ဆင်ခြင်တုံတရားဖြင့် အမိနိုင်ငံတော်ကို ကာကွယ်ပါ

 

ဆင်ခြင်တုံတရားဖြင့် အမိနိုင်ငံတော်ကို ကာကွယ်ပါ

 

    ယခုအချိန်တွင် ပြည်တွင်းသစ္စာဖောက်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်  ပြည်ပပြည်ဖျက် အင်အားစုများသည် ကျွန်ုပ်တို့၏  အမိနိုင်ငံတော်ကြီး ပြိုလဲသွားစေရန် နည်းမျိုးစုံသုံး၍   အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ကျွန်ုပ်တို့  နိုင်ငံသူ၊ နိုင်ငံသားအပေါင်း၏ အတွေးအခေါ်၊ အယူအဆ၊ အသိအမြင်များ လွဲမှားသွားစေရန် သတင်းမီဒီယာနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။ လွဲမှားသော သဘောထားများ၊ ရန်လိုဒေါသထွက်သော စိတ်ခံစားချက်များ ဖြစ်ပေါ်နေစေရန် စီးပွားရေး၊ လူမှုရေးအခက်အခဲ၊ အကျပ်အတည်းအမျိုးမျိုးကို  ဖန်တီးပေးလျက်ရှိသည်။  ကြောက်ရွံ့မှု၊  အားငယ်မှု၊  စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်စေရန် နည်းမျိုးစုံဖြင့်ခြောက်လှန့်လျက်ရှိသည်။ ဤကဲ့သို့သော အခြေအနေဆိုးများကို အောင်မြင်စွာ အနိုင်ယူနိုင်ရန်အတွက် ကျွန်ုပ်တို့နိုင်ငံသားများ စွဲကိုင်ရမည့် အသိပညာပိုင်းဆိုင်ရာ လက်နက်တစ်မျိုးရှိသည်။ ယင်းလက်နက်မှာ ဆင်ခြင်တုံ တရားပင်ဖြစ်သည်။ ဤဆင်ခြင်တုံတရား ဟူသော လက်နက်ကို ကျွန်ုပ်တို့နိုင်ငံသားများ အစဉ်စွဲကိုင်ကျင့်သုံးနေပါက အမိနိုင်ငံအပေါ် ဖန်တီးထားသည့် မည်သည့်အခြေအနေဆိုးမျိုးကို မဆို အနိုင်ယူနိုင်သည်။ ထို့အတူ အမိနိုင်ငံကြုံတွေ့ ခံစားနေရသည့် မည်သည့်ပြဿနာ၊  အခက်အခဲမျိုးကိုမဆို အောင်မြင်စွာ ဖြေရှင်းနိုင်မည်ဖြစ်သည်။   အဓိက အရေးကြီးဆုံးအချက်မှာ   ကျွန်ုပ်တို့နိုင်ငံသားများအားလုံး ဆင်ခြင်တုံတရား မှန်ကန်မြင့်မားရေးပင် ဖြစ်ပါသည်။

ဆင်ခြင်တုံတရားဆိုသည်မှာ

    ဆင်ခြင်တုံတရားဆိုသည်မှာ ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှု စသည့်ကံသုံးပါး အပြုအမူတစ်ခုခုကို ပြုလုပ်ရန်ရှိပါက  မပြုလုပ်မီ   အဆုံးအမတရားများနှင့် ကိုက်ညီမှုရှိ၊ မရှိကို   စိစစ်သုံးသပ်ခြင်း၊ အဆုံးအမတရားများနှင့် မကိုက်ညီပါက မပြုလုပ်ဘဲ ရှောင်ကြဉ်ခြင်း၊  ထို့အတူ လောက ပတ်ဝန်းကျင်ကြီးထဲတွင် ဖြစ်ပျက်နေသော   အခြေအနေများ၊ အကြောင်းအရာများကို မိမိတွင်ဖြစ်ပေါ်နေသော အစွန်းရောက်အစွဲ အမျိုးမျိုးကို အခြေခံ၍  ခံစားသိမြင်ခြင်းမရှိ၊ အဆုံးအမတရားများကို အခြေခံ၍ ဓမ္မဓိဋ္ဌာန်ကျကျ ခံစားသိမြင်ခြင်း၊ လောကပတ်ဝန်းကျင်ကြီးက ပြောသမျှ၊ ပြသမျှအရာများကို လွယ်လင့်တကူ ယုံကြည်လက်ခံခြင်း မပြုဘဲ  ဘက်စုံထောင့်စုံမှနေ၍ သတိပညာဖြင့်ဆင်ခြင်ပြီးမှ ယုံကြည်လက်ခံခြင်း၊ ဘဝခရီးကိုမသိ နားမလည်မှုဟူသော  အဝိဇ္ဇာ၊  တပ်မက်မှုဟူသော  လောဘတဏှာဖြင့်  မဖြတ်သန်းဘဲ  သဒ္ဓါဟူသော မှန်ကန်သော အသိအမြင်၊ အမှားအမှန်ဝေဖန် ပိုင်းခြားမှုဟူသော ပညာတို့နှင့် ဖြတ်သန်းခြင်းတို့ဖြစ်သည်။ ဤအချက်များသည် ဆင်ခြင်တုံတရားရှိခြင်း၏ သဘောများပင်ဖြစ်ကြသည်။

ဆင်ခြင်တုံတရားရှိခြင်း၏ အကျိုးတရားများ

      ကျွန်ုပ်တို့ ဆင်ခြင်တုံတရား ရှိသည့်အခါ အကျိုးတရားခြောက်မျိုးကို ရရှိခံစားရသည်။ ပထမအကျိုး တရားမှာ ဘဝခရီးတစ်လျှောက်လုံး မကောင်းမှုမှန်သမျှကို ရှောင်ရှားပြီး ကောင်းမှုမှန်သမျှကိုသာ ပြုမူသည်။ ဒုတိယအကျိုးတရားမှာ ဘဝခရီးတစ်လျှောက်လုံး အမှားဟူသမျှကိုမပြုလုပ်ဘဲ အမှန်ဟူသမျှကိုသာပြုမူသည်။ တတိယအကျိုးတရားမှာ ဘဝအချိန်များကို တန်ဖိုးနှင့် ဂုဏ်သိက္ခာရှိစွာ အသုံးချပြီး တန်ဖိုးနှင့် ဂုဏ်သိက္ခာမြင့်မားသော ပုဂ္ဂိုလ်အဖြစ် ရောက်ရှိရသည်။ စတုတ္ထအကျိုးတရားမှာ အမိနိုင်ငံကြုံတွေ့နေရသည့် ပစ္စုပ္ပန်ပြဿနာ၊ အခက်အခဲများကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်သည့်အပြင် အနာဂတ်ကာလတွင် ဖြစ်ပေါ်လာမည့်ပြဿနာ၊ အခက်အခဲများကိုလည်း ကြိုတင်ကာကွယ် တားဆီးနိုင်သည်။ ပဉ္စမအကျိုးတရားမှာ အမိနိုင်ငံတိုးတက်အောင်မြင်ရန်အတွက်     အဓိက အကျဆုံးသော အချက်ကို မှန်ကန်စွာဖော်ထုတ် သိမြင်သည်။  ဆဋ္ဌမအကျိုးတရားမှာ ပြည်တွင်းပြည်ပအဖျက်သမားအုပ်စု၊ အဖွဲ့အစည်းများ၏ လိမ်ညာလှည့်စားမှု၊ ပရိယာယ်ဆင်မှုအမျိုးမျိုးကို ကြိုတင်ထိုးထွင်း သိမြင်ပြီး အောင်မြင်စွာ ရှောင်ရှားနိုင်သည်။ ဤအချက်များသည်  ဆင်ခြင်တုံတရားရှိခြင်းကြောင့် ရရှိခံစားရသည့် အကျိုးတရားများဖြစ်ကြသည်။

ဆင်ခြင်တုံတရားကင်းမဲ့ခြင်း၏ ဆိုးကျိုးများ

    ကျွန်ုပ်တို့ ဆင်ခြင်တုံတရား ကင်းမဲ့ပါက ဆိုးကျိုးခြောက်မျိုးကို  ရရှိခံစားရမည်ဖြစ်သည်။  ပထမ ဆိုးကျိုးမှာ ဘဝခရီးတစ်လျှောက်လုံး ကောင်းမှုမှန်သမျှကို မဆောင်ရွက်ဘဲ မကောင်းမှုမှန်သမျှကိုသာ ကျူးလွန်သည်။   ဒုတိယဆိုးကျိုးမှာ  ဘဝခရီးတစ်လျှောက်လုံး အမှန်ဟူသမျှကို မဆောင်ရွက်ဘဲ အမှားဟူသမျှကိုသာ ကျူးလွန်သည်။   တတိယဆိုးကျိုးမှာ ဘဝအချိန်များကို တန်ဖိုးနှင့်ဂုဏ်သိက္ခာမဲ့စွာ ဖြုန်းတီးသည့်အတွက် တန်ဖိုးနှင့် ဂုဏ်သိက္ခာမဲ့သောပုဂ္ဂိုလ်အဖြစ်သို့  ရောက်ရှိရသည်။  စတုတ္ထဆိုးကျိုးမှာ အမိနိုင်ငံအတွက် ပစ္စုပ္ပန်ကာလတွင် ပြဿနာမျိုးစုံကို ဖန်တီးပြီး တစ်ပြိုင်နက်တည်းမှာပင် အနာဂတ်ကာလအတွက် ပြဿနာများကို ကြိုတင်ဖန်တီးသည်။ ပဉ္စမဆိုးကျိုးမှာ အမိနိုင်ငံ တိုးတက်စေမည့် အဓိကအချက်များကို သိမြင်ခြင်းမရှိဘဲ အမိနိုင်ငံ ထိခိုက်ဆုတ်ယုတ်စေမည့် အချက်များကိုသာ အရှက်အကြောက်ကင်းမဲ့စွာ  ဆောင်ရွက်သည်။ ဆဋ္ဌမဆိုးကျိုးမှာ ပြည်တွင်းပြည်ပ အဖျက်သမားအုပ်စု၊ အဖွဲ့အစည်းများ၏  လိမ်ညာလှည့်စားမှု မှန်သမျှကို   ရှက်ဖွယ်ကောင်းစွာ ခံစားရသည်။

ဤအချက်များသည်  ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းကြောင့် ရရှိခံစားရသည့် ဆိုးကျိုးများဖြစ်ကြသည်။

ဆင်ခြင်တုံတရားမှန်ကန်မြင့်မားစေမည့် နည်းလမ်းများ

      ဆင်ခြင်တုံတရားဆိုသည်မှာ မွေးရာပါ အရည်အချင်း တစ်ရပ်မဟုတ်ပါ။ သတိ၊ ပညာ၊ ဝီရိယတို့ဖြင့်  စဉ်ဆက်မပြတ် ကြိုးပမ်းရယူနေမှသာလျှင် ရယူနိုင်သော အရာဖြစ်သည်။ ထို့ကြောင့် မှန်ကန်သော နည်းလမ်းများကို အသုံးပြုပြီး  ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားကို  အစဉ်ကြိုးပမ်း မြှင့်တင်နေကြရမည်။ ဆင်ခြင်တုံတရားကို အစဉ်ကြိုးပမ်းမြှင့်တင်နေခြင်းသည် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏ ဘဝတိုးတက် အောင်မြင်စေရန်နှင့် ထိခိုက်ဆုတ်ယုတ်မှု အပေါင်း၊ ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးစေရန် ကာကွယ်စောင့်ရှောက်မှုပေးနေခြင်း   သဘောဖြစ်သည်။ ထို့အတူ ကျွန်ုပ်တို့တစ်မျိုးသားလုံးက မိမိတို့၏ ဆင်ခြင်တုံတရားကို အစဉ်ကြိုးပမ်းမြှင့်တင်နေခြင်းသည် အမိနိုင်ငံတော်ကြီးအား တိုးတက်အောင်မြင်စေရန်နှင့် ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးစေရန် ကာကွယ်စောင့်ရှောက်မှု ပေးနေခြင်းပင်ဖြစ်သည်။

လူတစ်ဦးသည်   မိမိ၏ဆင်ခြင်တုံ တရားနှင့်ထိုက်တန်သော ဘဝမျိုးကိုသာ   ပိုင်ဆိုင်ရမြဲဖြစ်သည်။ ထို့အတူ လူမျိုးတစ်မျိုးသည် မိမိတို့၏ ဆင်ခြင်တုံတရားနှင့် ထိုက်တန်သောနိုင်ငံမျိုးကိုသာ ပိုင်ဆိုင်ရမြဲဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ အလေးအနက်သတိပြုဆင်ခြင်ပြီး မိမိတို့၏ ဆင်ခြင်တုံတရားများကို-

(၁)     စိတ်ကို သတိတရားဖြင့် အစဉ်ထိန်းချုပ်ထားခြင်း။

(၂)     ပညာရှိသူတော်ကောင်းများထံ ဆည်းကပ်ပြီး အဆုံးအမတရားများကို အမြဲနာယူ နေခြင်း။

(၃)     အသိပညာဗဟုသုတများကို ဝီရိယကြီးစွာ အစဉ်ရှာဖွေစုဆောင်းနေခြင်း။

(၄)     သူတော်ကောင်းတရား  ခုနစ်ပါးကို အစဉ်လိုက်နာကျင့်သုံးခြင်း။

(၅)     ဘဝအတွေ့အကြုံ   အမျိုးမျိုးတို့ကို မေ့ပျောက်မပြစ်ဘဲ ယင်းအတွေ့အကြုံများ ထံမှ သင်ခန်းစာအမျိုးမျိုးကို ဆင်ခြင် သုံးသပ်ဖော်ထုတ်ရယူခြင်း။

တို့ဖြင့် အစဉ်ကြိုးပမ်းမြှင့်တင်နေကြရပါမည်။

    ဆင်ခြင်တုံတရားသည်သာ အားကိုးရာ နိဂုံးချုပ်အားဖြင့် တင်ပြရမည်ဆိုပါက အထက်ဖော်ပြပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့၏ ဆင်ခြင်တုံ တရားကို အစဉ်မြှင့်တင်နေကြရပါမည်။ ကျွန်ုပ်တို့နိုင်ငံသားများ အားလုံး ဆင်ခြင်တုံတရား မြင့်မားနေမှသာ  အမိနိုင်ငံတော်ကြီးကို  ထိရောက်စွာ ကာကွယ်စောင့်ရှောက် ပေးနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆင်ခြင်တုံတရားဖြင့်  တိုင်းရင်းသား ညီအစ်ကို   မောင်နှမများအကြား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနများမဖြစ်ပေါ်ရန်   ထိန်းချုပ်ကြရပါမည်။ ဆင်ခြင်တုံတရားဖြင့် တိုင်းရင်းသားညီအစ်ကို   မောင်နှမများ အကြား သစ္စာ၊ မေတ္တာ၊ ကရုဏာ၊ အကြင်နာတရားများကို ပွားများနေကြရပါမည်။ ဆင်ခြင်တုံတရားဖြင့် အမိနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် ပြည်တွင်းစည်းလုံး ညီညွတ်မှုအားကို တည်ဆောက်နေကြရပါမည်။ ဆင်ခြင်တုံတရားဖြင့် အမိနိုင်ငံတော်ကြီးအပေါ် ပြုလုပ်နေသော  လိမ်ညာလှည့်စားမှု၊  ဖိအားပေးမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု မှန်သမျှကို ဖယ်ရှားရှင်းလင်းပေးနေကြရပါမည်။ ဆင်ခြင်တုံတရားဖြင့် အမိနိုင်ငံ၏ အနာဂတ်အရေးကို ကြိုတင်မြော်တွေးပြီး လိုအပ်သည့် အရည်အချင်းများကို ဝီရိယကြီးစွာ ပစ္စုပ္ပန်ကာလတွင် ကြိုတင်စုဆောင်း လေ့ကျင့်နေကြရပါမည်။ ဤအချက်များကို မပျက်မကွက် ကြိုးပမ်း ဆောင်ရွက်နေခြင်းသည် အမိနိုင်ငံတော်ကြီးအား   ဆင်ခြင်တုံတရားကြီးစွာ  ကာကွယ်စောင့်ရှောက်မှု ပေးခြင်းပင်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။    ။