ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေဘေးရှောင်စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း  ကြည့်ရှုစစ်ဆေး

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ရေဘေးရှောင်စခန်းများ၌ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း  ကြည့်ရှုစစ်ဆေး

 

နေပြည်တော်    စက်တင်ဘာ   ၁၂

      ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ  ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နေမှု ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာခန်းမ ရေဘေးရှောင်စခန်း၊ သပြေတောင် ရေဘေးရှောင်စခန်းနှင့် ပုဗ္ဗသီရိမြို့နယ် မရှိခဏ ဘုရားတို့တွင် ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို  လှည့်လည် ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက ရေဘေးရှောင်စခန်းများတွင် ဆေးဝါးနှင့် ဆေးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်ရေး၊   ၂၄   နာရီအချိန်ပြည့် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျ လက်ဆေးနိုင်ရေး၊ သန့်စင်သည့် ရေကို သောက်သုံးနိုင်ရေး၊ ရေသန့်စင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အစားအစာများကို  သန့်ရှင်းစွာနှင့် ပူပူနွေးနွေး စားသုံးနိုင်ရေး၊ အမှိုက်များကို အဖုံးပါသည့် အမှိုက်ပုံးများတွင် စနစ်တကျစွန့်ပစ်နိုင်ရေး၊ ကူးစက်ရောဂါများ ကာကွယ်ရေးအတွက် ကျန်းမာရေး အသိပညာပေးရေးနှင့် ဆေးရုံသို့လွှဲပြောင်းကုသရန် လိုအပ်သည့် လူနာများကို  အချိန်နှင့်တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေး တို့ကိုမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ နေပြည်တော် ပြည်သူ့ကျန်းမာရေး၊ ကုသရေး ဦးစီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ဇမ္ဗူသီရိမြို့နယ်တို့ရှိ ရေဘေးရှောင်စခန်း ၃၅ ခုတွင် ဆရာဝန် ၂၁  ဦး၊ အခြေခံကျန်းမာရေး ဝန်ထမ်း  ၁၂၇ ဦးတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည် ကျဆင်းပြီးနောက်တွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါကဲ့သို့ ကူးစက် ရောဂါများ ဖြစ်ပွားမှု မရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလိုရင်းဆေးခတ်ခြင်းနှင့် ခြင်ကျားလောက်လမ်းများ နှိမ်နင်းရန်အတွက်    အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများကို  ဒေသအလိုက် အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊  နှီးနွှယ်ဌာနဆိုင်ရာများ၊   ဒေသခံပြည်သူများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Dates: 
Friday, September 13, 2024 - 10:25