မြိတ်မြို့နှင့် ခရမ်းမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြိတ်မြို့နှင့် ခရမ်းမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာ - ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ဘိုတောင်တောရစာသင်တိုက်ရှိ သံဃာတော် များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေး ကုသရေးအဖွဲ့က အဆိုပါစာသင်တိုက်၌ ကျန်းမာရေးစောင့်ရှေက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၂၄ ပါးတို့အား  အရိုးအကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါ၊ အရေပြားရောဂါ၊ ကလေးရောဂါ၊ နှလုံးရောဂါ၊ သွေးတိုး ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ခြင်းနှင့် ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ပြည့်စုံလင်းနှင့် တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး ဘိုတောင်တောရစာသင်တိုက် ဆရာတော် ထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ တမံကြီးကျေးရွာနှင့် ပတ်ဝန်း ကျင်ကျေးရွာများရှိ သံဃာတော် ၃ ပါးနှင့် ဒေသခံပြည်သူ ၁၃၆ ဦးတို့ကို ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ  တမံကြီး ကျောင်းတိုက်၌ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ နား၊ နှခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါ၊ ကလေး ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Dates: 
Friday, September 13, 2024 - 17:43