ကူညီကယ်ဆယ်သဘာဝဘေးအန္တရာယ်

ကူညီကယ်ဆယ်သဘာဝဘေးအန္တရာယ်

မိုးသည်းထန်စွာ   အဆက်မပြတ်ရွာသွန်းမှုကြောင့် နေပြည်တော်ကောင်စီနယ်မြေနှင့် ကျိုက်ထိုမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ နမ့်စန်မြို့နယ်နှင့် ဟိုပုံးမြို့နယ်အပါအဝင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ မြို့နယ်အချို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်သဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ  အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည့် သတင်းများကို စက်တင်ဘာလ ၁၁ ရက်နေ့ည ရုပ်မြင်သံကြားသတင်းများတွင် တွေ့မြင်လိုက်ရသည်။ နေပြည်တော် ကောင်စီနယ်မြေ အတွင်း လတ်တလောတွင် ရေဘေးသင့်သည့်ရပ်ကွက်၊ ကျေးရွာအုပ်စု ၄၃ စုမှ ရေဘေးသင့် ပြည်သူများ အား သက်ဆိုင်ရာမြို့နယ်များအလိုက်  ဖွင့်လှစ်ထားသည့်  ယာယီရေဘေးရှောင်စခန်း ၃၅  ခု၌ ကူညီ ကယ်ဆယ်ရေး နေရာချထားပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက် ရှိသည်။ ရေဘေးသင့်ပြည်သူများ၏ အခက်အခဲများကို အားတက်သရောကူညီမှုပေးနေသည့်   မြင်ကွင်း များမှာ  မြင်ရသူတိုင်း၏ စိတ်နှလုံးကို ကြည်နူးချမ်းမြေ့စေသည်။ မြန်မာတို့သည် ကိုယ်ချင်းစာနာစိတ်  ပြည့်ဝသူများဖြစ်သည့်အတိုင်း သူတစ်ပါး အခက်အခဲတွေ့နေချိန်တွင် ကူညီမှုပြုလေ့ရှိကြသည်။ ကုသိုလ် တိုးပွား၍  သာဓုခေါ်ကြရသည်။

မုန်တိုင်းသတင်း ကြေညာချက်ထုတ်ပြန်တိုင်းတွင် မိုးထစ်ချုန်းရွာသွန်းပြီး အချို့ဒေသများတွင် ဒေသ အလိုက်နှင့်နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်။ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ   ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ၉ ပေမှ ၁၂ ပေခန့်ထိရှိနိုင်သည်။ မုန်တိုင်း၏ အရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီးရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါ ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်သည်ဟူ၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကကြိုတင် သတိပေးချက် အမြဲထုတ်ပြန်လေ့ရှိသည်။ သို့ဖြစ်၍ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မိုးလေဝ သသတိပေး ထုတ်ပြန်ချက်ကို ရုပ်မြင်သံကြားများ၊ ရေဒီယိုများမှတစ်ဆင့် ထုတ်ပြန်ချက်များကို သတိပြု စောင့်ကြည့်သင့်ပေသည်။

မိုးလေဝသနှင့်ဇလဗေဒဌာနရှိ ပညာရှင်တို့၏ ခန့်မှန်းပြောကြားချက်များမှာ အရပ်သားစကားနှင့် ပြောရလျှင် နတ်မျက်စိအလားထင်မှတ်ရသည်။ မှန်ကန်တိကျမှုရှိသည်။ ရက်စွဲနှင့် အချိန်မလွဲအောင် မှန်ကန်သည်။ မြန်မာနိုင်ငံတွင် လက်ရှိကြုံတွေ့နေရသည့်  ရေဘေးအန္တရာယ်များမှာ   စက်တင်ဘာလ ၉ ရက်နေ့ သတင်းစာများတွင် ဖော်ပြချက်အရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့်  ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတို့တွင်   ဖြစ်ပေါ်နေသော မုန်တိုင်းအရှိန်ကြောင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်း မုန်တိုင်းရာဂိ၏ အရှိန်ကြောင့်လည်းကောင်း ဆက်စပ်ကာဖြစ်ပေါ်လာခြင်းဖြစ်သည်။ မုန်တိုင်းများမှာ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခြင်း မရှိသော်လည်း အဆိုပါမုန်တိုင်းနှစ်ခု၏ အရှိန် ကြောင့် ညှပ်ပူးညှပ်ပိတ်ခံနေရခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင်  ရွံရှာမုန်းတီးဖွယ်ကောင်းသော အဖျက်သမားတို့၏လှုံ့ဆော်မှုကြောင့် အချို့အရပ်ဒေသ တွင် နိုင်ငံပိုင်မီဒီယာများ၏ သတင်းထုတ်လွှင့်မှုကို ကြည့်ရှုရန် ပျက်ကွက်ခဲ့ကြသည်။  အရေးအကြောင်း ဖြစ်လာသည့်အခါ  ကြိုတင်ထုတ်ပြန်ပေးထားသော သတင်းများကို သိရှိမှုနည်းပါးခဲ့သည်။ ကြိုတင် ကာကွယ် ပြင်ဆင်ရန်အတွက် ကြိုတင်သိရှိမှုမရှိခဲ့သောအခါ  သဘာဝဘေးအန္တရာယ်၏ နှိပ်စက်ခြင်းကို အံကြိတ်ခံနေကြရသည်။ ဒုက္ခနှင့်ကြုံလာရသည့်အခါ ခံလိုက်ရသည်မှာ မိမိနှင့်မိသားစုများသာ ဖြစ်သည်။ မည်သည့်နေရာတွင် မည်သို့ဒုက္ခရောက်နေပါပြီ။ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးကြပါ ဦးဟု အော်နေရသည့်အဖြစ် ကိုရောက်ရှိကြသည်။ စာရေးသူအနေဖြင့် ဒုက္ခနှင့်ကြုံနေရသူများကို အပြစ်ဖို့ စကားပြောနေခြင်းမဟုတ်ပါ။ နိုင်ငံသားတိုင်းအနေနဲ့ ကြိုတင်ထုတ်လွှင့်ပေးလျက်ရှိသည့် မိုးလေဝသ သတင်းမျှလောက်ကိုဖြင့် နားထောင်သင့်ပြီး ကြိုတင်ပြင်ဆင်လိုက်ပါ လုပ်ဆောင်သင့်သည် ကို ပြောလိုခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁ဝ ရက်နေ့ထုတ် သတင်းစာများတွင် အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့်  နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း များဖြစ်ပေါ်နိုင် ဟူ၍ထင်ထင်ရှားရှား   ဖော်ပြထားသည်။

စက်တင်ဘာလ ၉ ရက်နေ့ညနေ ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ် လျက်ရှိသော အားကောင်းသော   မုန်တိုင်းငယ်၏ အရှိန်ကြောင့်စက်တင်ဘာလ ၉ ရက်နေ့ညမှ ၁၂ ရက်နေ့ အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာမည်ဖြစ်ကြောင်း၊ အချို့ဒေသများတွင် မိုးကြီးခြင်းများနှင့်အတူ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။ ထို့အတူ မြစ်ကြီးများ အမည်နှင့် မြစ်ရေကြီးမှု အခြေအနေများကိုလည်း ဖော်ပြပေးထားသည်။

စက်တင်ဘာလ ၁ဝ ရက်တွင် ကျိုင်းတုံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီးတောင်ကျရေစီးဆင်းမှုကြောင့် ရေဘေးသင့် ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များ၊  ပရဟိတအဖွဲ့များ၊  ဌာနဆိုင်ရာဝန်ထမ်းများနှင့်  ဒေသခံတိုင်းရင်းသားများက ရေဘေးကင်းလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးကြရသည်။ ရာဂိမုန်တိုင်း အရှိန်ကြောင့် ဇော်ဂျီမြစ်အထက်ပိုင်းဧရိယာများတွင် မိုးရွာသွန်းမှုများပြား လျက်ရှိသည်။ ဇော်ဂျီမြစ်ရေ တက်နိုင်သည့်အတွက် ကျောက်ဆည်မြို့ပေါ်အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်နိုင်ကြောင်း မြို့တွင်းနေ ပြည်သူများအား အသိပေးခြင်း၊ လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတကာ သတင်းတွင် အလွန်အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ရာဂိတိုက်ခတ်မှုကြောင့် ဗီယက်နမ်၌ သေဆုံးသူ ၂၂၆ ဦးအထိရှိကြောင်း ဖော်ပြထားသည်။

တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သော တိုင်ဖွန်းမုန်တိုင်း ရာဂိ၏အရှိန်နှင့် ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်၏အရှိန်ကြောင့် နေပြည်တော် ဝန်းကျင်တွင် စက်တင်ဘာလ ၈ ရက်နေ့မှစ၍ နေရာအနှံ့အပြား မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့်ပေါင်းလောင်းမြစ်တို့တွင် မြစ်ရေများအဆက်မပြတ်  မြင့်တက်လာခဲ့သည်။

မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်၊ ကျေးရွာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခြင်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်း အချို့နေရာများတွင် ရေကျော်ခြင်း၊ လျှပ်စစ် တာဝါတိုင်များ  လဲပြိုကျခြင်း၊ စာသင်ကျောင်းအချို့  ရေနစ်မြုပ်ခြင်းကြောင့် ကျောင်းများ ပိတ်ထားခဲ့ ရသည်။ အဆိုပါ ရေကြီးရေလျှံသည့် နေရာဒေသများအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော် သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတ အသင်းအဖွဲ့များက ကူညီကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ လျင်လျင်မြန်မြန်၊ တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်  စက်တင်ဘာလ ၁၃ ရက်နေ့တွင် ရေကြီးရေလျှံသည့် နေရာများအား သွားရောက်ကြည့်ရှုခဲ့စဉ် “သိုက်ချောင်းတံတား (ဆင်သေချောင်းကူး)အပြင်  ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြားတံတားများ ကိုလည်း အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှု မပြတ်တောက် စေရေး ယာယီတံတားများကို အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ရေကြီးရေလျှံမှုများ လျော့ပါး သွားချိန်၌ ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင်လည်း ရေရှည်တည်တံ့ ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့်သွင်းတွက်ချက်၍ ပြန်လည် ပြင်ဆင် ဆောင်ရွက်သွားရန်လိုကြောင်း” မှာကြားခဲ့ပြီး ရေဘေးသင့်ပြည်သူများကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။ ထို့အတူ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ပြည်ထောင်စု ဝန်ကြီးများနှင့် တာဝန်ရှိသူများက ယာယီ‌ရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ပြန်လည် ထူထောင်ရေးနှင့် လိုအပ်သည်များ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် နွေ၊ မိုး၊ ဆောင်းဥတုသုံးလီရှိသည့်အနက် မိုးဥတုတွင် အများဆုံးကြုံတွေ့ရသည်မှာ  ရေကြီးရေလျှံခြင်း ဖြစ်သည်။  တောင်တရုတ် ပင်လယ်တွင်ဖြစ်ပေါ်ခဲ့သော   အလွန်အင်အား ပြင်းထန် သည့် ရာဂိမုန်တိုင်းမှာ မြန်မာနိုင်ငံသို့ တိုက်ရိုက်ဝင်ရောက်ခြင်း မဟုတ်သော်လည်း မုန်တိုင်းအရှိန် ကြောင့် မိုးရွာသွန်းမှုများပြားခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းကုန်းပြင်မြင့်တွင်ရှိသော    တောင်တန်းများမှတစ်ဆင့်  ကျဆင်းလာသောရေများ  များပြားမှုကြောင့်လည်းကောင်း၊ မိုးရွာသွန်းမှု များပြားမှုကြောင့်လည်းကောင်း ရေကြီးရေလျှံမှုဒဏ်ကို ခံရခြင်း ဖြစ်သည်။

ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မြစ်ချောင်းများအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် မြစ်ချောင်းများတစ်လျှောက်ရှိ မြေနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများတွင် နေထိုင်ကြသူများအနေဖြင့် ရေဘေးအန္တရာယ်သတိပြု နေထိုင်နိုင်ရေး အသိပေးနှိုးဆော်တိုက်တွန်း ထားသည်။ အထက်တွင်ရေးသားဖော်ပြခဲ့သလို  တချို့သောသူများမှာ သတင်းစာမဖတ်၊ ရုပ်မြင်သံကြား သတင်းနားမထောင်ဘဲ နေထိုင်ကြသည့်အခါ ကြိုတင်ကာကွယ်နိုင်ပါလျက် ဆုံးရှုံးမှုများ ကြုံတွေ့ကြ ရသည်။ သူတစ်ပါးတို့၏ လှုံ့ဆော်သွေးထိုးမှုကို နားယောင်မိသဖြင့် ဆုံးရှုံးမှုမှာရင်နာဖွယ် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အချိန်နှင့်တစ်ပြေးညီ  ထုတ်ပြန်လျက်ရှိသည့် မိုးလေဝသသတင်းများကို မဖြစ်မနေနားထောင်ကြရန်   စေတနာဖြင့် တိုက်တွန်း လိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် သဘာဝဘေးအန္တရာယ်နှင့်  ပတ်သက်လာလျှင် အချိန်နှင့်တစ်ပြေးညီ ကူညီ ကယ်ဆယ် စောင့်ရှောက်ပေးလျက်ရှိသည်။ ရန်ကုန်-မန္တလေးရထားလမ်းပိုင်း၊ သာစည်-ရွှေညောင်ရထား လမ်းပိုင်းတို့တွင် ရေကြီးရေကျော်နေသဖြင့် ရထားခရီးစဉ်များ ယာယီရပ်နားထားသည်။ ရထားလမ်းပိုင်း တွင် အခက်အခဲကြုံနေရသူများကိုလည်း မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရာများသို့ အဆင်ပြေ စွာ ပို့ဆောင်ပေးလျက်ရှိသည်။ မြန်မာနိုင်ငံသားအများစုသည် ယဉ်ကျေးသိမ်မွေ့ပြီး ဗြဟ္မစိုရ်တရားများ နှင့်အညီ နေထိုင်ကြသူများဖြစ်သည့်အတွက် လူတစ်ဦးဦးဒုက္ခရောက်နေလျှင် ကူညီပေးတတ်ကြသည်။ ယခုအခြေအနေတွင်လည်း ရေဘေးအန္တရာယ်ကြုံတွေ့နေရသူများကို လှေများ၊ စက်လှေများ၊ ကားသွား နိုင်သည့်နေရာများတွင် ကားများဖြင့် ကူညီကယ်ဆယ်ပေးလျက်ရှိသည်။

ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍  ပြည်သူသို့အသိပေးနှိုးဆော်ချက်ကို  နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြထားသည်။ မိမိအိမ်ပတ်ဝန်းကျင်ရှိ ဘေးအန္တရာယ်ဖြစ်နိုင်ခြေများနှင့် အိမ်၏ ကြံ့ခိုင်မှုကို စစ်ဆေးပါ။  မိသားစုများအရေးပေါ်ပြောင်းရွှေ့နိုင်ရန် နေရာ၊ လမ်းကြောင်းများနှင့်  မိသားစု ဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။ (ဥပမာ-အသက်ကယ်ကုန်းမြင့် ရေလွတ်နိုင်သည့်နေရာများ၊ အဆောက် အအုံများ)။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ မိန်းခလုတ်များကိုပိတ်ထားပါ။ သောက်သုံးရေသန့် သို့မဟုတ် ကျိုချက်ထားသောရေ  သို့မဟုတ် ရေသန့်ဆေးခတ်ထားသော ရေကိုသာ အမြဲသောက်သုံးပါ။ အဆိပ်ရှိသော တိရစ္ဆာန်များ  အိမ်ခြံအတွင်း၌ ရှိ၊ မရှိစစ်ဆေးပါ။ 

ဤသည်များမှာ ရေဘေးအတွက်ကြိုတင်ပြင်ဆင်ရန် အချက်များ ဖြစ်သည်။ ထို့ပြင် တိရစ္ဆာန်များကို မလိုအပ်ဘဲ ချည်နှောင်ထားခြင်းမပြုပါနှင့်။   ရေကြီးသောဒေသများတွင် မြစ်ချောင်းကမ်းပါးတိုက်စားပြီး   ပြိုကျတတ်သောကြောင့် မြစ်ချောင်းကမ်းပါးများအနီးသို့ မသွားပါနှင့်။ ရေစိုပျက်စီးနိုင်သော ပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။ မိမိပတ်ဝန်းကျင်ရှိ မြစ်ချောင်းများ၏ အန္တရာယ်ရှိနိုင်သော ရေကြီးမှုအမြင့်ပေများကို သိရှိမှတ်သားထားပါ။ သောက်သုံးရေများ ကြိုတင် စုဆောင်းထားပါ။ မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားထားရှိပါ။ ရေထဲတွင်ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ ဤသည်မှာ ရေကြီးခြင်း ဖြစ်ပေါ် နေချိန်တွင် ရှောင်ရှားသင့်သည့် အချက်များဖြစ်သည်။

မိသားစုဝင်များ ပျောက်ဆုံးကွဲကွာပါက သက်ဆိုင်ရာသို့အကြောင်းကြားပါ။ သက်ဆိုင်ရာအစိုးရမှ ထုတ်ပြန် ကြေညာထားသော မိုးလေဝသသတင်းများကို စဉ်ဆက်မပြတ်နားထောင်ပြီး အကြံပြုချက်များ ကိုလိုက်နာပါ။ အမှိုက်များအား စနစ်တကျရှင်းလင်းခြင်း၊ တိရစ္ဆာန်အသေကောင်များအား စနစ်တကျ မီးရှို့ခြင်း သို့မဟုတ် မြေမြှုပ်ခြင်းများပြုလုပ်ပါ။ အန္တရာယ်ရှိနိုင်သောဓာတ်ကြိုးများ၊ ဓာတ်တိုင် သစ်ပင် သစ်ကိုင်းများကို သတိပြုရှောင်ရှားပါ။ သက်ဆိုင်ရာသို့အကြောင်းကြားပြီး ကူညီရှင်းလင်းပါ။  အရေးပေါ် သုံးပစ္စည်းများနှင့် အရေးပေါ် အသက်ကယ်ပစ္စည်းများဖြစ်သည့် အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကျွတ် အစရှိသည်များကို ကြိုတင် ပြင်ဆင်ထားပါ။

သက်ဆိုင်ရာ အစိုးရဌာနမှ ထုတ်ပြန်ကြေညာသော မိုးလေဝသ သတင်းများကို စဉ်ဆက်မပြတ် နားထောင်ပြီး အကြံပြုချက်များကို လိုက်နာပါ။ အခြားသူများကိုလည်းမျှဝေပါ။  တောင်ပေါ်ဒေသများ၊ ချောင်းများ၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက်တွင် လျှပ်တစ်ပြက် ရေကြီးခြင်းများ ဖြစ်နိုင်ကြောင်း သတိပြုကြပါ။ အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက် စာတမ်းများကို မိမိနှင့်အတူထားရှိပါ။ ရေကြီးခြင်း၏ နောက်ဆက်တွဲအနေဖြင့် ဖြစ်ပေါ်နိုင်သော ဘေးအန္တရာယ်များနှင့်  ကူးစက်ရောဂါများကိုဂရုပြုပါ။ ကယ်ဆယ်ရေးနှင့် အရေးပေါ်ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင်ပါ။ ဤသည်မှာ ရေကြီးခြင်း သတိပေးချက်ရ လျှင် ဆောင်ရွက်ရန် အချက်များဖြစ်သည်။     

သဘာဝ ဘေးအန္တရာယ်ဆိုသည်မှာ အချိန်မရွေးပေါ်လာနိုင်သဖြင့် ပြည်သူများအနေဖြင့် ပေါ့ပါးပြီး ရေစိုခံကာ သယ်ယူရလွယ်ကူသောအိတ်တွင်ရေနှင့်ဓာတ်ဆားများ၊ ကြာရှည်ခံအစားအစာများ၊ ရှေးဦး သူနာပြုပစ္စည်းများနှင့်   သုံးစွဲနေသည့် ဆေးဝါးများ၊ အရေးပေါ်ခြုံစောင်၊ အဝတ်အစားများ၊ ရေစိုခံမိုးကာ၊ အကြမ်းခံသည့် ဖိနပ်၊ ဘက်ထရီအပြည့်ရှိသည့် ဖုန်းနှင့်ရေဒီယို၊ လက်နှိပ်ဓာတ်မီး၊ မီးအိမ်နှင့် ဓာတ်ခဲအပိုများ၊ ဘက်စုံသုံးအိတ်ဆောင်ဓား၊ ကြိုး၊ ဖယောင်းတိုင်၊ မီးခြစ်၊ အခြားသူများ အာရုံစိုက်မှု ရစေရန် လိုအပ်သည့် ဝီစီ၊ တစ်ကိုယ်ရေသုံး အသုံးအဆောင်များ(ဆပ်ပြာ၊ သွားတိုက်ဆေး)၊ ရေစိုခံအိတ်နှင့် ထည့်ထားသည့် အရေးကြီးစာရွက်စာတမ်း၊ ငွေသား၊ ကလေးများ၏ ကျောင်းသုံး ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

အဖျက်စိတ်ထားရှိသူ အချို့အနေဖြင့် မဟုတ်မမှန်သော သတင်းမှားကို ထုတ်လွှင့်တတ်သည်။ မည်သည့်ဆည်တွင် ရေဖောက်ချခြင်းမျိုး ပြုလုပ်မည်ဟူသော ကောလာဟလမျိုးဖြစ်သည်။  တချို့သော အဖျက်သမားများက ဆည်များ၊ ရေလှောင်တမံများ ဖောက်ချမှုကြောင့် ယခုကဲ့သို့ဖြစ်ရသည်ဟု မီးလောင်ရာလေပင့်   နိုင်ငံရေးမတည်ငြိမ်အောင်၊ အစိုးရအပေါ်  လူအများအထင်အမြင်လွဲမှားအောင်  ရည်ရွယ်ချက်ရှိရှိ  လူမှုကွန်ရက်မှ သတင်းမှားများ ထုတ်လွှင့်နေသည်ကိုတွေ့ရသည်မှာ စိတ်မချမ်းမြေ့ ဖွယ်ရာဖြစ်သည်။ ရေလှောင်တမံများသည် မြစ်ချောင်းနှင့်နီးတဲ့ ကျေးရွာ၊ လူနေရပ်ကွက်များကို ရေလွှမ်းမိုးမှုမှ သက်သာအောင်၊  ရေဂါလန်သန်းချီချက်ချင်း တစ်ဟုန်ထိုး  မဝင်ရောက်နိုင်အောင် တားဆီးပေးခြင်း၊ နွေရာသီနှင့်ဆောင်းရာသီတို့တွင် သီးထပ်စိုက်ပျိုးနိုင်စေရန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပြီး ပြည်သူလူထုအား ဖြန့်ဝေပေးနိုင်စေရန်၊ ရေကြီးရေလျှံခြင်းကို အတိုင်းအတာတစ်ခုအထိ လျော့နည်းသက်သာစေရန် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရအဆက်ဆက်က စေတနာဖြင့် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။ ဆည်တမံများတွင် ရေပိုလွှဲများရှိထားသည့်အတွက် သဘာဝ အလျောက် ရေကျော်ကျနေမည်သာဖြစ်သည်။ ယခုရေကြီးသည့် သဘာဝဘေးဒဏ်ဖြစ်လာခြင်းမှာ  မိုးရေချိန်မြင့်မားစွာ တစ်ခဏအတွင်း ရွာသွန်းခြင်း၊ ချောင်းမြောင်းများ အနည်ကျမှုကြောင့်  ကောလာခြင်း၊ လတ်တလောမိုးရွာသွန်းမှုများကြောင့် အောက်ရေတောင့်ခံနေခြင်း စသည့် အဓိက အချက်များကြောင့် ဖြစ်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် သက်ဆိုင်ရာအစိုးရဌာနမှ ထုတ်ပြန် ကြေညာခြင်းမဟုတ်သည့် ကောလာဟလသတင်းများကို လုံးဝ(လုံးဝ)မယုံကြည်ရန်နှင့် သတင်းမှန်များ ကိုလည်း မျှဝေ‌ပေးကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။

ဘုန်းမောင်ဝင်း(ဖျာပုံ)