ပဲရစ်မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ် အားကစားသမား စိုးပေနှင့်အဖွဲ့  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ပဲရစ်မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် ပြေးခုန်ပစ် အားကစားသမား စိုးပေနှင့်အဖွဲ့  ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

 

ရန်ကုန်  စက်တင်ဘာ   ၁၀

      ပြင်သစ်နိုင်ငံ  ပဲရစ်မြို့၌  ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၈ ရက် အထိကျင်းပသည့် ၂၀၂၄ နွေရာသီ မသန်စွမ်း အိုလံပစ်အားကစားပြိုင်ပွဲသို့  ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည့် မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ ပြေးခုန်ပစ် အားကစားသမား စိုးပေနှင့် အုပ်ချုပ်သူ  ဦးမင်းနိုင်ဦး၊ နည်းပြဒေါက်တာထက်ဇေယျာ တို့သည် ယနေ့နံနက်ပိုင်းတွင်   လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိကြသည်။

အဆိုပါအားကစားအဖွဲ့အား မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်မှ ဆေးမှူးချုပ် ဒုတိယဗိုလ်မှူးကြီးဌေးအောင်၊ အတွင်းရေးမှူး ဦးထွန်းနိုင်ဦးနှင့် အမှုဆောင်များ၊ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

၂၀၂၄   နွေရာသီမသန်စွမ်း အိုလံပစ် အားကစားပြိုင်ပွဲတွင် မြန်မာကစားသမား စိုးပေသည် အမျိုးသား မီတာ ၁၀၀ နှင့် မီတာ ၂၀၀ ပြိုင်ပွဲဆေးအဆင့် (T64) (ဒူးအောက်တစ်ဖက်)ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၈ နိုင်ငံမှ ကစားသမားများနှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မီတာ ၁၀၀ ပြိုင်ပွဲတွင် အဆင့် ၁၆ နှင့် မီတာ ၂၀၀ ပြိုင်ပွဲတွင် အဆင့် ၁၁ ရရှိခဲ့ကြောင်း သိရသည်။

မြန်မာကစားသမားစိုးပေသည်  ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း နိုင်ငံတကာ ပြိုင်ပွဲများတွင် ရွှေတံဆိပ် သုံးခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်ငါးခု စုစုပေါင်း ဆုတံဆိပ်ကိုးခုရရှိခဲ့သည့်အတွက် ကမ္ဘာ့မသန်စွမ်း ပြေးခုန်ပစ်အဖွဲ့ချုပ်နှင့်  ကမ္ဘာ့မသန်စွမ်း အားကစားအဖွဲ့ချုပ်တို့က ယခုနွေရာသီမသန်စွမ်း အိုလံပစ်  အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြားခံခဲ့ရသူ တစ်ဦးဖြစ်ကြောင်း မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစား အဖွဲ့ချုပ်မှ သိရသည်။                                 

Dates: 
Wednesday, September 11, 2024 - 10:05