ဆောင်းရာသီ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် နေကြာကို လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့ စိုက်ပျိုးသွားမည်

 

ဆောင်းရာသီ ဆီထွက်သီးနှံစိုက်ပျိုးမှုတွင် နေကြာကို လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့ စိုက်ပျိုးသွားမည်

 

ရန်ကုန်     စက်တင်ဘာ     ၁၀

      ရန်ကုန်တိုင်းဒေသကြီးအတွင်း  ယမန်နှစ် ဆောင်းရာသီက ဆီထွက်သီးနှံ ဧက  ၈၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး  ယခုနှစ်ဆောင်းရာသီတွင်  ၁၉၈၇၂ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိရာ    နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ တစ်နှစ်ထက်တစ်နှစ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် ဆောင်ရွက်ရာ၌ ယခုနှစ်ဆောင်းရာသီတွင် နေကြာ ဆီထွက်သီးနှံအား လျာထားချက်ထက် ၁၀၉၆၉ ဧက တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆီထွက်သီးနှံများကို ခရိုင်ခုနစ်ခုရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်၌ နေကြာ၊ မြေပဲနှင့်နှမ်းကို အဓိကထား စိုက်ပျိုးသွားမည်ဖြစ်သည်။

“တိုင်းဒေသကြီးရဲ့ရာသီဥတုနဲ့ စိုက်ပျိုးမြေပေါ်မှာ မူတည်ပြီး ဆီထွက်သီးနှံကို တိုးချဲ့စိုက်ပျိုးနေပါတယ်။  ဒေသနဲ့လိုက်လျောညီစွာ   ဆီစားသုံးမှု ဖူလုံအောင် တစ်နှစ်ထက် တစ်နှစ်တိုးချဲ့ စိုက်ပျိုးဖို့ကြိုးပမ်းနေပါတယ်။ နေကြာကို စီမံချက်နဲ့အညီ ပထမဆုံးဧက ၄၀၈၃ ကျော်ကနေ စိုက်ပျိုးခဲ့တာ လာမယ့်ဆောင်းရာသီဆိုရင် ၈၉၆၉ ဧကကနေ တိုးချဲ့စိုက်ပျိုးဖို့ လျာထားဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဆီဖူလုံမှု က ၁ ဒသမ ၅၄ ပဲရှိပါသေးတယ်။ ဆီဖူလုံမှုရှိဖို့ တိုးချဲ့စိုက်ပျိုးပြီး ထုတ်လုပ်ရမယ့်သဘောပါ။ ဒါကြောင့် တစ်နှစ်ထက်တစ်နှစ်ရာသီအလိုက် တိုးချဲ့ဆောင်ရွက်ရာမှာ လာမယ့်ဆောင်းရာသီမှာ နေကြာစိုက်ဧက ပိုပြီးများလာမှာပါ”ဟု ရန်ကုန်တိုင်း‌ ဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနမှ   လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှကြည်က ပြောသည်။

လာမည့်ဆောင်းရာသီတွင် မြေပဲ ၃၇၉၉ ဧက၊ နှမ်း ၅၁၀၄(ဆောင်း၊နွေ)ဧကနှင့် နေကြာ ၁၀၉၆၉ ဧကတိုးချဲ့စိုက်ပျိုးသွားရန် လျာထား ဆောင်ရွက်လျက်ရှိပြီး ဆီထွက် သီးနှံစိုက်ဧက စုစုပေါင်း ၁၉၈၇၂ ဧက စိုက်ပျိုး သွားမည်ဖြစ်သည်။ ဆောင်းဆီထွက်သီးနှံ  များ လျာထားချက်နှင့်အညီ အောင်မြင်ဖြစ်ထွန်း ထွက်ရှိရန် စိုက်ပျိုးရေး ဦးစီးဌာအနေဖြင့် စိုက်ပျိုးတောင်သူများအား နည်းပညာများ ဖြန့်ဝေပေးသွားမည်ဖြစ်ပြီးအခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူ နေကြာစီမံကိန်းတွင် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုးလာလျက်ရှိရာ  ယမန်နှစ် ဆောင်းရာသီ၌ နေကြာ ဧက ၄၀၀၀ ကျော်မှ ယခုနှစ် တွင် ဧက ၈၉၆၉ လျာထားခဲ့၍ ဧက ၁၀၉၆၉ အထိ တိုးချဲ့စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း ဆောင်းရာသီနှင်းမှုန်းများအကြား နေကြာစိုက်ခင်းများဖြင့် ဝင်းဝါစိမ်းစို လှပနေမည် ဖြစ်ပြီး  စားသုံးဆီလိုအပ်မှုကို  တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

Dates: 
Wednesday, September 11, 2024 - 10:22