ၊ တောပြုတ်လိမ့် နောက်နောင်၊ တောပြုတ်လို့ တောပြောင်၊ မိုးခေါင်တော့မှာပဲ၊ မိုးခေါင်လို့ ရေမကြွယ်၊ သဲပင်လယ် ဖြစ်လိမ့်မလွဲ”ဖြစ်ပါတယ်။ ပြောင်ခြင်း၊ ခေါင်ခြင်းဖြစ်တဲ့ တောပြောင်ခြင်း၊ မိုးခေါင်ခြင်းမှသည် သဲကန္တာရဖြစ်ထွန်းခြင်း၊ မြေယာပျက်ယွင်းခြင်းဖြစ်စဉ်တို့အား မြင်သာစေပါတယ်။ သဲကန္တာရဖြစ်ထွန်းခြင်းနဲ့အတူ စိုက်ပျိုး မွေးမြူကုန်ထုတ်လုပ်ငန်းများ ကျဆင်းလာခြင်း၊ အခွင့်အလမ်း နည်းပါးလာခြင်း၊ ဆင်းရဲမှု မြင့်မားလာခြင်း၊ ပညာရေး၊ ကျန်းမာရေးတို့လည်း နိမ့်ကျလာခြင်းစတဲ့ ကျွဲကူးရေပါ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်းဖြစ်ရပါတယ်။

မြေယာပြုပြင်ရေး၊ သဲကန္တာရတိုက်ဖျက်ရေး၊ မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး အခြေခံကုထုံးတွေ ကတော့ သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများထိန်းသိမ်းခြင်း၊ ဓမ္မတာမျိုးဆက်ခြင်း၊ ရေသုံးစွဲမှုချွေတာခြင်း၊ ရေသယံဇာတများ ထိန်းသိမ်း ခြင်း၊ စိုက်ပျိုးမြေချဲ့ထွင်မှု၊ စားကျက်ချမှု၊ မြို့ရွာများ တိုးချဲ့မှု၊ သတ္တုတူးဖော်မှု၊ ဆည်တာတမံတည်ဆောက်မှု၊ သစ်ထုတ်လုပ်မှု၊ တောအပြောင် ရှင်းမှု၊ ရွှေ့ပြောင်း တောင်ယာခုတ်မှုစသည့် ဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်း များအား အလွန်အကျွံ မဖြစ်စေခြင်း စသည်တို့ဖြစ်ပါတယ်။

သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုတွင် သဘာဝကြောင့်ဖြစ်ရခြင်း (Natural Phenomenon) သည် ၁၀ ရာခိုင်နှုန်းခန့်သာဖြစ်ပြီး လူလုပ်ဒုက္ခ/ လူသားပယောဂ (Anthropogenic) ကြောင့် ဖြစ်ရခြင်းဟာ ၉ဝ ရာခိုင်နှုန်းဖြစ်တယ်ဆိုတာ အချက်အလက်များအရ ထင်ရှားပါတယ်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် ဆိုင်ရာအစီအစဉ် (UNEP)ရဲ့ အချက် အလက်ဖော်ပြချက်တစ်ခုတွင် “ယခုအခါ ကမ္ဘာ့မြေဆီလွှာ၏ သုံးပုံတစ်ပုံသည် လူသားတို့ရဲ့ လုပ်ဆောင်ချက်ကြောင့် ပျက်စီးယိုယွင်းသွားခဲ့ပါသည်။”လို့ ဖော်ပြထား ပါတယ်။ သို့အတွက် လူသားတို့ရဲ့ အသိ၊ သတိ၊ ဆောင်ရွက်လိုမှု၊ ဆောင်ရွက်မှု အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ မူဝါဒချမှတ် သော ဌာန/အဖွဲ့အစည်းများမှသည် တစ်ဦး တစ်ယောက်ချင်းသည် (Think Globally, Act Locally) ဖြစ်တဲ့ ခေတ်မီမီကမ္ဘာကြည့် ကြည့်မြင် တတ်ရန်၊ လုပ်နိုင်သည်မှ စတင်လုပ်ဆောင်ကြရန် လိုအပ်ပါတယ်။

ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) တွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံတွင် သဲကန္တာရဖြစ်နိုင်ခြေရှိသော အပူပိုင်းဒေသများတွင် သစ်တောစိုက်ခင်းများ တည် ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်း၊ ပြည်သူလူထုသို့ အသိပညာ ပေးခြင်းနှင့် ပူးပေါင်းပါဝင်စေခြင်း လုပ်ငန်းများကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဦးစီးဆောင်ရွက်လျက်ရှိပါတယ်။ လူသားတို့ စောင့်ရှောက်အပ်သောတရား (၃)ပါးမှာ မိမိတို့ ကိုယ်တိုင်မှအစ ကျင့်ဝတ်၊ နီတိ၊ အဆုံးအမ တို့နဲ့အညီ နေထိုင်ခြင်း (ဗုဒ္ဓတ္ထစရိယာ)၊ မိမိတို့၏ စွမ်းဆောင်ရည်တို့ဖြင့် လူမှုဝန်းကျင်အား ထောက်ပံ့စောင့်ရှောက်ခြင်း (ဉာတတ္ထစရိယာ)နဲ့ လောက ကမ္ဘာအား စောင့်ရှောက်ခြင်း (လောကတ္ထစရိယာ) စတဲ့ တရားတို့ ပြဋ္ဌာန်းထားရှိပါတယ်။ လူသားတွေ အသက်ရှင် ရပ်တည်ရေးအတွက် အချိန်နဲ့အမျှ အမှီပြုနေရတဲ့ လောကကမ္ဘာကြီးကို လူသားတို့မှ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ရန် ဌာနအဖွဲ့ အစည်းတို့မှသည် တစ်ဦးတစ်ယောက်မှလည်း ဝိုင်းဝန်း ပါဝင် ကူညီကြရန် လိုအပ်လှပါတယ်။

"We are the first generation to now fully understand the immense threats to the land and might be the last one with a chance to reverse the course of destruction.” “ကျွန်ုပ် တို့သည် မြေယာဆိုင်ရာ ခြိမ်းခြောက်မှုများကို ယခုအခါ အပြည့်အဝနားလည်နိုင်သည့် ပထမမျိုးဆက်များ ဖြစ်ကြပြီး ပျက်စီးခြင်းလမ်းစဉ်ကို နောက်ပြန်လှည့်ရန် အခွင့်အရေးရှိသည့် ဖြစ်နိုင်သည်”ကို နားလည် အပ်ပါတယ်လို့ ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ် (UNEP) က ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အတွက် နောက်ဆုံးမျိုးဆက်လည်း နှိုးဆော်ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး နေ့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ် (UNEP) ရဲ့ နောက်ထပ်နှိုးဆော်ချက်တစ်ခုက "We are the generation that can make peace with land. So let us undo the damage we have done, let us give our children and our children's children a chance at a better future." “ငါတို့က အားလုံးအတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်တဲ့ မျိုးဆက်တွေပေါ့။ ငါတို့လုပ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ပြုပြင်ကြရအောင်၊ ငါတို့ သားသမီး မြေးမြစ်တွေကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေနဲ့ အခွင့်အရေးပေးကြပါစို့။” ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ရဲ့ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှား ဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ဆောင်ပုဒ် သတ်မှတ်ချက်အားကြွေးကြော်ရင်း ၂ဝ၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ကျရောက်မယ့် (၅၁) ကြိမ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုလိုက်ပါတယ်။

ကိုးကားချက်

§ Saudi Arabia to host World Environment Day 2024 with a focus on land restoration, desertification, and drought resilience (unep.org)

§ Desertification and Drought Day 2024:။ "United for Land: Our Legacy. Our Future" |UNCCD

§ Land restoration | Action Against Desertification | Food and Agriculture Organization of the United Nations

(fao.org)