အာဏာထိန်းသိမ်းပြီး ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း တစ်သိန်းကျော်ကို လုံခြံရေး တပ်ဖွဲ့ဝင်များ က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန်ရေးသား ထုတ်လွှင့်လျက်ရှိ
နေပြည်တော်၊ စက်တင်ဘာ ၁၁
တပ်မတော်ကအာဏာ ထိန်းသိမ်းပြီး ၃ နှစ်ကျော်အတွင်း နေအိမ်ပေါင်း တစ်သိန်းကျော်ကို လုံခြံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
တပ်မတော် အနေဖြင့် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေး (Counter Terrorism Operation) ကို ဆောင်ရွက်နေသည့် ကာလအတွင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူလူထုနှင့် ပူးပေါင်းကာ အကြမ်းဖက်သောင်းကျန်းသူများ ခိုအောင်းနေထိုင်သည့် နေရာများကိုသာ ပစ်မှတ်ထား၍ အကြမ်းဖက်မှုနှိမ်နှင်းရေးကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်ပြည်ဖျက် NUG နှင့် pdf အမည်ခံအကြမ်းဖက် သောင်းကျန်းသူများသည် ဒေသခံ ပြည်သူများနေထိုင်သည့် မြို့/ရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drop ဗုံးများ၊ ရှော့တိုက်ဒုံးများဖြင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထု၏ နေအိမ်များ မီးလောင် ပျက်စီးခဲ့ရသည်ကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ၏ အထင်အမြင်လွဲမှားစေရန်အတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့သည့် မြို့ရွာများ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီးခြင်း စသည့် မှန်ကန်မှုမရှိဘဲ တစ်ဖက်သက် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ လှုံဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်းနှင့် သတင်းရရှိသည်။