ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အ‌နောက်ပိုင်း တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)နှင့် မြန်မာစာအဖွဲ့ရုံးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

 

 

ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အ‌နောက်ပိုင်း တက္ကသိုလ်၊  ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်(ရွာသာကြီး)နှင့် မြန်မာစာအဖွဲ့ရုံးသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   စက်တင်ဘာ   ၁၂

    ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး ရန်ကုန်မြို့ရှိ တက္ကသိုလ်များမှ အင်္ဂလိပ်စာပါရဂူ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံ၍ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် အင်္ဂလိပ်စာသဒ္ဒါ (Grammar) စာအုပ်များ ပြုစုရေးနှင့် မီဒီယာများမှ ထုတ်လွှင့်သင်ကြားရေး ကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကား ဦးစီးဌာန မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာ  ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ ဘာသာဗေဒပညာရှင် မြန်မာစာပါမောက္ခများ၊ အထောက်အကူပြု အဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအောင်မြင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ဒုတိယ၀န်ကြီးသည် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်သို့ သွားရောက်ပြီး  တက္ကသိုလ်၀င်းနှင့် ပရောဂျက်စာတမ်းများစာရင်း၊ ကျောင်းခေါ်ချိန် စာရင်းတို့ကို ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ် သန့်ရှင်း သာယာလှပရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်ရန်၊  နိုင်ငံအကျိုးပြု၊ MSME အကျိုးပြု သုတေသနများ ရွေးချယ်ဖော်ထုတ်ရန် မှာကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဘောလုံးကွင်းများ၊ စားသောက်ဆိုင်များ၊ စာသင်ဆောင်များ၊ တက္ကသိုလ်၀င်းအတွင်း  စိမ်းလန်းစိုပြည်ရေးနှင့်   ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ထို့နောက် ဒုတိယ၀န်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့သစ် (တောင်ပိုင်း)ရှိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ သွားရောက်ပြီး ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ အေးချမ်းစွာ ပညာသင်ကြားရေးအတွက်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Friday, September 13, 2024 - 11:25