လီဗာပူးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် ဆာလက်ချ်ကို ပီအက်စ်ဂျီအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန်စောင့်ကြည့်နေ
လန်ဒန် စက်တင်ဘာ ၁၀
လီဗာပူးအသင်းနှင့် အနာဂတ် မရေမရာဖြစ်နေသည့် တိုက်စစ်ကစားသမား ဆာလက်ချ်ကို ပြင်သစ် ထိပ်သီး ပီအက်စ်ဂျီအသင်းနှင့် စီးရီးအေထိပ်သီး ဂျူဗင်တပ်စ်အသင်းတို့က ခေါ်ယူရန် စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။
အသက် ၃၂ နှစ်အရွယ် ဆာလက်ချ်သည် ၂၀၁၇ ခုနှစ်က ရိုးမားအသင်းမှ လီဗာပူးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဘောလုံး ရာသီတိုင်းတွင် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ အကောင်းဆုံး တိုက်စစ် ကစားသမားများထဲတွင် တစ်ဦးအပါအဝင် အဖြစ် ရပ်တည်နေသူဖြစ်သည်။
ဆာလက်ချ်သည် လီဗာပူးအသင်း ချန်ပီယံလိဂ် ဖလား၊ ပရီးမီးယားလိဂ်ဖလား အပါအဝင် ဆုဖလား များဆွတ်ခူးနိုင်ရာတွင် အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ဆုဖလားများစွာ ဆွတ်ခူးနိုင်ခဲ့သည့်အပြင် တစ်ဦးချင်းဆုများစွာကို လည်း ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
လက်ရှိ လီဗာပူးအသင်းနှင့် ဆာလက်ချ်တို့ စာချုပ်သက်တမ်းမှာ ယခုဘောလုံးရာသီ အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး လက်ရှိအချိန်ထိ လီဗာပူးအသင်းက ဆာလက်ချ်ကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုခြင်းမရှိသေးပေ။ ဆာလက်ချ်ကိုယ်တိုင်ကလည်း ယခု ဘောလုံးရာသီမှာ လီဗာပူးအသင်းကစားသမားဘဝ နောက်ဆုံးဘောလုံး ရာသီဖြစ်လာနိုင်ကြောင်း၊ လက်ရှိ အချိန်ထိ လီဗာပူးအသင်းဘက်မှ သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းမှု မရှိသေးကြောင်း ပြောကြားပြီးနောက် ဆာလက်ချ်နှင့် လီဗာပူးအသင်းတို့ အနာဂတ်မှာ ပိုမိုလှုပ်ခတ်လာခဲ့သည်။
ပီအက်စ်ဂျီအသင်းနှင့် ဂျူဗင်တပ်စ်အသင်းတို့က လီဗာပူးအသင်းနှင့် ဆာလက်ချ်၏ သက်တမ်းတိုး စာချုပ်ကိုစောင့်ကြည့်နေပြီးလာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် အပြိုင်ကမ်းလှမ်းရန် ပြင်ဆင်နေသကဲ့သို့ ဆော်ဒီထိပ်တန်း အသင်းကြီးများဖြစ်သည့် အယ်အီတီဟတ်အသင်း၊ အယ်နာဆာအသင်းနှင့် အယ်ဟီလယ်အသင်းတို့ကလည်း ဆာလက်ချ်ကို စောင့်ကြည့်လျက်ရှိသည်။
ပီအက်စ်ဂျီနှင့် ဂျူဗင်တပ်စ်အသင်းတို့က လာမည့် ဇန်နဝါရီလကစားသမား အပြောင်းအရွှေ့ကာလတွင် မခေါ်ယူနိုင်ပါက ယခုဘောလုံးရာသီ အကုန်တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။