အားကစားအတွက်အမြဲကူညီ ရှေးဦးပြုစုခြင်းအသင့်ရှိသည်

အားကစားအတွက်အမြဲကူညီ ရှေးဦးပြုစုခြင်းအသင့်ရှိသည်

အယ်ဒီတာ့အာဘော်

(၂ဝ၂၄  ခုနှစ်၊ စက်တင်ဘာ  ၁၄  ရက်)

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဖြစ်သည်။ အဆိုပါနေ့အတွက် ဆောင်ပုဒ်မှာ " အားကစားအတွက် အမြဲကူညီ ရှေးဦးပြုစုခြင်း အသင့်ရှိသည်" ဟူ၍ဖြစ်သည်။ မြန်မာ နိုင်ငံကြက်ခြေနီအသင်းသည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကို ၂၀၀၃ ခုနှစ်မှ စတင် ကျင်းပ လာခဲ့ရာ ယခုအခါ (၂၂) ကြိမ်မြောက်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ရှေးဦးပြုစုခြင်းသည် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ပင်မမဏ္ဍိုင်ဖြစ်သည်။ ရှေးဦးပြုစုခြင်းပညာရပ်များ တတ်မြောက်မှသာလျှင် လူသားချင်း စာနာထောက်ထားမှုအဖြစ် လူသားတို့၏ထိခိုက်ဒဏ်ရာရရှိမှုနှင့် အသက်ရှင်သန်ရေးကို ကယ်တင်ပေးနိုင်မည် ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် နာမကျန်းဖြစ်သူများ၊ ထိခိုက်ဒဏ်ရာ ရသူများကိုဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံ မရောက်မီရှေးဦးပြုစုခြင်းဖြင့် ကူညီပေးကြရမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင်  အားကစားကဏ္ဍကို  ထူးခြားစွာမြှင့်တင်အားပေးပြီး ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့်လျက်ရှိသည်။ မြန်မာအားကစားသမားများသည် အာရှနှင့် အရှေ့တောင်အာရှအဆင့် အားကစားပြိုင်ပွဲကြီးများ အပါအဝင် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးပေါင်း ၂၂ ခုသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၇၇ ခု၊ ငွေတံဆိပ် ၈၇ ခုနှင့် ကြေးတံဆိပ် ၁၅၉ ခုရရှိ အောင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ကြသည့် နိုင်ငံ့လက်ရွေးစင် အားကစားသမားများအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် ဆုကြေးငွေကျပ် ၇၄၅၂၃ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၃၃၉၀၀ ကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုချီးမြှင့် ပေးအပ်ခဲ့သည်။ ထို့အတူ အားကစားသမားများအတွက် အမြဲကူညီပေးမည့် ရှေးဦးပြုစုခြင်းများကိုလည်း အသင့်ရှိထားသည်။

ထို့ပြင်နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက်ရှိသော မတော်တဆဖြစ်မှုများ၊ သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခများနှင့် ကပ်ဘေးကျရောက်သည့် အခြေအနေများတွင်  ရှေးဦးပြုစုခြင်း နည်းပညာများဖြင့် ချက်ချင်းတုံ့ပြန်၍  လူ့အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း အနေဖြင့် မတော်တဆထိခိုက် ဒဏ်ရာရရှိသည့် လူနာများအတွက် ရှေးဦးပြုစုခြင်းဆိုင်ရာ လုပ်ငန်းများ ကို အသင်းစတင်တည်ထောင်စဉ်ကတည်းက လူတိုင်းတတ်ထားအပ်သော ပညာရပ်များအဖြစ်ခံယူပြီး လူတိုင်းရှေးဦးပြုစုခြင်း ပညာရပ်များဖြင့် လူထုအကျိုးပြု ဆောင်ရွက်ပေးလျက်ရှိသည်။

ရှေးဦးပြုစုခြင်း အကူအညီများကို ကြက်ခြေနီ၏အခြေခံမူ(၇) ချက်ပါအတိုင်း  တာဝန်ကျေပွန်စွာ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းမှရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့ပတ်ဝန်း ကျင်တွင် ပြန်လည်မျှဝေပေးကြရမည်ဖြစ်သည်။ ပြည်သူ့အကျိုးပြု လူမှုကရုဏာ လုပ်ငန်းများကို စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်သူများမှာ အများပြည်သူတို့အတွက် ဂုဏ်ပြုလေးစားဖွယ်ဖြစ်သည်။ ရှေးဦးသူနာပြုခြင်း ဆောင်ရွက်သူများမှာ ဗြဟ္မစိုရ်တရားလေးပါးနှင့် ပြည့်စုံသူများဟု ဆိုနိုင်သည်။ ဒဏ်ရာရရှိသူများ အပေါ်တွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာထားရှိကာ ဆောင်ရွက်ခြင်းဖြင့် ပရဟိတ အကျိုးသယ်ပိုးကြသူများ ဖြစ်သည်။ ကမ္ဘာအရပ်ရပ်တွင် လူသားတို့ ကောင်းကျိုးကို ဆောင်ရွက်နေသူများအား အမှတ်တရဂုဏ်ပြုခြင်းဖြင့် အများအကျိုးဆောင်ရွက်လိုသူများ ပိုမိုပေါများ လာမည်ဖြစ်သည်။ ထို့ကြောင့်ကမ္ဘာ့ရှေးဦးပြုစုခြင်း ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ယနေ့အချိန်အခါကာလတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံဖြစ်ပွားသောစစ်ပွဲများ၊ နိုင်ငံအတွင်း ဖြစ်ပွားသော စစ်ပွဲများကြောင့် ရှေးဦးပြုစုသူများ များစွာလိုအပ်လာနေပြီဖြစ်သည်။ နိုင်ငံတိုင်းနီးပါးတွင် တရားမဝင် လက်နက်ကိုင်ဆောင်နေသူများကြောင့် အများပြည်သူတို့ အခက်အခဲမျိုးစုံနှင့် ကြုံတွေ့နေကြရသည်။ တရားမဝင် လက်နက်ကိုင်ဆောင်သူများမှာ မိမိတို့ကိုယ်ကျိုးစီးပွားကိုသာ အဓိကထားသူများဖြစ်သည်။ မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်ခြင်း၊ နိုင်ငံပိုင်သယံဇာတများကို တရားမဝင် ရောင်းဝယ်ခြင်းများဖြင့် စီးပွားရှာဖွေလျက်ရှိသည်။ ဒေသခံပြည်သူများအား လက်နက်ကိုင်အနိုင်ကျင့်ကာအကြောက်တရားဖြင့် လွှမ်းမိုးထားကြသည်။ ဒေသခံပြည်သူများအနေဖြင့်   မိမိတို့လူမှုစီးပွားဘဝ ရှင်သန်ရေးအတွက် လုံခြုံမှု ရှိသည့် နေရာဒေသများသို့ ပြောင်းရွှေ့နေထိုင် ကြသည်။

အဆိုပါ လူသားများအနက်အများစုမှာ ဒဏ်ရာရရှိထားခြင်း၊ ဖျားနာခြင်းစသည်ဖြင့် ကိုယ်စိတ်နှလုံး ညှိုးနွမ်းဖွယ် ကြုံတွေ့နေကြသူများ ဖြစ်သည်။ ထိုသူများအတွက် နှစ်သိမ့်ဖျောင်းဖျ ကုသပေးနိုင်မည့် ရှေးဦးပြုစုခြင်းဆိုင်ရာ ပရဟိတသမားများ လိုအပ်သည်။ မိမိတို့အသက် ရှင်သန်နေထိုင်ရေးအတွက် ကူညီပေးမည့်သူများမှာ မိမိတို့အတွက် အသက်သခင်ကျေးဇူးရှင်များပင် ဖြစ်သည်။ လူမှုကရုဏာ စေတနာရှင်များသည် လူသားတို့အတွက် အားကိုးရာဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါတိုင်း အလျင်အမြန် ရောက်ရှိကူညီမှုပေးသူများမှာ တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး လူမှုကရုဏာ စေတနာရှင်များဖြစ်သည်။ ရေကြီးရေလျှံခြင်းကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ကြရသည်။ အနှစ်ချုပ်ဆိုရသော်  "အားကစားအတွက် အမြဲကူညီ ရှေးဦးပြုစုခြင်းအသင့်ရှိသည်" ဟူသောဆောင်ပုဒ်နှင့်အညီ ရှေးဦးပြုစု အမြဲကူညီနေသူများ အား ဂုဏ်ပြုပါကြောင်း ရေးသားလိုက်ရပေသည်။    ။

Dates: 
Saturday, September 14, 2024 - 10:32