ရော်ဘာအဓိက စိုက်ပျိုးသည့် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့၌ နေထိုင်သူအများစုမှာ ထိုင်းနှင့် မလေးရှားနိုင်ငံတို့သို့ သွားရောက် လုပ်ကိုင်သူများပြားသည့်အတွက် ရော်ဘာအစေးခြစ်မည့် အလုပ်သမားရှားပါးမှု အခက်အခဲများ နှစ်စဉ် တွေ့ကြုံရလေ့ရှိသော်လည်း ယခုနှစ်တွင် COVID-19 ရောဂါအခြေအနေကြောင့် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူ များပြားသည့်အတွက် ယခုနှစ် ခြံဖွင့်ရာသီတွင် လုပ်သားရရှိမှု အလားအလာ ကောင်းနိုင်ကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောဆိုချက်အရ သိရသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိသူများက ပြည်တွင်း ရော်ဘာခြံလုပ်ငန်းများ၌ ဝင်ရောက်လုပ်ကိုင်ခဲ့ကြသည်။
“အခုကာလမှာ ရော်ဘာခြံသမားတွေ လုပ်သားအခက်အခဲမရှိဘူး။ ဘာလို့လဲဆိုတော့ လက်ရှိ ကျွန်တော်တို့ဆီမှာ ထိုင်းနိုင်ငံကနေ ပြန်လာတဲ့သူတွေက အစေးခြစ်လုပ်သားတွေအဖြစ် ဝင်လုပ်ကြတယ်။
နောက် ထိုင်းနဲ့ မလေးရှားနိုင်ငံကိုသွားပြီး လုပ်ကိုင်နေသူတွေ အများကြီးပြန်လာတာဆိုတော့ လုပ်သား အခက်အခဲ မရှိနိုင်ဘူး”ဟု ဦးခိုင်မြင့်ကပြောသည်။
မြန်မာနိုင်ငံ၌ ရော်ဘာကို မိုးရာသီတွင် အစေးထုတ်လုပ်မှု ရပ်နားလေ့ရှိကာ မိုးရာသီအစတွင် ခြံပိတ်ရာသီစတင်ခဲ့ပြီး မိုးရွာသွန်းမှုပေါ်မူတည်၍ ခြံဖွင့်ရာသီပြန်လည်စတင်လေ့ရှိကြောင်း သိရသည်။
ယခုကဲ့သို့ ခြံပိတ်ရာသီချိန်အတွင်း ရော်ဘာခြံများ၌ မြေသြဇာကျွေးခြင်း အပါအဝင် ပေါင်းသင်မြက်ရှင်းခြင်းများ ပြုလုပ်ရန် ခြံကြီးများက လုပ်သားအနည်းငယ်သာ ထားလေ့ရှိသော်လည်း ခြံငယ်များမှာ လုပ်သားငှားရမ်းလေ့ မရှိကြောင်း သိရသည်။
နေနေ