စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်

 

စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်ရန်

 

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၃  ရက်)

    ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့သည် မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ဖြစ်သည်။      လူကုန်ကူးမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က ယခုနှစ်အတွက် သတ်မှတ်ပေးထားသည့် ဆောင်ပုဒ်မှာ‘‘ကလေးသူငယ်ချန်မထား၊ လူကုန်ကူးမှု တိုက်ဖျက်သွား’’ဟူ၍ဖြစ်သည်။  ထို့ပြင်  ၂ဝ၂၄  ခုနှစ်၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ရည်ရွယ်ချက်(၄)ရပ်ကိုလည်း ချမှတ်ပေးထားသည်။  ယင်းတို့မှာ   ‘‘(၁)လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်အဖြစ် သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်း ဆောင်ရွက်ရန်။ (၂)လူကုန်ကူးမှုဆိုင်ရာ အသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်။ (၃)လူကုန်ကူးခံရသူများအား  စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်ရှောက်နိုင်ရန်။ (၄)လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ အားလုံးတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်’’တို့ဖြစ်သည်။ 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို  ၂ဝ၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေ အမှတ်၊ ၄၁/၂ဝ၂၂ ဖြင့်  ထုတ်ပြန်ထားပြီး လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။  အဆိုပါဥပဒေ၏ ပုဒ်မ ၃။ ပုဒ်မခွဲ(ခ)တွင်  ‘‘လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ် တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန်အလို့ငှာ အောက်ပါနည်းလမ်း တစ်ရပ်ရပ်ကို အသုံးပြု၍  ထိုသူကိုသိမ်းသွင်း စုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်-(၁)ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂)သွေးဆောင်ခေါ်ယူခြင်း၊ (၃)လိမ်လည်ခြင်း၊ (၄)လှည့်ဖြားခြင်း၊ (၅)လုပ်ပိုင်ခွင့် သို့မဟုတ် အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း၊ (၆)ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အခွင့်ကောင်းယူ၍ အလွဲသုံးစားပြုခြင်း၊  (၇)ထိုသူအပေါ်ချုပ်ကိုင်နိုင်သူ သို့မဟုတ် တစ်နည်းနည်းလွှမ်းမိုးနိုင်သူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး၊ ပစ္စည်း သို့မဟုတ် အခြားအကျိုးအမြတ်တစ်စုံတစ်ရာကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်း’’ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

လူကုန်ကူးခံရသူများ၏ အဓိကအားနည်းချက်ကို လေ့လာကြည့်သည့်အခါ ပညာအရည်အချင်း နည်းပါးသူများကို အများဆုံးတွေ့မြင်ရသည်။ ပညာမတတ်သောအခါ၊ စာမဖတ်သောအခါ အသိဉာဏ်ဗဟုသုတ နည်းပါးလာသည်။ လူကုန်ကူးလိုသူများက လိမ်လည်ပြောကြားနေမှုကို အမှန်ထင်ကာ လက်ခံယုံကြည်လာသည်။

အလုပ်အကိုင်ငွေကြေးများ များစွာရလိမ့်မည်ဟူသော အထင်ဖြင့် လူကုန်ကူးသူများ၏ ခေါ်ဆောင်ရာသို့ လိုက်ပါသွားတတ်ကြသည်။ ပြည်တွင်းတစ်နေရာရာ သို့မဟုတ် အခြားနိုင်ငံတစ်ခုခုသို့ ရောက်ရှိသွားပြီး လက်တွေ့လုပ်ငန်းခွင် ဝင်ရသည့်အခါမှသာ  အထင်နှင့်အမြင်လုံးဝ ကွဲလွဲနေကြောင်း သိသွားကြသည်။ ပညာအရည်အချင်း နည်းပါးသူများမှာ  အများဆုံးဖြစ်သော်လည်း ပညာတတ်ဘွဲ့ရသူများ အနေဖြင့် ဆင်ခြင်တွေးခေါ်မှုနည်းပါးကာ လူကုန်ကူးခံရမှုတွင် ပါဝင်မှန်းမသိပါဝင်မှုများ ရှိနေသည်။ အထူးသဖြင့် အွန်လိုင်း လောင်းကစားမှုနှင့် လိမ်လည်မှုဖြစ်စဉ်များတွင် ပါဝင်ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် လူကုန်ကူးမှုများအား  အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ တားဆီးနှိမ်နင်းခြင်း၊ လူကုန်ကူးခံရသူအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်း၊ အထူးသဖြင့် လူကုန်ကူးခံရသူ အမျိုးသမီးနှင့် ကလေးသူငယ်များအား အလေးဂရုပြု၍ ကာကွယ်ခြင်းနှင့် အကူအညီပေးခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများအား ထိရောက်မြန်ဆန်စွာ စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိုက်သင့်သောပြစ်ဒဏ်များ ချမှတ်ခြင်းဖြင့် လူကုန်ကူးမှုများ လျော့နည်းပပျောက်စေခြင်း၊ လူကုန်ကူးခံရသူများအား  လူမှုအသိုင်းအဝိုင်း အတွင်းသို့ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေး လုပ်ငန်းများကို  ထိရောက်စွာ ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် စပ်လျဉ်း၍ နိုင်ငံတော်ကလက်ခံထားသော အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းများ၊ ပရိုတိုကောလ်များ၊ ဒေသတွင်းနိုင်ငံများ၊  ဒေသခွဲတွင်း ချုပ်ဆိုထားသည့် စာချုပ်များ၊  နှစ်နိုင်ငံသဘောတူ စာချုပ်များနှင့်အညီ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် လည်းကောင်း၊ အဖွဲ့ဝင်နိုင်ငံများနှင့်လည်းကောင်း ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းများကို လုပ်ဆောင်လျက်ရှိပါသည်။

လူကုန်ကူးမှုသည် လူလူချင်းခေါင်းပုံဖြတ်ခြင်း တစ်မျိုးဖြစ်သည်။ လူရည်လည်လွန်းသူများက ရိုးသားစွာ နေထိုင်စားသောက်လိုသူများ အပေါ် မက်လုံးတစ်ခုခုပေး၍ ဆွဲဆောင်စည်းရုံးကာ လူကုန်ကူးမှုကို စတင်ခြင်းဖြစ်သည်။ အထူးသဖြင့် လူမှုရေး အခက်အခဲရှိသူများ၊ အလုပ်အကိုင် ရှာဖွေနေသူများ၊ ငွေကြေးမပြည့်စုံသူများ၊ မိဘမဲ့နေသူများမှာ  လူကုန်ကူးမည့်သူများ၏ ပစ်မှတ်များဖြစ်သည်။ လူကုန်ကူးသူတရားခံများကိုဖမ်းဆီးရမိလျှင် ထိုက်တန်သောပြစ်မှုများ ချမှတ်လျက်ရှိသော်လည်း လူကုန်ကူးမှုများမှာ လုံးဝပပျောက်သည့် အနေအထားသို့မရောက်ရှိသေးပေ။ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဗဟိုအဖွဲ့အနေဖြင့် သက်ဆိုင်ရာ နယ်စပ်ဂိတ်များတွင် စနစ်တကျပိုက်စိပ်တိုက် ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်ကာ လူကုန်ကူးခံရသူ များကိုပြန်လည် ကယ်တင်ပေးခဲ့ကြရသည်။  အနှစ်ချုပ်ဆိုရသော် ပြည်သူများအနေဖြင့် လူကုန်ကူးမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ကာ ပူးပေါင်းပါဝင်ခြင်းဖြင့် လူကုန်ကူးမှု တားဆီးရေးတွင် ပါဝင်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။   ။

 

 

Dates: 
Friday, September 13, 2024 - 06:14